Wednesday, October 31, 2007

Thomas Jefferson ဆေးရုံမှ တရားပြသင်တန်း



ဒီတခါတင်ပြမယ့်အကြောင်းကတော့ အမေရိကန်မှ Thomas Jefferson ဆေးရုံရဲ့ ၀ိပဿနာသင်တန်း ကြော်ငြာလေးပါ။ သင်တန်းကာလကတော့ ၂ လကြာမြင့်ပါတယ်။ အကြေးငွေအဖြစ် $495 ယူပါတယ်။ တရားစခန်းဝင်တဲ့ပုံစံမျိုးနဲ့ သင်ပေးတာမဟုတ်ပဲ တပတ်နှစ်ကြိမ် တရားထိုင်နည်းကို သင်ပြသပေးတာဖြစ်ပါတယ်။

ဝိပဿနာဝေါဟာရ

ဆီပုံးမှာ Mindfulness ဟာ သမထကို ရည်ညွှန်းတယ်ဆိုပြီး ပြောတဲ့ သူတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူက ၀ိပဿနာဟာ နိဗာန် အတွက်ပဲ ဖြစ်လို့ အနောက်နိုင်ငံသားတွေ လုပ်တာ သမထပဲ ဖြစ်နိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒီမှာ မြန်မာတွေ မှားယွင်းနေတဲ့အချက် ကိုကျနော် ပြောချင်ပါတယ်။ တရားတော်ဟာ မျက်မှောက်ဘ၀မှာလည်း အကျိုးပြုတယ်ဆိုတာ မြတ်စွာဘုရားကိုယ်တိုင် ဟောကြားခဲ့ပါတယ်။ ဒါ့ကြောင့် ၀ိပဿနာကို ကျနော်တို့ ဗုဒ္ဓဘာသာတွေဟာ နိဗာန် ရည်မျှော်ပြီးလုပ်တာ မှန်ပေမယ့်၊ လက်ရှိဘ၀ မှာလည်း အကျိုးထူးတွေ ရရှိမှာ ဖြစ်ပါတယ်။

ဝိပဿနာကို Vipassana Meditation , Insight Meditation နဲ့ Mindfulness Meditation စသဖြင့်အမျိုးမျိုးခေါ်ဝေါ်ကျပါတယ်။ ဘာသာရေးနဲ့ တတ်နိုင်သမျှ ကင်းရှင်းအောင် လုပ်ရမယ်ဆိုတဲ့မူနဲ့ အညီ ဆေးရုံတွေနဲ့ တက္ကသိုလ်တွေမှာ အများဆုံးအသုံးပြုတဲ့ အသုံးအနှုံးကတော့ Mindfulness Meditation ပါ။ တချို့ သင်တန်းတွေမှာဆိုရင် ၀ိပဿနာကို Religion နဲ့ မဆိုင်ဘူးလို့တောင် အတိအလင်းရေးထားပါတယ်။

မကျေနပ်ပေမယ့်လဲ . . .

ကြော်ငြာကို အောက်မှာ ကူးပြထားပါတယ်။ ဖတ်ကြည့်ရင် အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပထမပိုင်းမှာတော့ ၀ိပဿနာဟာ ယုံကြည်မှု သက်သက်မဟုတ်ပဲ စမ်းသပ်သုတေသနတွေ အမျိုးမျိုးနဲ့ အထောက်အထားခိုင်ခိုင်မာမာ ရှိကြောင်း ရှင်းပြထားပါတယ်။ ဇယားကွက်လေးလဲ ပူးတွဲယှဉ်ပြထားပါတယ်။

သူတို့ဖိတ်ခေါ်ထားတဲ့ ဝေဒါနာရှင် အမျိုးအစားတွေဖတ်ကြည့်ပါ

(၁) နာကျင်ကိုက်ခဲ ဝေဒနာခံစားနေရသူများ
(၂) ကင်ဆာဝေဒနာရှင်များ
(၃) စိတ်ပင်ပန်းနေသူများ (Stress)
(၄) နှလုံးရောဂါဝေဒနာရှင်
(၅) စိုးရိမ်စိတ်ကြီးသူများနှင့် ထိတ်လန့်ချောက်ချားနေကျသူများ (Anxiety and Panic)
(၆) အစားအသောက်မစားချင်ဖြစ်နေသော ဝေဒနာရှင်များ (GI Distress)
(၇) လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေသူများ (Fatigue)
(၈) ကောင်းကောင်းအိပ်စက်လို့ မရသောဝေဒနာရှင်များ (Insomnia)
(၉) စိတ်ကျရောဂါ (သို့မဟုတ်) စိတ်ညစ်နေသူများ (Depression)
(၁၀) အခြား နာတာရှည်ရောဂါဝေဒနာရှင်များ ဆိုပြီး ၉၆ပါး ဝေဒနာရှင် အားလုံးနည်းပါး ဖိတ်ခေါ်ထားပါတယ်။

ဒါကိုကြည့်ရင် ကျနော်တို့ ဗုဒ္ဓရဲ့ တရားတော်ဟာ လူသားတွေကို ဘာသာမရွေး လူမျိုးမရွေး အကျိုးပြုတယ်ဆိုတဲ့သဘောပါ။ ဗုဒ္ဓဘာသာဖြစ်ရတာ အရမ်းဂုဏ်ယူထိုက်တဲ့ အချက်လို့ ယူဆပါတယ်။

သင်တန်းပြီးဆုံးသွားသူတွေရဲ့ မှတ်ချက်လေးတွေကလဲ အရမ်းကြည်နူးဖို့ကောင်းပါတယ်။

“၀ိပဿနာသင်တန်းကြောင့် ကျနော်ဟာ အခုလူဘ၀ကြီးကို အမြင်သစ် အတွေးသစ် ခံစားချက်အသစ်တွေနဲ့ နေထိုင်နိုင်နေပါပြီ”

“ကျနော်ကတော့ လောကဒဏ်တရားကို ခံနိုင်တဲ့ စွမ်းရည်တွေနဲ့ ဥာဏ်အစွမ်းအစ တွေရရှိလာပါတယ်”


“ခံစားနေရတဲ့ ဝေဒနာတွေကို အဆိုးမြင်စိတ်တွေ နည်းပါးသွားပြီး သည်းခံနိုင်စွမ်း လည်းရှိလာပြီမို့ အခုဆိုရင် အချိန်ပြည့် အလုပ်လုပ်နိုင်နေပါပြီ”

“ ဒီသင်တန်းကနေ ဘ၀တာ တစ်ခုလုံး ပျော်ရွှင်ချမ်းမြေ့စေမည့် နေထိုင်သည့် နည်းလမ်းကောင်းကို ရရှိသွားပါတယ်”

အထက်က အကြောင်းအရာတွေကို ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က မြတ်ဗုဒ္ဓရဲ့ တရားဆေးဟာ အံ့မခန်း အစွမ်းထက်တယ်ဆိုတာ ငြင်းလို့ မရတဲ့အချက်ပါ။ ဒါပေမယ့်လည်း ကြော်ငြာထဲမှာတော့ ပါမောက္ခ Jon Kabat-Zinn ကိုပဲ Credit ပေးထားပါတယ်။ ဗုဒ္ဓအမည်တော့ မတွေ့ရပါ။ ဗုဒ္ဓအမည်မသုံးတာ မရိုးသားဘူးလို့ ကျနော် မမြင်ပါ။ ဘာသာရေးလို့ ထင်မြင် မယူဆစေချင်တဲ့ သဘောထားလို့ ထင်ပါတယ်။ မူရင်းတွေ့ရှိသူရဲ့ အမည်ကို မသုံးတဲ့အတွက် မှန်ကန်တဲ့ လုပ်ဆောင်ချက်လို့ မမြင်ပါ။ ဒါပေမယ့် တရားတော်ရဲ့ အကျိုးကို လူသားတွေ ပိုမို ခံစားနိုင်အောင် လုပ်ပေးတဲ့ သင်တန်း တစ်ခုမို့ ကျေနပ်မိပါတယ်။


