Tuesday, May 6, 2008

မြန်မာတွေတာဝန်ကျေဖို့လိုပြီ


ကျနော်တို့မြန်မာနိုင်ငံ နွေခေါင်ခေါင်မှာ အင်အားအရမ်းပြင်းထန်တဲ့ မုန်တိုင်းကြီးရဲ့ ဒဏ်ကို ခံခဲ့ရပါတယ်။ သူများတွေကတော့ မုန်တိုင်းကြီးကြောင့် စိတ်ပျက်တာတွေ ဖြစ်ကောင်းဖြစ်ကျမှာပါ။ ကျနော်ကတော့ မုန်တိုင်းကြီးကြောင့် စိတ်မပျက်ပါဘူး။ လောကမှာ အဖျက်ဆိုတာ အချိန်မရွေးဝင်လာနိုင်တာပဲ။ ကျနော်တို့ စိတ်ပျက်တာ နအဖနဲ့ ဒီမိုတွေကိုပါ။ ဆောင်းပါးအစမှာ ဒေါသတွေနဲ့ စလိုက်ရတဲ့အတွက်တော့ အားနာပါတယ်။ ကျနော်တို့ မျိုးဆက်မှာ ဖြစ်ပျက်နေတဲ့ ချို့ယွင်းချက်ကို မထောက်ပြရင် မသင့်တော်ဘူး။ နောင်လာ နောက်သားတွေအတွက် ကျနော်တို့ တာဝန်ကျေတဲ့ မျိုးဆက်သစ်ပဲ ဖြစ်စေချင်ပါတယ်။ ပြုပြင်ဖို့ ထောက်ပြတဲ့သဘောပါ။ ကဲ.. ဒီတော့ ဘာတွေ အစာမကျေဖြစ်လဲ ပြောချင်ပါတယ်။


နအဖ နှင့် စစ်တပ်

ပထမဆုံးကတော့ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ နအဖကို ပြောချင်ပါတယ်။ အဲလိုပြောတော့ နအဖ ဘက်တော်သားတွေက ဘာပဲဖြစ်ဖြစ် နအဖပဲ အပြစ်ပြောရမလားလို့ မကျေမနပ် ဖြစ်ကောင်းဖြစ်ကျမှာပါ။ နအဖဟာ ဒီကိစ္စမှာ တာဝန်မယူရဲဘူးဆိုရင် အဲဒါ အစိုးရ မဖြစ်ထိုက်ဘူးဆိုတာ ပြသနေပါတယ်။ စီးပွားရေးစီမံခန့်ခွဲတာ ညံ့ဖျင်းတာ အခုထက်ထိ ရိုးသားစွာ လက်မခံသေးပါဘူး။ ရုံးတွေမှာလဲ အတွေ့အကြုံရှိဘာမှမရှိတဲ့ စစ်သားတွေကိုပဲ နေရာပေးထားတယ်။ အခုမုန်တိုင်းကိစ္စလည်း ဘာမှ ကြိုတင်ပြင်ဆင်တယ်လို့ မကြားမိဘူး။ မုန်တိုင်း ၀င်မှာလဲ ကြိုမသိဘူးဆိုသလို ဖြစ်နေပါတယ်။ အဲလိုဖြစ်ရတာ မိုးလေ၀သနဲ့ ကယ်ဆယ်ရေးဝန်ကြီးဌာနမှာ ဘာမှ နားမလည်တဲ့ စစ်သားတွေကို ထည့်ထားခြင်းရဲ့ ရလဒ်ဖြစ်နိုင်ပါတယ်။ စစ်သားတွေ နှိမ်ပြောတာ မဟုတ်ပါဘူး။ ဘုန်းကြီးတွေ နိုင်ငံရေးမလုပ်သင့်လို့ ယူဆသလို စစ်သားတွေ အရပ်ဖက်ဌာနတွေမှာ မလုပ်သင့်လို့ ယူဆပါတယ်။

အခုအချိန်မှာ နအဖ အနေနဲ့ နိုင်ငံရေးအခြေအနေအရ မိမိအမှားကို ၀န်ခံဖို့ခက်မယ်ဆိုတာ နားလည်ပါတယ်။ အခု မုန်တိုင်း ၀င်လာမှာကို ကြိုတင် သတင်းမထုတ်ပြန်နိုင်ခြင်းနဲ့ အပျက်အဆီးနည်းအောင် ပြင်ဆင်တာတွေ လုံးဝ မရှိခြင်းကြောင့် မြန်မာလူမျိုး 20,000 ကျော် သေဆုံးခဲ့ရပါတယ်။ ဒါကို နအဖ က သူ့မှာ တာဝန်မရှိပါဘူးလို့ ပြောနေတာ စစ်သားတွေ အနေနဲ့ လက်ခံသင့်လား?