မူရင်းကို အင်္ဂလိုဖတ်နိုင်ပါတယ်

Saturday, October 27, 2007

ဒီလိုဝေဖန်လိုက်ပါတယ် (၁)

ဒီမိုကရေစီသမားတွေ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှု ကျနော်တို့ စောင့်ကြည့်နေပါတယ်။ တချို့တလေကတော့ လက်တွေ့ကျကျ တွေးခေါ်သင့်တယ်ဆိုတာ လက်ခံလာတဲ့ အရိပ်အယောင် ပြလာပါတယ်။ ဒါပေမယ့် အများစုကတော့ အမှောင်ထဲမှာ လမ်းပျောက်နေတုံး ဆိုတာ မြင်နိုင်ပါတယ်။ အဲဒီလူတွေဟာ အချိန်ပြည့် နအဖကို အပြစ်တင်တယ်၊ သတင်းတွေကို ချဲ့ကားပြောတယ်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တယ်။ ရှေးအစဉ်လာအပျက် ဆက်လက် လုပ်နေကျပါတယ်။ နအဖကို လုံးဝ မဝေဖန်နဲ့လို့ ဆိုလိုတာ မဟုတ်ပါ။ အရေးကြီးတဲ့ ဆန္ဒပြပွဲမှာ ဘာတွေ လွဲမှားနေလဲဆိုတာကို ဝေဖန် စမ်းစစ်တာမျိုး မလုပ်ကျသေးပါဘူး။ လုပ်လဲ လုပ်ရဲဟန်မတူပါ။ နအဖလူလို့ စွပ်စွဲ ဆဲဆိုပြီး ဘလော့ကို သပိတ်မှောက်မယ့်အရေးကို ကြောက်ရသေးတယ် မဟုတ်လားဗျာ။ ကျနော်တို့ နှစ်ယောက်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါ။ ဒါကြောင့် ဒီမိုကရေစီမသမားတွေရဲ့ စိတ်ဓါတ်ကို ခေါင်းစဉ်လေးတွေ ခွဲပြီး အပိုင်းလေးတွေနဲ့ တင်ပြသွားပါမယ်။

သင်ခန်းစာ မယူတတ်သောသူများ
မဆလ ပြုတ်ကျခဲ့ရတဲ့ အဓိက အကြောင်းအရင်း ကတော့ သူတို့ လုပ်ရပ်ကို ဝေဖန်စမ်းစစ်ခြင်း မလုပ်ခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့်လဲ တိုင်းပြည်ဟာ အဆင်းရဲဆုံး နိုင်ငံအဖြစ်ရောက်ရှိသွားခဲ့ပါတယ်။ မိဘတွေ ပြောပြချက်အရ ဦးရှုမောင်ကြီး တစက်မှ အသုံးမကျတာတောင် လူတွေက နားလည်ခွင့်လွှတ်ခဲ့ကျတယ် ဆိုပဲ။ သူရာထူးကနေ ဆင်းမယ်လုပ်တော့ မျက်ရည်ကျခဲ့တဲ့သူက မနည်းလှဘူးတဲ့။ အဲလောက် သည်းခံစိတ်ရှိတဲ့ ပြည်သူတွေဟာ ဦးနေ၀င်းကို မြောင်းထဲပို့ခဲ့တာ လူတိုင်းသိပါတယ်။ ခွေးတိရိစ္ဆာန်တွေနဲ့ ခိုင်းနှိုင်းတာတွေကိုလဲ ခံခဲ့ရပါတယ်။

နောက်ဘယ်သူတွေ မြောင်းထဲ အပို့ခံရ မလဲ? ဒီမိုကရေစီသမားတွေက နအဖ လို့ပြောကျမှာပါ။ ကျနော်ကတော့ ဒီမိုကရေစီသမားတွေလဲ ဖြစ်နိုင်တယ်လို့ ပြောချင်ပါတယ်။ အခုလိုပြောလို့ စိတ်ဆိုးလည်း မတတ်နိုင်ဘူးဗျ။ ပြောသင့်တာတော့ ပြောရမှာပဲ။ နအဖကို တော်လှန်လာတာ ၁၉ နှစ်ရှိပြီ။ ပြည်သူတွေ ပင်ပန်းလာကျပြီ။ ဒီတော့ နအဖ ပြုတ်ကျအောင်လုပ်ဖို့ ရှေးရိုးအစဉ်အလာအတိုင်း ဆက်လုပ်သွားရင်တော့ ပြည်သူတွေရဲ့ သဘောထား ဆန့်ကျင်ဘက်ကို ရောက်သွားနိုင်တယ်ဆိုတာ သတိထားပါ။ ထို့အတူပဲ နအဖအနေနဲ့ နည်းဟောင်းတွေကို ဘယ်လိုကိုင်တွယ်ရမလဲ သိနေပါပြီ။ ဒါကြောင့် နည်းသစ်တွေ လိုနေပါပြီ။ နည်းသစ်တွေ စဉ်းစားဖို့က လက်ရှိ နည်းလမ်းတွေထဲက ကောင်းတွေကို ချန်ထားပြီး မကောင်းတာတွေကို ထုတ်ပြစ်ဖို့လိုပါတယ်။ ဒီတော့ ဘယ်အပြုအမူတွေကို ပြင်သင့်လဲသိဖို့ စမ်းစစ်ကြည့်ကျပါစို့။

ဦးစားပေးသင့်တာဘာလဲ မသိကျချင်း
ဒီမိုကရေစီသမားတွေဟာ ဘယ်အလုပ်က အရေးကြီးလဲဆိုတာ သိရှိပုံ မပေါ်ဘူးဗျ။ အလုပ်ကို မလုပ်တတ်သူတွေလို့ မြင်ပါတယ်။ ဆန္ဒပြပွဲမှာ သံဃာတွေ ပါလာတော့ သူတို့နိုင်မယ်ထင်ပြီး ဦးသန်းရွှေကို တရားစွဲဖို့ စဉ်းစားတဲ့သူက စဉ်းစား။ ဒေါ်ကြိုင်ကြိုင် ဈေးဝယ်ထွက်တာကိုလည်း အားလုံးတပြေးညီ စိတ်ပါဝင်စား စုံစမ်းကျတယ်ဗျာ။ နအဖ ဘာမှ မလုပ်သေးတာကိုပဲ သူတို့က အောင်ပွဲခံနေကျတယ်ဗျ။ တကယ်ဆိုရင် ဆန္ဒပြပွဲမှာ အရှိန်မကျအောင် ဘယ်လိုလုပ်သင့်လဲ စဉ်းစားသင့်ပါတယ်။ နအဖ ဘာတွေ ကြံစည်နေလဲ စဉ်းစားသင့်ပါတယ်။ ဘုန်းကြီးတွေ အပစ်မခံရအောင် ဘယ်လို အကြံပေးရမလဲ စဉ်းစားသင့်ပါတယ်။ အစ်ကိုမောင်ဆန်နဲ့ ကျနော် တိုင်ပင်ပြီး လူထု အင်အားကျမသွားအောင် ထိပ်တိုက် မရင်ဆိုင်ဖို့ ၊ ရဲတွေနဲ့တွေ့ရင် လူစုခွဲဖို့နဲ့ အိမ်တွေထဲကနေ သံပုံးတီးပြီး ဆန္ဒပြဖို့ ဆီပုံးတွေ အများကြီးထဲမှာ ရေးခဲ့ပါတယ်။ အဲဒါ စစ်အုပ်ချုပ်ရေးစထုတ် တဲ့နေက ဖြစ်ပါတယ်။ သိတဲ့အတိုင်း နအဖလူလို့ သတ်မှတ်ပြီး ကျနော်တို့ ရေးထားတာကို စဉ်းစားဖို့ တချက်လေးမှ ဂရုမစိုက်ကျပါဘူး။ ဒါဟာ အကြောင်းအရာပေါ်မှာ တည်တည်တံ့တံ့ တွေးခေါ် မပြောရဲကျဘူး ဆိုတဲ့ သဘောပါ။ သူတို့ ဦစားပေးတာက လုပ်သင့်တာ လုပ်ဖို့ထက်၊ စိတ်ထဲပေါ်ရာကိုပဲ လုပ်ချင်ကျတာ မဟုတ်လား?

ဒုတိယ တင်ပြချင်တာကတော့ ဒီမိုကရေစီသမားတွေဟာ နအဖ သတင်းစာတွေပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ကိစ္စအပြင်းအထန်ကန့်ကွက်ခဲ့ကျပါတယ်။ နအဖလုပ်ရပ်ဟာ မမှန်ကန်ဘူးဆိုတဲ့ သဘောပါ။ ဒါပေမယ့် အဲလိုအပြစ်တင်ခဲ့တဲ့ ဒီမိုကရေစီသမားတွေ အခုဘာလုပ်နေလဲ? နအဖ ခေါင်းဆောင်တွေကို ဆဲပါတယ်။ သန်းရွှေ၊ မောင်အေး ခေါ်ပြီး ခွေးတွေနဲ့ နှိုင်းပါတယ်။ ဘာအတွက် အခုလိုလုပ်နေတာလဲ? ဘာအကျိုးထူးမှာမို့လဲ ? (နိုင်ငံခြား ဘဏ်တွေမှာ ခေါင်းဆောင်ပိုင်းတွေ အကောင့်ဖွင့်ခွင့် ပိတ်ပင်တာကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုလို့ မမြင်ပါ ။ အားပေးပါတယ်) နောက်တစ်ချက် သတိထားဖို့က ကျနော်အပါဝင် ပြည်သူတွေ အားလုံးဟာ မြန်မာလူမျိုးတွေပါ။ အသက်ကြီးသူကို ခွေးနဲ့နှိုင်းတယ်ဆိုတာ မြန်မာအစဉ်အလာနဲ့ ဆန့်ကျင်နေပါတယ်။ နအဖ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပိုတက်သွားတာ သတိထားမိကျမှာပါ။ ဒီတော့ ကျနော် အပါဝင် တခြား မြန်မာ့လူမျိုးတွေဟာ ဒီမိုကရေစီသမားတွေကို အပေတေတွေလို့ မြင်လာရင် အန္တရယ်ကြီးလာနိုင်တယ်ဆိုတာ သတိထားကြပါခင်ဗျာ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး.. ရန်ရှာတဲ့ကိစ္စလည်း မေ့ထားလို့မရပါဘူး

လူတကာကို ရန်ရှာချင်း
ဒီမိုကရေစီလှုပ်ရှားသူတွေ ဆန့်ကျင်နေတာ နအဖခေါင်းဆောင် ဦးသန်းရွှေက အစ အောက်ဆုံး စစ်သားအထိပါ။ ဒီထဲမှာ ၀န်ထမ်းတွေ၊ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေလည်း ပါနေပါတယ်။ စစ်သား အင်အား ၄ သိန်း ကို သူ့တို့ မိသားစုနဲ့ မိဘတွေပါထည့်တွက်ရင် စစ်တပ်အဆက်အသွယ် တစ်သန်းခွဲအင်အားရှိပါတယ်။ ကြံဖွတ်နဲ့ စွမ်းအားရှင်တွေ ၊ ရ၀တ အဆက်အသွယ်ပါ ထည့်တွက်ရင် စုစုပေါင်း ၄ သန်းကျော် ၅ သန်းအထိ ရှိမှာပါ။ ဒီလူတွေဟာ နည်းတဲ့ ဦးရေ မဟုတ်ပါဘူး။ တနည်းပြောရရင် မြန်မာလူမျိုး ၅ သန်းကို ဒီမိုကရေစီအဖွဲ့တွေက ဆန့်ကျင်နေတာပါ။ ဒီမိုကရေစီသမားတွေဟာ ပါးစပ်ကတော့ စစ်တပ်ကို ဆန့်ကျင်တာ မဟုတ်ပါဘူးလို့ ပြောကျပါတယ်။ လက်တွေ့မှာတော့ အဲလိုမမြင်ရပါဘူး။ သူတို့ဟာ နအဖ၀န်ထမ်းတွေကိုလဲ ရန်သူတဖွယ် မှတ်ယူတယ်လို့ ကျနော် ရိုးသားစွာ မြင်ပါတယ်။ ဥပမာ သံရုံးဝန်ထမ်းတွေဟာ သူတို့ ဘ၀ရပ်တည်ရေးအတွက် နအဖထံမှာ အလုပ်လုပ်နေကျတာပါ။ ဒါပေမယ့် ဒီမိုကရေစီ သမားတွေက နအဖလူလို့ပဲ ပလိမ်းကြီး သတ်မှတ်ပါတယ်။ အစ်ကို / အစ်မတို့ သာ အစိုးရ ၀န်ထမ်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ? အလုပ်ထွက် ထမင်းအငတ်ခံပြီး ဒီမိုကရေစီဘက်ကို ပြောင်းလာမလား? ဒါမှမဟုတ် စိတ်ထဲကနေ ချဉ်သွားပြီး ဒီမိုကရေစီတော်လှန်ရေးကို ဆန့်ကျင်တဲ့ အမြင်တွေ ၀င်မလာနိုင်ဘူးလား? (သူတို့နေရာကနေ နေပြီး စဉ်းစားကြည့်ပါ) သေချာတာကတော့ ဘယ်သူမှ မိမိဝမ်းရေးထက် ဘာကိုမှ ဂရုစိုက်မှာ မဟုတ်ပါ။ အခုနောက်ဆုံး မိန်းမ အတွင်းခံ ဘောင်းဘီတွေ လက်ခံရရှိတဲ့ ၀န်ထမ်းမိသားစုက ဘယ်လိုခံစားရမလဲ? သတိထားဖို့ တင်ပြတဲ့သဘောပါ။

ကျနော့် အမြင် စစ်ခေါင်းဆောင်တွေကို ရန်သူသဖွယ် မဆက်ဆံစေချင်ဘူး။ တကယ်တမ်း နအဖ အပြစ်ဟာ စီးပွားရေး နဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းချင်းက အဓိကပါ။ သူတို့ဟာ ဗုဒ္ဓဘာသာ မြန်မာတွေ ဖြစ်တဲ့အတွက် သတင်းတွေထဲမှာ ပြောသလောက် မရက်စက်ကျပါဘူး။ (ပြောသလောက် မရက်ဆက်ဘူး ဆိုတာနဲ့ မင်းကျင့်တရား ဆယ်ပါးနဲ့ အညီ အုပ်ချုပ်တယ်ဆိုပြီး တလွဲမယူဆပါနဲ့) အမေရိကန် အစိုးရနဲ့ ယှဉ်ကြည့်ရင် နအဖ အများကြီး တော်ပါသေးတယ်။ ဒါဟာ အမှန်တရားပါ။ မခံချင်လို့ မဖြစ်ပါဘူး။