ရန်ကုန်က ဓါတ်ပုံတွေ ကြည့်လိုက်ပါတယ်။ လမ်းတွေပေါ်မှာ စစ်သားတွေ မတွေ့ရဘူး၊ တွေ့ရသည့်နေရာများမှာလည်း ဟန်ပြလုပ်နေခြင်း (စစ်သားတွေ တကယ်လုပ်လျှင် စွပ်ကျယ်နှင့် အားပါးတရ လုပ်ပါသည်။ ဘုံန်းကြီးတွေနှင့် ယှဉ်ကြည့်ပါ။ ယခုအခါတွင် လက်ရှည်နှင့် မော်ဒယ်ဘွိုင်းလေးတွေအလား ဟန်ပြနေကျသည်ကို တွေ့ရပါသည်။ ၀ိုင်းဝန်း ဟန်ပြနေပါသည်) ထို့ကြောင့် ကျနော်တို့ တောသားနှစ်ယောက်သည် စစ်တပ်ကို အထင်သေးမိပါသည်။ အမှန်တကယ် တိုင်းပြည်ကို ချစ်တဲ့ စစ်သားတွေကို တောသားနှစ်ယောက်အနေနဲ့ ဘယ်လိုလုပ်သင့်လဲဆိုတာ အကြံပြုလိုပါသည်။

(၁) အစိုးရ၏ ကြိုတင်ပြင်ဆင်ချက်မရှိခဲ့ခြင်းအပေါ်မှာ အပြုသဘောဖြင့် ထောက်ပြပေးပါ။ အပြုသဘောဖြင့်ဝေဖန်ခြင်း ကြောင့် နောင်တွင် ဘယ်အလုပ်ကို မဆို စစ်တပ်အနေနဖြင့် ပိုမိုသတိထားလာမည် ဖြစ်ပါသည်။

(၂) စစ်တပ်အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများမှာ လုပ်ကိုင်ဖို့ နှေးကွေးနေခြင်းကိုလည်း ဝေဖန်ပေးပါ။ သို့မှသာ စစ်သားများအနေဖြင့် ပြည်သူတွေအပေါ်မှာ တာဝန်ကျေဖို့ လိုအပ်ကြောင်း သတိထားလာမှာဖြစ်ပါတယ်။

(၃) မိမိနှင့် ခင်မင်သော စစ်အရာရှိများကို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် လုပ်ဖို့ တိုက်တွန်းပါ။ ထိုသို့လုပ်ခြင်းသည် တိုင်းပြည် စည်းလုံးရေး အတွက်လည်း အထောက်အကူ ပြုမည်ဖြစ်ပါသည်။

(၄) မိမိ ဆွေမျိုး၊ ဇနီးများကို ဒုက္ခသည်များကို တတ်စွမ်းတရွေ့ကူညီရန် တိုက်တွန်းပါ။

(၅) မိမိကိုယ်တိုင်လည်း ငွေကြေးအရဖြစ်စေ၊ လူအင်အားအရဖြစ်စေ၊ မိမိ ရာထူးလုပ်ပိုင်ခွင့်ကို အသုံးပြုပြီးဖြစ်စေ တတ်စွမ်းတရွေ့ကူညီပါ။

(၆) ဧရာဝတီတိုင်းတွင် အဆိုးဆုံး ကပ်ဆိုက်သည့်နေရာဖြစ်ပါသည်။ ထို့ကြောင့် ထိုဒေသကို အထူးကူညီရန် တတ်နိုင်တရွေ့ ကြိုးစားပေးစေချင်ပါသည်။