အယ်ဂျာဇီရာ သတင်းထဲမှာ ပြောသွားတဲ့ စကားလေးကို မှတ်မိနေပါတယ်။ ဗိုလ်ချုပ်တွေက ပြည်သူတွေကို ကြောက်နေတယ်။ ပြည်သူတွေကလည်း ဗိုလ်ချုပ်တွေကို ကြောက်နေတယ်တဲ့။ အဲဒီစကား မှန်တယ် ထင်ပါတယ်။ ဗိုလ်ချုပ်တွေ ပြည်သူတွေကို ဘာကြောင့် ကြောက်နေတယ်ထင်လဲ? ဗိုလ်ချုပ်တွေကို တရားစွဲမယ်၊ စစ်ခုံရုံးတင်မယ်၊ အိမ်ခြံတွေကို သိမ်းမယ် ဆိုတာမျိုး ချိမ်းခြောက် တာတွေ ရှိနေပါတယ်။ ဦးသန်းရွှေ အခုအသက် အရွယ်အထိ အဏာ ယူထားတာဟာ သူမိသားစု ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ရန်ငြိုးတွေ သင်ပုံးချေပေးမယ်လို့ ပြောရင် အနည်းနဲ့ အများဆိုသလို အဏာလွှဲဖို့ စိတ်ဝင်စားမှာပါ။ ဒါကြောင့် မြန်မာ့ဒီမိုကရေစီတော်လှန်ရေးကို အရှေ့အလယ်ပိုင်း နဲ့ ဥရောပလို လုပ်ယူလို့ရမှာ မဟုတ်ပါ။ လူမျိုးဓလေ့ လူမျိုးယဉ်ကျေးမှုကို စဉ်းစားဖို့လိုပါတယ်။

ဆောင်းပါး (၁) ကိုအဆုံးမသတ်မီ
ကျနော်အထက်က တင်ပြတာတွေဟာ ဒီမိုကရေစီတော်လှန်ရေးကို လက်မြှောက် အရှုံးပေးဖို့ ပြောနေတာ မဟုတ်ပါ။ အဲလိုလုပ်စရာလဲ မလိုပါ။ အစ်ကိုတို့ အနေနဲ့ ဒီမိုကရေစီ အဖွဲ့ခေါင်းဆောင်တွေကို ဘယ်လို လုပ်မလဲဆိုတာ အားမနာတမ်း မေးခွန်းထုတ်သင့်တယ် ထင်ပါတယ်။ ဒီလိုမေးခွန်းထုတ်ချင်းအားဖြင့် သူတို့တွေကို ပိုမိုလက်တွေ့ကျတဲ့ အစီအစဉ်တွေ စဉ်းစားလာအောင် တွန်းအား ပေးသလို ဖြစ်လာမှာပါ။ အဲလိုမှ မလုပ်ရင် ပြည်သူတွေကို ဒုက္ခရောက်စေတဲ့ စီးပွားရေး သပိတ်နဲ့ မြန်မာလူမျိုးတွေရဲ့ ကိုယ်ရည် ကိုယ်သွေး ကျဆင်းစေတဲ့ နအဖကို အတင်းပြောတဲ့ အဆင့်နဲ့ပဲ သံသရာလည်နေမှာပါ။

အခုဆောင်းပါးရေးတာ ဘေးထိုင်ဘုပြော လုပ်နေတာ မဟုတ်ရပါ။ ကျနော်တို့ နှစ်ယောက် မှာ တွေးခေါ်ထားတဲ့ အစီအစဉ်လေးတွေ ရှိပါတယ်။ ဒါပေမယ့် နောက်နှစ်လ သုံးလ လောက်ကြာမှ တင်ပြချင်ပါတယ်။ ထုံးဆန်အတိုင်း ဗုဒ္ဓရဲ့ မေတ္တာတရားပေါ်မှာပဲ အခြေခံပါတယ်။ လတ်တလောကတော့ အတွေးအခေါ် အယူအဆပိုင်းပဲ ပြောင်းလဲဖို့ ဆောင်းပါးလေးတွေပဲ ဦးစားပေးပါမယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ

တောသားနှစ်ယောက်

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Friday, October 12, 2007

ကျောင်းသားများအတွက် ၀ိပဿနာ


အနောက်နိုင်ငံတွေမှာတော့ ဗုဒ္ဓတရားတော်ကို ပါမောက္ခကြီးတွေ ကိုယ်တိုင် သူတို့ တက္ကသိုလ်တွေမှာ တခမ်းတနား ဆွေးနွေးနေကျတဲ့ အချိန်ပေါ့ဗျာ။ မြန်မာလူမျိုးတွေကတော့ ဗုဒ္ဓတရားတော်ကို ဘုန်းကြီးကျောင်းမှာပဲ လိုက်နာ ကျင့်သုံးအပ်တဲ့ အရာလို့ပဲ ယူဆနေကျဆဲပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ မေတ္တာတရားတော်ကို နအဖ ဆင်းပေးရေးမှာ အသုံးပြုဖို့ အဆိုပြုချိန်မှာတော့ သူတို့က ဟာသလုပ်ကျပါတယ်။ ဘာသာတရားကို အရေးကြီးတဲ့ နိုင်ငံရေးလို နေရာမျိုးမှာ အားမကိုးချင်ဘူးဆိုတဲ့ သဘောပါ။ တနည်းပြောရရင် မယုံကြည်ဘူးပေါ့ဗျာ။ ဖြစ်နိုင်ရင် အကြမ်းဖက် ချင်တယ်ပေါ့။ အာရပ်နိုင်ငံတွေမှာ အကြမ်းဖက် ၀ါဒကို အခြေခံပြီး နိုင်ငံရေး လှုပ်ရှားနေတာ ဘာထူးလဲ? ပြည်သူ့ အကူအညီနဲ့ လက်နက်အားကိုးပြီး တက်လာတဲ့ အဖွဲ့တွေဟာ အင်အားကောင်းလာတဲ့ အချိန်မှာ လူထုကို နှိပ်စက်ညှင်းပန်း တာလူတိုင်း အသိပဲ။ အဲဒါတွေကို သတိ မထားမိကျဘူး ထင်တယ်ဗျ။

ကဲ . .. ဒီအပတ်မှာ တင်ပြမှာကတော့ ကျောင်းသူ/ ကျောင်းသား တွေ ၀ိပ္မဿနာရှု့မှတ်ဖို့ တိုက်တွန်းထားတဲ့ ဆောင်းပါးလေးကို တင်ပြ ချင်ပါတယ်။ တရားထိုင်တဲ့သူဟာ အတွေးအခေါ်ပိုင်းမှာ စူးရှထက်မြက်လာ စေတယ်လို့ အမေရိကန် Physics ပါမောက္ခ Fritjof Capra က ပြောခဲ့ပါတယ်။ တရားထိုင်တဲ့ ကျောင်းသားတွေဟာ ၁၀နာရီလောက် အချိန်ပေးရတဲ့ ပုစ္ဆာကို ၆နာရီနဲ့ ပြီးအောင် ဖြေရှင်းနိုင်တာ သူရဲ့ ကိုယ်တွေ့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထက်ဝက်လောက် အထိ ကွာသွားပါတယ်။

နောက်ပြီး ဒီဘက်နိုင်ငံက ကျောင်းသားတွေဟာ Project တွေ၊ စာမေးပွဲ တွေ တခုပြီး တခု လုပ်ကျရပါတယ်။ Project အတွက် လူရှာရတာကလဲ ဒုက္ခ တမျိုးပါ။ သူတို့ ဦးနောက်တွေဟာ ပြည့်ကျပ်နေပြီး စိတ်ပင်ပန်း တာတွေ၊ စိုးရိမ်စိတ်တွေ အမြဲ ကြုံနေရပါတယ်။ ဒီတော့ စိတ်နဲ့ ကိုယ်ခန္ဓာ ကျန်းမာရေး ကိုထိခိုက် လာနိုင်ပါတယ်။

Terry Pearson က နေ့ခင်းမှာ တရေးတမော အိပ်တာထက် ၅ မိနစ်လောက် ၀ိပဿနာ ရှု့လိုက်တာက ပိုပြီး အကျိုးထူးတယ်လို့ တောင် အကြံပြုထားပါတယ်။ သူမဟာ ဗုဒ္ဓဘာသာ သီလရှင် မဟုတ်ပါဘူး။ ဒီဘက်မှာ ၀ိပဿနာပြဖို့ တက္ကသိုလ် ကနေ လေ့ကျင့်ပေးတဲ့ သူပါ။ သူမကို mindfulness-based stress reduction instructor (“သတိပဌာန် အခြေခံ စိတ်ပင်ပန်းမှု ပပြောက်ရေး နည်းပြဆရာ” လို့ ဘာသာပြန်ရ မလားမသိဘူး) လို့ခေါ်ပါတယ်။ သူမ အကြံပြုချက်တွေကို အကျဉ်းချုပ်တင်ပြရမယ်ဆိုရင်

(၁) တနေ့ နှစ်ကြိမ် တကြိမ်ကို ငါးမိနစ်လောက် ၀ိပဿနာရှု့ပါ။ ၀ိပဿနာ ရှုချင်းဖြင့် စိတ်ငြိမ်းချမ်းမှု ရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာတွေကို ပိုမို ထိရောက်စွာ လုပ်နိုင်မှာဖြစ် ပါတယ်။ (ဗုဒ္ဓတရား အကျိုးများလေစွ)

(၂) စာမေးပွဲဖြေနေတဲ့ ရက်တွေမှာ စိတ်လှုပ်ရှားမှုတွေ ပိုများနိုင်ပါတယ်။ အသီးအနှံနဲ့ အရွက်များကို စားသောက်ပါ။ (သက်သက်လွတ်ကို ဆိုလိုချင်း မဟုတ်ပါ) ချောကလက်၊ ချိုချဉ်တို့ကို မစားပါနဲ့။ ကော်ဖီ , pepsi, cola များ သောက်ချင်း (လက်ဖက်သုတ်လည်း ပါမယ်ထင်တယ်) ကို လျှော့ပါ။ အဲဒါတွေ ဟာ မျက်လုံးကျယ်ပြီး မအိပ်ပဲ စာဖတ် နိုင်သော်လည်း မှတ်ဥာဏ်အတွက် ဘာမှ အကျိုးမပြုပါ။ ထို့အတူ stress level လဲ မြင့်လာတတ်ပါသည်။

(၃) အိပ်ရေး အပျက်မခံပါနဲ့

(၄) စာဖတ်တာ ကြာလာရင် နေရာပြောင်းဖတ်ပါ။ အပြင်ထွက်ဖတ်နိုင်ရင် ဖတ်ပါ။ မဖတ်နိုင်ရင် အိမ်ခန်းပြောင်း ဖတ်ပါတဲ့ဗျ။ အပြောင်းအလဲကြောင့် စိတ်က ပိုမို တက်ကြွလာမယ်ဆိုပဲ။

(၅) စာကျက်လို့ ပင်ပန်းလာရင် အတင်း ဆက်မလုပ်ပါနဲ့။ နာရီဝက်လောက် နားချင်နားပါ။ အိပ်ချင် အိပ်ပါတဲ့။

ကဲဒီလောက်ပါပဲခင်ဗျာ။ ဖြစ်နိုင်ရင် နေ့စဉ်မှန်မှန် ၀ိပဿနာလုပ်ကြည့်ပါ။ အထူးသဖြင့် ခေါင်းထဲမှာ ပြည့်ကျပ်နေရင် အရမ်းကို အဆင်ပြေပါတယ်။ စမ်းသပ်ကြည့်ပါခင်ဗျာ။ တကယ်ကို အကျိုးထူးပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကျပါစေ


ကိုးကားချက် ။ ။
Relaxation and meditation helps students' stress during exams
http://www.mndaily.com/articles/2007/05/01/71787

Wednesday, October 10, 2007

ဘာကြောင့်လဲ ? ဘာရည်ရွယ်ချက်လဲ?


ဒီနေ့ နေလည်မှာ မော်စကိုသား အိုင်ဒီနဲ့ ရေးထားတဲ့စာတွေကို ဖတ်ပြီး စိတ်ထဲမှာ ထောင်းကနဲ ဒေါသ ဖြစ်သွားပါတယ်။ သူပြောပုံကို ကြည့်ပါ

မော်စကိုသား

ငါလိုးမသားတွေ 10 Oct 07 11:58 212.149.201.132

မော်စကိုသား
လာပြန်ပြီလား ဒီဘုန်းကြီးသတ်တဲ့ကိစ္စ 10 Oct 07 11:59 212.149.201.132

မော်စကိုသား

သတ်တော့ လီးဖြစ်လားကြွ 10 Oct 07 11:59 212.149.201.132

မော်စကိုသား

စစ်သားကွ 10 Oct 07 12:01 212.149.201.132

မော်စကိုသား

မိုးပေါ်ထောင်မပစ်တတ်ဘူး တည့်တည့်ပစ်တယ် 10 Oct 07 12:02 212.149.201.132

မော်စကိုသား

မအေလိုးတွေ အကုန်ပစ်သတ်မယ် 10 Oct 07 12:02 212.149.201.132

မော်စကိုသား

ငါလိုးမ ကတုံးတွေ 10 Oct 07 12:02 212.149.201.132

ဒီနေရာမှာ ဘာသာရေး စော်ကားထားတာလည်းပါနေပါတယ်။ လူအသိစိတ် ခေါင်းပါးနေတာလဲ ပါနေပါတယ်။ "စစ်သားဆိုတဲ့ကောင် တွေက ဘယ်လို သတ္တ၀ါတွေလဲ?" လို့ စိတ်ထဲမှာ ပြောမိလိုက်ပါတယ်။ အထူးသဖြင့် “ငါလိုးမ ကတုံးတွေ” ဆိုတဲ့ စကားဟာ အရမ်းကို အောက်တန်းကျလွန်းပါတယ်။

ခဏကြာတော့ ဘာရယ်လို့ မဟုတ်ဘူး။ သူ့ IP ကို ကြည့်ချင်စိတ် ဖြစ်လာတာနဲ့ လှမ်း စစ်ကြည့်လိုက် ပါတယ်။ သြော်အဲ IP နံပါတ်ဟာ မော်စကို မပြောနဲ့ ရုရှကတောင် မဟုတ်ဘူးဗျ။ သူဟာ Finland နိုင်ငံ Kuopio မြို့က ဖြစ်နေပါတယ်။

အဲဒီ “မော်စကိုသား” အိုင်ဒီပိုင်ရှင်ကိုမေးချင်ပါတယ်
(၁) ရုရှက မဟုတ်ပဲ ဘာကြောင့် မော်စကိုသားနာမည်ယူထားလဲ? တခြား Finland သားလို့ အိုင်ဒီယူလဲဖြစ်တာပဲ။

(၂) ဘာကြောင့် “ငါလိုးမ ကတုံးတွေ” လို့ဆဲလဲ? ဒါဟာ ဘာသာရေး စော်ကားမှုဆိုတာ မသိလောက်တဲ့အထိ ဥာဏ်ရည်နိမ့်လို့လားခင်ဗျာ?