ဒီမိုတွေ

ယခုအချိန်တွင် မြန်မာပြည်ကြီး ဒုက္ခရောက်နေချိန် ဖြစ်ပါသည်။ တောမီးလောင် . .တောကြောင် လက်ခမောင်းခတ် ဆိုတဲ့ အလုပ်မျိုး ဒီမိုသမားတွေ လုပ်နေသည်။ ကိုထိုက်နှင့် မလင်းလက်ကြယ်စင်တို့၏ ဘလောက်များတွင် အလှူခံနေခြင်းသည် အင်မတန်ရှက်ဖို့ ကောင်းပါသည်။ (ဒီမိုသမားများ ငွေကြေးလိမ်ညာသည်မှာ အမြဲလုပ်နေကျ အလုပ်ဖြစ်ပါသည်။)

ဘလော့လောကတွင်လည်း ယခင်ကတည်းက လိမ်ညာအလှူခံမှုများရှိခဲ့ပါသည်။ ဥပမာ မိုးမခသည် စက်တင်ဘာအရေးအခင်းတွင် ဒီမိုကရေစီတော်လှန်ရေးအတွက် လိမ်ညာ အလှူခံခဲ့ပါသည်။ ဒေါ်လာသောင်းနဲ့ချီပြီးရရှိသည်ဟု သိရပါသည်။ တကယ်တမ်း လက်တွေ့ကျကျ စဉ်းစားကြည့်ပါ။ ဒီငွေတွေကို ဘယ်လို ဒီမိုရရှိရေးအတွက်သုံးမှာလည်း? ဆန္ဒပြသူတွေကို အစားအသောက်တွေ ကျွေးမွေးဖို့လား? ဘုန်းကြီးတွေကို လှူဖို့လား? နအဖက အနေနဲ့ လူသိရှင်ကြားထောက်ပံ့ရင် လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ ထို့အတူပဲ လက်နက်ဝယ်ဖို့လား? ဒါလဲ မဖြစ်နိုင်ပါဘူး။ လက်တွေ့ကျကျ စဉ်းစားကြည့်ပါ။ မိုးမခ သူတို့အိပ်ထဲကိုသာ ထည့်မည်ဖြစ်သည်။ ( ကျနော်တို့ပြောကြားချက်မှားရင် ပြောပြပါ.. ကျေးဇူးတင်ပါမည် )

အခုလည်းပဲ ကိုထိုက်နဲ့ မလင်းလက်ကြယ်စင်တို့ဟာ သူတို့ ဘလောက် နာမည်ကြီးလာတာကို အခွင့်အရေးယူပြီး အလှူငွေတွေကို လိမ်ညာ အိပ်ထဲထည့်ဖို့ လုပ်နေပါတယ်။ လက်တွေ့ကျကျ စဉ်းစားကြည့်ပါ။ သူတို့ နိုင်ငံရေးအဖွဲ့အစည်းတွေက ဘယ်လိုလုပ်ပြီး မြန်မာပြည်ထဲမှာ ဒုက္ခသည်တွေကို ထောက်ပံ့ခွင့်ရမှာလဲ? မြန်မာပြည်တွင်းမှာ ရတဲ့ အလှူငွေတွေနဲ့ လှုပ်ရှားနိုင်သလား? ဒုက္ခသည်တွေကို ပေးမှာပါလို့ ပြောတဲ့စကားနဲ့တော့ မယုံပါနဲ့။ လက်တွေ့ကျကျ တွေးကြည့်ပါ။ စဉ်းစားကြည့်ပေါ့ဗျာ .. ပြည်ပရောက်မျိုးချစ်မြန်မာများအဖွဲ့မှ ဆန်များကို ဝေငှနေပါသည်ဆိုလို့ ဖြစ်ပါ့မလား? ရန်ပုံငွေစာရင်းပြတာ အထင်မကြီးပါနဲ့။ ရငွေတစ်ခုတည်းနဲ့ ရိုးသားကြောင်း မဆုံးဖြတ်နိုင်ပါ။ တကယ်လို့ ဒီမိုသမားတွေပြည်သူတွေကို အမှန်တကယ်ကူညီချင်တယ်ဆိုရင်