(၃) အစ်ကို ကိုယ်တိုင်က အမှန်တကယ် စစ်သားလား? စစ်သားက Finland မှာ ဘာသွားလုပ် နေလဲ?

(၄) အခုလို မော်စကိုသားဆိုတဲ့ အိုင်ဒီနဲ့ ဘုန်းကြီးတွေကို ပစ်တာ အားပေးချင်းသည် လူတွေ နဲ့ စစ်တပ်အကြား ပိုပြီး အညှိးကြီးစေပါတယ်။ ဘာကြောင့် ရန်တိုက်ပေးလဲ? ဘာရည်ရွယ်ချက်နဲ့ အခုလို ပြောသလဲ?

အဲဒီမေးခွန်းတွေကို ကိုမော်စကိုသား IP အမှတ် (212.149.201.132) အနေနဲ့ ဖြေကြားပေးပါလို့ တောင်းဆိုပါတယ်။ ဒီမိုကရေစီသမားများတွေကို ပြောချင်ပါသည်။ ကိုမော်စကိုသားသည် စစ်သားလဲဖြစ်နိုင်ပါသည်။ နောင်တွင် ယခုလို မပြောစေလိုပါက (၀ါ) စစ်သား တစ်ယောက်ကို အပြစ်ပေးလိုပါက ဘာသာရေးစော်ကားမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုနိုင်ပါသည်။ IPမှ တဆင့် မော်စကိုသားသည် မည်သူ မည်ဝါ ဖြစ်ကြောင်း ရှာဖွေနိုင်ပါသည်။ တရားစွဲဆိုချင်းနဲ့ နအဖ လူ (၀ါ) ဒီမိုကရေစီ လုပ်စားသူကို ပြစ်ဒဏ်ပေးနိုင်ကြောင်း အသိပေးပါသည်။ ကျနော့ ဆီဗုံးလေးကို ခဏ ပိတ်ထားပါတယ်။ ကိုမော်စကိုသားရဲ့စာတွေကို မူရင်းအတိုင်း မြင်လိုသူများအတွက် ဖြစ်ပါတယ်။

Proxy သုံးထားသလား?

မော်စကိုသား Proxy သုံးပြီး ရေးထားတာ ဖြစ်နိုင်တယ်လို့ ပြောကျ ပါတယ်။ ကွန်ပျူတာ နည်းပညာ ရှပ်ထွေးတာ ကျနော် လက်ခံပါတယ်။ ကျနော့ ကိုယ်ပိုင် စမ်းသပ် တွေ့ရှိချက်အရ Proxy သုံးမထားလို့ ယူဆပါတယ်ခင်ဗျာ။

ကျနော့ စမ်းသပ် နည်းလေးကို ပြောပြရမယ်ဆိုရင်. . . IP address ကို Ping လုပ်ကြည့်ပါ။ တကယ်လို့ Proxy server ရဲ့ IP ဆိုရင် 0% looss ဖြစ်ပါတယ်။ ဒါပေမယ့် 100% loss ဖြစ်ရင် အဲဒါ Proxy မဖြစ်နိုင်ပါ။ ( 0% loss ဖြစ်နိုင်သည့် အခြား အကြောင်း တွေကတော့ အင်တာနက်ကို Router မပါပဲ အသုံးပြုချင်း၊ Firewall မရှိချင်း၊ မိမိ ကိုယ်ပိုင် IP ကို Ping ချင်း တို့ဖြစ်ပါသည်) အပေါ်မှာ တင်ပြခဲ့ သလိုပဲ Proxy စမ်းသပ်မှုတွေဟာ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းနိုင်တာ သဘော တူပါတယ်။ နောက်တချက် ကတော့ Finland နိုင်ငံမှာ Proxy Server ထောင်တာ မရှိ သလောက် ရှားပါတယ်။ ကျနော့ စမ်းသပ်ချက်ဟာ 90% မှ 95% အထိ တိကျပါတယ်။ 5% ပဲ အမှားရှိနိုင်ပါသည်။ ဒါကြောင့် ရုရှမှ စစ်သား ဆိုသည်ထက် Finland မှ စစ်တပ်နဲ့ ပြည်သူတွေ အကြား ရန်တိုက်ပေးသူ ဖြစ်နိုသည်မှာ 95% အထိ သေချာပါသည်။

တကယ်လို့ ကျနော့ စမ်းသပ်ပုံ ချို့ယွင်းတယ်လို့ တွေ့ရှိပါက ပြောပြပေးပါ။ အမှန်ကို ပြောပြသူတိုင်းကို ကျေးဇူးတင်ပါမယ်။ ဒါပေမယ့် မိမိနဲ့ဝါဒတူ လူတစ်ယောက်၏ ယုတ်မာသည့် အကြံကို ဖုံးဖိလိုသည့် သဘောဖြင့် လိမ်ညာ ဆင်ချေပေးဖို့ မကြိုးစားပါနဲ့ လို့ မေတ္တာရပ်ခံချင်ပါတယ်။ နိုင်ငံအရေးမို့ ရိုးသားပေးစေချင်ပါတယ်။

Sunday, October 7, 2007

လိမ်ညာဝါဒဖြန့်ချင်းသည် အကျိုးမရှိပါ

သီအိုရီ အရတော့ သတင်းဆိုတာ အမှန်ပဲ ဖေါ်ပြရမှာပါ။ မတော်တဆ သတင်းကို မှားယွင်း ဖေါ်ပြမိတယ်ဆိုရင် တော့ တမျိုးပေါ့ဗျာ။ ခက်တာ သတင်းမှားကို တမင် လုပ်ပြီး တင်ပြတာကတော့ မသင့်တော်ဘူးထင်တယ်ဗျ။ လူကျင့်ဝတ် ရှုထောင့်ကပဲ ဖြစ်ဖြစ် နိုင်ငံရေးဘက်ကပဲ ဖြစ်ဖြစ် ဘာသာရေးဘက်ကပဲဖြစ်ဖြစ် လုံးဝ မလုပ်သင့်ဘူးဗျ။

လူတွေကတော့ ဆန္ဒပြပွဲ ငြိမ်သွားလို့ ပြီးခဲ့တဲ့ဖြစ်ရပ်တွေကို မှတ်တမ်းတင်ပြီး သပိတ်တွေ လုပ်ဖို့ ပြင်ဆင်နေကျပါပြီ။ ပြီးခဲ့တဲ့ လှုပ်ရှားမှုတွေ အပေါ်မှာ သင်ခန်းစာယူဖို့ ဝေဖန် ဆန်းစစ်တာတွေ လုပ်တာတော့ မတွေ့မိဘူးဗျ။ နအဖကို အပြစ်တင်တာပဲ လုပ်ကျပါတယ် . . . .ဒါပါပဲ။ နအဖ ဘယ်လို နည်းဗျူဟာ အသုံးပြု နှိမ်နင်းလဲ ဆိုတာလဲ မစမ်းစစ်ကျပါဘူး။ တကယ်တော့ နအဖသုံးတဲ့ နည်းဗျူဟာကို လေ့လာမယ်ဆိုရင် နောင် ဆန္ဒပြပွဲတွေမှာ ပိုမိုထိရောက်တဲ့ နအဖပြုတ်ကျရေး လမ်းစဉ်ကို စဉ်းစားနိုင်မှာဖြစ်ပါတယ်။