(၁) နိုင်ငံတကာအစိုးရတွေကို မြန်မာပြည်သူတွေ ကူညီဖို့ မေတ္တာရပ်ခံပါ။ နိုင်ငံတကာ အလှူငွေများမှာ အင်မတန်ကို နည်းလွန်းလှပါသည်။ ယခုအထိ ဒီမိုများ မေတ္တာရပ်ခံချက် မကြားရသေးပါ။ ဒီမိုများသည် အသေအပျောက်စာရင်းကို လိုက်စစ်ဖို့ထက် နိုင်ငံတကာ အကူအညီရဖို့အတွက် လုပ်သင့်ပါသည်။ သေပြီးသူထက် ရှင်နေသူတွေက ပိုအရေးကြီးပါသည်။

(၂) စိတ်ဓါတ်မြှင့်တင်စေမယ့် သတင်းတွေကို ဖြန့်ချိပါ။ နိုင်ငံရေးအကျိုးအမြတ်ကို အဓိက မထားပါနဲ့ လူတွေကို စိတ်ဓါတ်ကျအောင် မလုပ်ပါနဲ့။

(၃) NGO တွေဆီကို အကူအညီပေးရန် တောင်းပန်လွှာကို ရေးသားပေးကြပါ။ ထိုသို့လုပ်ခြင်းဖြင့် NGO များသည် ကူညီဖို့ စိတ်ဝင်စားလာနိုင်ပါသည်။

(၄) ပြည်သူတွေအချင်းချင်း ရှိုင်းပင်းကူညီအောင် တိုက်တွန်းပါ။

(၅) မုန်တိုင်းကြောင့်ဖြစ်ပေါ်လာတဲ့ ကျန်းမာရေး၊ လူမှုရေးပြဿနာများကို ဘယ်လိုဖြေရှင်းရမလဲ အကြံပြုပါ။

(၆) မိမိတို့ဝါဒတူတွေ လိမ်လည်အလှူခံခြင်းကို တားမြစ်ပေးပါ။ အင်မတန်ရွံဖို့ကောင်းသော အလုပ်ဖြစ်ပါသည်။


ဘယ်လိုကူညီသင့်လဲ?

နိုင်ငံခြားအကူအညီတွေ ရပြီဆိုပြီး သတိလက်လွတ်မနေပါနဲ့။ တကယ်တမ်းကျတော့ သူတို့ပေးတဲ့ ဒေါ်လာ ၃ သန်းကို အဆင့်ဆင့်က မိမိအိပ်ထဲထည့်တာတွေ၊ အလေအလွင့်တွေကြောင့် ဒုက္ခသည်တွေက တူတူတန်တန် ရမယ်မထင်ပါဘူး။ နအဖ ဘက်ကလဲ အလွဲသုံးစားလုပ်တာတွေရှိပါမည်။ ကူညီတဲ့ အစိုးရဘက်မှ ၀န်ထမ်းများကလည်း လုပ်တတ်ပါသည်။ Red Cross ကလည်း အားကိုးလို့မရပါဘူး။ ဒီမှဖတ်ကြည့်ပါ။ Red Cross ဟာ ဆူနာမိမှာ သူတို့က အလှူငွေအများဆုံးရရှိတဲ့ NGO ပါ။ ဒါပေမယ့် ဟန်ပြနည်းနည်းလေးပဲ လုပ်ပါတယ်။ ဒီမိုမီဒီယာတွေ အားကိုးနဲ့ များများလုပ်သယောင် ၀ါဒဖြန့်ခဲ့ပါတယ်။ အလှူငွေ အများစုကို သူတို့ အိပ်ထဲထည့်ပါတယ်။

ဒါကြောင့် မိမိတိုင်းပြည်အတွက် မိမိတို့တတ်နိုင်တရွေ့ကူညီမှ ဖြစ်ပါမယ်။ နောက်ပြီး လှူတယ်ကွာဆိုပြီး တွေ့ရာအဖွဲ့အစည်းကိုလည်း လှူလို့မရပါဘူး။ အပေါ်မှာ ရေးသားခဲ့သလို ဒီမိုတွေကလဲ သူတို့အိပ်ထဲထည့်ဖို့ လိမ်ညာတော ဖြစ်ပါတယ်။ ဒါကြောင့် မိမိလှူသည့်ပိုက်ဆံ အမှန်တကယ် အကျိုးရှိအောင် နည်းနည်းလေး ပင်ပန်းခံလုပ်မှ ဖြစ်မည်ထင်ပါသည်။

အကောင်းဆုံးနည်းလမ်းမှာ မြန်မာနိုင်ငံမှာ ရှိနေသည့် ဆွှေမျိုး (၀ါ) မိတ်ဆွေ တစ်ဦးဦး ထံငွေပို့ပြီး ဒုက္ခသည်များလက်ထဲသို့ထည့်ခိုင်းပါ။ သို့မဟုတ် ပစ္စည်းဝယ်ပြီး ဝေခိုင်းပါ။ သို့မဟုတ် အစားအသောက်များကို လှူဒါန်းပါ။ လွယ်လွယ်ကူကူ ပြီးချင်တယ်ဆိုရင် ဒုက္ခသည်ယာယီစခန်းအဖြစ်လုပ်ထားသော ဘုန်းကြီးကျောင်းတွေကို လှူဒါန်းနိုင်ပါသည်။ ထိုသို့လုပ်ချင်းသည် အမှန်တကယ် လိုအပ်သော သူများလက်ထဲသို့ ရောက်ရှိမည်ဖြစ်သည်။ မိမိသူငယ်ချင်းနှင့် စုပေါင်းပြီးလှူ နိုင်ပါသည်။ မျက်လုံးထဲ မြင်ကြည့်ပါ။ သိပ်ကို ပီတိဖြစ်ဖို့ကောင်းပါသည်။

အရေးကြီးဆုံးမှာ ရန်ကုန်မြို့ကို မလှူပါနှင့်။ ဧရာဝတီတိုင်းအတွင်းရှိ မြို့/ရွာတွေကို လှူပါ။ ထိုဒေသများသည် အပျက်အဆီးပိုများပေမယ့် အစိုးရမှ ဂရုစိုက်မည် မဟုတ်ပါ။ ထိုဒေသအထိ သွားလာဖို့ ခက်ခဲနေပါက ဧရာဝတီတိုင်းနှင့် နီးသမျှ နီးအောင် သွားပြီး လှူပါ။ အနည်းဆုံး သံလျင်မြို့ကိုသွားလှူပါ။ တကယ်လို့ ဒေသခံမရှိလို့ လှူဖို့ အခက်အခဲရှိရင် ဘုန်းကြီးကျောင်းကို လှူလိုက်ပါ။

အခုဘုန်းကြီးတွေ မုန်တိုင်း ကိစ္စမှာ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ခြင်းကို အင်မတန် အားရကျေနပ်ဖြစ်မိပါတယ်။ မြန်မာပြည်သူ တစ်ယောက်အနေနဲ့လည်း ဘုံန်းကြီးတွေကို လေးစားကြည်ညိုစိတ်ဖြစ်မိပါတယ်။

ကဲပါ.. မြန်မာလူမျိုးတွေ.. နအဖနဲ့ ဒီမိုတွေကို လိုအပ်သလို ဝေဖန်ပါ.. ဒါပေမယ့် သူများကို ဝေဖန်ပြီး ကိုယ်တိုင်က ဘာမှ မလုပ်ဘူးဆိုရင် အဲဒီလူဟာ အလကားလူပဲဗျ။ ဘုန်းကြီးတွေကတော့ သူတို့ တာဝန်ကျေတယ်။ ဒါကြောင့် ကျနော်တို့က ပြည်သူ့တာဝန်ကျေပွန်အောင် သူငယ်ချင်းတွေ စုပြီး တစ်ခုခု လှူဒါန်းဖို့လုပ်ကြပါ။ လုပ်ဖြစ်ခဲ့တာရှိရင်လည်း လူတွေကို အတုယူနိုင်အောင် ဘလော့ဆီပုံးတွေမှာ ကြေငြာပါ။ အတုမြင် အတတ်သင်ဆိုသလို တခြားလူတွေလဲ လိုက်လုပ်လာပါလိမ့်မယ်။ ဒါဆိုရင် အားလုံးအဆင်ပြေမှာပါ။


မြန်မာပြည်ကိုသိပ်ချစ်တဲ့
တောသားနှစ်ယောက်


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

2 comments:

Unknown said...

well said, mates.
this article is acceptable one.
hope to see more reasonable articles in your blogs.
go on, mates.

kay kay said...

Yea..i agreed "saw"...nice one Ko Z Myo..cheers mates