အခုပြောချင်တာ မြန်မာမွတ်ဆလင် ၀က်ဆိုက် လိမ်ညာ သတင်းထုတ်လွှင့်မှု ဖြစ်ပါတယ်။ အပေါ်ဆုံးညာဘက်က ဓါတ်ပုံကတော့ မြန်မာမွတ်ဆလင် ၀က်ဆိုက်ကနေ ထုတ်ပြန်ထားတဲ့ သတင်းဓါတ်ပုံပါ။ အစ်ကို ကဒေါင်းညင်သာ ဘလော့မှာ တွေ့လို့ ပြန်ယူထားတာပါ။ အဲဒီဓါတ်ပုံမှာ
“တာမွေ အထက (၃) ရှေ့တွင် စစ်အဏာရှင်များ၏ လက်ပါးစေ စစ်သားများမှ ရက်စက်စွာ ရိုက်နှက်မှုကြောင့် သေဆုံးသွား ကျောင်းသား လူငယ်တစ်ဦး၏ ဦးနောက် ရေမြောင်းအတွင်းသို့ ပြုတ်ကျစဉ်” စာရေးထားပါတယ်။

ပုံ(၁) နဲ့ ပုံ(၂) ကို သေချာ လေ့လာ ကြည့်ပါ။ ဦးနောက်ဟာ ဦးခေါင်းခွံထဲမှာ လုံခြုံစွာ တည်ရှိနေပါတယ်။ အဲဒီ ဦးခေါင်းခွံကို အရေပြားနဲ့ ဖုံးအုပ်ထားပါတယ်။ လက်တွေ့ စဉ်းစားကြည့်ပါ။ ခေါင်းကို ဒုတ်နဲ့ ကြိုက်သလောက်ရိုက်ပါ။ သွေးထွက်မယ်။ အတွင်းဘက်က ဦးခေါင်းခွံ အက်သွားမယ်။ လူသေသွားပါမယ်။ ဒီလောက်ပဲ အများဆုံး ဖြစ်မှာပါ။ ဦးခေါင်းခွံကြီးပေါက် သွားတာမျိုး မဖြစ်ပါဘူး။ ဦးနောက် ထွက်မကျအောင်လဲ အပေါ်အရေပြားက ဖုံးအုပ် ကာကွယ်ထားပါတယ်။

အဲဒီ ဓါတ်ပုံမှာတော့ ဦးနောက်က ရေမြောင်းထဲ ပြုတ်ကျသွားတယ်လို့တောင် လုပ်ထားပါတယ်။ အဲဒါ ဖြစ်နိုင်လား? အဲလို ဖြစ်ဖို့က ခေါင်းခွံ အရိုးကြီး ပွင့်သွားဦးတော့ အပေါ်က အရေးပြားတွေက ကာကွယ်ထားမှာပါ။ ဒုတ်နဲ့ရိုက်လို့ ဦးနောက် ထွက်လာတာ ကြားဖူးပါသလား။ လိမ်ညာ ဓါတ်ပုံဆိုတာ သိသာပါတယ်။ ( တကယ်လို့ ဒုတ်နဲ့ရိုက်လို့ ဦးနောက် ထွက်ကျလာတယ်လို့ ကြားဖူးတဲ့ သူရှိရင် comment တွင်ရေးပြပေးပါ) မှုံဝါးအောင် လုပ်ထားကတဲက မရိုးသားဘူးဆိုတာ သိသာပါတယ်။ အတုမှန်သမျှ မှုံဝါးနေတယ်ဆိုတာ သတိပြုပါ။ အတုလို့ နာမည်ကြီးနေတဲ့ ဘင်လာဒင်ဗီဒီယို၊ လပေါ်လမ်းလျှောက်တဲ့ ဗီဒီယို တွေလဲ မှုံမှုံဝါးဝါးနဲ့ မသဲကွဲကျပါဘူး။

လိမ်တော့ အကျိုးရှိလား?


အဲလို နအဖကို ပိုပြီးရက်စက်တယ် ထင်အောင် လုပ်တာ အပေါ်ယံတွေးကြည့်ရင် ဆန္ဒပြသူတွေ ပိုများလာမယ်ပေါ့ဗျာ။ တကယ် အကျိုးဆက်ကတော့ ပြောရခက်တယ်ဗျ။ တချို့အခြေအနေမှာ ဆန္ဒပြသူ ပိုများ လာနိုင်ပါတယ်။ ကျနော့ အထင်ပြောရရင် လူအများစုဟာ အကြောက်လွန်ပြီး ဆန္ဒ မပြရဲပဲ ဖြစ်ကုန်မယ် ထင်တယ်ဗျ။ တချို့လည်း ဒေါသတွေ ထွက်ပြီး ဘာကို လုပ်သင့်လဲ မှန်မှန်ကန်ကန် မစဉ်းစားနိုင်ပဲ ပေါက်ကရတွေ လုပ်ပြီး အဆင်မပြေ ဖြစ်တတ်ပါတယ်။ ကရာတေး ကစားသလိုပေါ့ဗျာ။ ဒေါသမထွက်ပဲ စိတ်တည်ငြိမ်မှ တိုက်ကွက်ကောင်းကောင်းနဲ့ ကစားနိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းတိုင်းမှာ မှန်ကန်သော စာရင်းဇယားက အရေးကြီးပါသည်။ နိုင်ငံရေး လှုပ်ရှားသူများ အတွက်လည်း မှန်ကန်သော သတင်းများက အရေးကြီးပါတယ်။ ဆိုက်ဝါး လိမ်ညာဝါဒတွေ လုပ်ရင် နအဖရဲ့ တိုက်ကွက်ကို မမြင်ဖြစ်ပြီး ဒုက္ခများနိုင်ပါတယ်။ ရိုးသားဖို့အတွက် သတိထားရန် တင်ပြလိုက်ပါတယ်။

(နောက်အပတ်တွေတော့ ဗုဒ္ဓဘာသာ အကြောင်းများသာ ဦးစားပေးတင်ပြသွားပါမည်။ ငြိမ်းအေးမှုလေး ရအောင်လို့ပါ)

Friday, October 5, 2007

သံသယ အတွေး

မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်တွေကို မြင်ရတော့ အတော်လေးကို နားမလည် ဖြစ်မိပါတယ်။ အခုလို အချိန်မှာ လေထဲ တိုက်ဆောက်တဲ့သူက ဆောက်၊ ဦးသန်းရွှေနဲ့ စစ်တပ်ကို ဆဲသူကဆဲ အဓိပါယ်မဲ့ လုပ်ရပ်တွေနဲ့ အချိန်ကုန်ခံနေပါတယ်။ ဘာလုပ်သင့်လဲ ဆိုတာကို လက်တွေ့ကျကျ မဆွေးနွေးကျဘူး။ မစဉ်းစားကျပါဘူး။ သင်ခန်းစားလဲ မယူတတ်ကျဘူး။ ဘယ်လောက်စိတ်ကူး ယဉ်လဲ ပြောပြပါမယ်။ နအဖ ထဲမှာ တပ်တွင်း အကွဲအပြဲ ဖြစ်နိုင်တယ်ဆိုတဲ့ အသံလေးကြားတော့ ပျော်ရွှင်တဲ့ သူတွေက မနည်းလှပါဘူး။ လက်တွေ့ကျကျ တွေးပါ။ တပ်တွင်းကွဲပြဲတာနဲ့ ဦးသန်းရွှေ ပြုတ်သွားမယ်ဆိုတာ သေချာလို့လား? ဦးသန်းရွှေက နှိမ်နင်းအောင်မြင်သွားရင် ဘယ်လိုလုပ်မလဲ ? ဒါဆိုရင် နောက် နှစ် ၂၀ ကြာမှ ပေါ်လာမယ့် လူထု လှုပ်ရှားမှုကို ထပ်စောင့်ဦးမှာလား ? လက်နက်ကိုင်ဖို့ စိတ်ကူးယဉ်တဲ့ သူတွေကလဲ မနည်းလှဘူးဗျ။ ABSDF မအောင်မြင်ဖြစ်ရတဲ့ အကြောင်းကို မေ့ထားပုံရတယ်။ စဉ်းစားကြည့်ပါဗျာ အခုချက်ချင်း သေနတ်ဝယ်ပြီး စစ်တပ်ကို သွားတိုက်ဖို့ ဖြစ်နိုင် ပါ့မလား? ဦးသန်းရွှေကို လုပ်ကြံဖို့လည်း တွေးတဲ့ သူက မနည်းဘူး။

ဒီအချိန်လေးကို အသုံးချပါ

ပထမဆုံး ကျနော် နဲ့ အစ်ကိုမောင်ဆန် မနေ့က စဉ်းစားမိတဲ့ အကြောင်းလေးကို တင်ပြချင်ပါတယ်။ ဒီလိုပါ စစ်တပ်ဟာ ခိုင်းသလို မလုပ်ဘူးဆိုတဲ့ အချက်တခု သတိထားမိလို့ပါ။ ဘုန်းကြီးကျောင်းကို ၀င်စီးတဲ့အချိန်မှာ ဘာသာခြား တိုင်းရင်းသားစစ်သားတွေကို အသုံးပြုသွားတယ် ဆိုတဲ့အချက်ပေါ်မှာ သုံးသပ်မိပါတယ်။ ပစ်ခတ်ရာမှာလည်း တိုင်းရင်းသား စစ်သားတွေကို အသုံးပြုတယ်လို့လဲ ပြောသံကြားပါတယ်။ (တိုင်းရင်းသားတွေကို အထင်မလွဲစေချင်ပါ။ တိုင်းရင်းသားတွေ ကိုယ်တိုင် အခုလို လုပ်ရပ်ကို မထောက်ခံဘူးဆိုတာ လူတိုင်းသိပါတယ်) တကယ်လို့သာ စစ်သားတွေဟာ အမိန့်ပေးတိုင်း လုပ်တယ်ဆိုရင် တိုင်းရင်းသား စစ်သားလေးတွေကို သုံးစရာ အကြောင်းမရှိဘူးထင်ပါတယ်။ တချို့လည်း ဆေးကျွေးထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်သားတွေဟာ သတင်းတွေ ဆိုက်ဝါး လုပ်သလောက် မဟုတ်ဘူးဆိုတာ ကောက်ချက် ချနိုင်ပါတယ်။

သံဃာတွေ နဲ့ ပြည်သူတွေ သေကြေတဲ့ ကိစ္စတွေဟာ စစ်တပ်အတွင်းမှာ အနည်းနဲ့ အများဆိုသလို တွေဝေမှုလေးတွေ ဖြစ်ပေါ်နေမှာပါ။ ဒါကြောင့် အခု သွေးပူနေတဲ့ချိန်မှာ နောက်ထပ် လူထု အုံကြွမှုဖန်တီးလို့ ပိုလွယ်ပါတယ်။ ဖြစ်လာခဲ့ရင်လည်း အောင်မြင်ဖို့ အရမ်းကို အခွင့်အရေးရှိပါတယ်။ အဲလိုဖြစ်လာရင် နအဖ အနေနဲ့ အနည်းဆုံးတော့ အလျော့ပေးမှုတွေ လုပ်လာနိုင်ပါတယ်။ လူတွေကို သနားလို့တော့ မဟုတ်ပါဘူး။ သူတို့အတွက် အသက် အန္တရယ်ကို စိုးရိမ်လို့ပဲ ဖြစ်မှာပါ။

လက်တွေ့ ဘာလုပ်ရင်ကောင်းမလဲ?

ဒီမှာ မေးခွန်းလေးတွေ အများကြီးမေးထားပါတယ်။ မေးရတဲ့အကြောင်းကတော့ ကျနော်တို့ မြန်မာတွေဟာ တနေ့မှာ နအဖ ပြုတ်ကျသွားမယ်လို့ အိပ်မက်တွေ မက်နေကျပါတယ်။ ဒါပေမယ့် နအဖ ပြုတ်ကြသွားစေမယ့် အကြောင်းတရား ခိုင်ခိုင်မာမာ ရှိသလားဆိုတော့ . . . မရှိဘူးဗျ။ အဲဒါတွေကို သတိထားမိစေချင်လို့ မေးထားတာ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ လူထုအုံကြွမှု အခုချိန်မှာ ပြန်လုပ်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ လူတွေဟာ အပြောင်းအလဲကို အရမ်းမျှော်လင့်နေတဲ့ အချိန်လေးလဲဖြစ်နေပါတယ်။

လူတွေကတော့ သတင်းတွေနဲ့ပဲ အချိန်ကုန်နေပါတယ်။ သတင်း နားမထောင်နဲ့လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် အခုဖြစ်နေတာ သတင်းနားထောင်ပြီး ဒေါသတွေထွက်၊ ၀မ်းတွေနည်း တစ်ရက် ကုန်သွားပါတယ်။ နောက်နေ့ ရောက်တော့လည်း သတင်းတွေ နားထောင် ဒေါသတွေထွက်၊ ၀မ်းတွေနည်းတာတွေ ဖြစ်ကျပြန်ရော ! ! ! ! ! ဒီလိုပဲလုပ်နေရင် မဟုတ်သေးဘူးဗျ။ ကျနော်တို့တတွေ ညီညီညွှတ်ညွတ်နဲ့ ဘာလုပ်သင့်လဲဆိုတာကို လက်တွေ့ကျကျ ဆွေးနွေးတိုင်ပင်ပြီး လုပ်ကိုင်ဖို့ အချိန်ရောက်ပြီ။ လူတိုင်း မိမိ တတ်စွမ်း တရွေ့ နည်းနည်းစီ လုပ်ကိုင်သွားရင် အောင်မြင်မှာ သေချာပါတယ်။

တကယ်လို့ လူထုအုံကြွမှုကို စိတ်ဝင်စားရင် သတိထားသင့်တဲ့ အကြောင်းလေးတွေ စုစည်း တင်ပြလိုက်ပါတယ်

(၁) ပြည်သူတွေ လုပ်ရဲလား?
လူတွေကို အရင်တုံးက လို သေနတ်တွေ ရှေ့မှာပဲ ဆက်လက်ဆန္ဒပြအောင် လုပ်ဖို့ မလွယ်တော့ပါဘူး။ ဒီတော့ ဘယ်နည်းလမ်းကို အသုံးပြု မလဲ?

(၂) ပြည်သူတွေအများစု လုပ်နိုင်လား ?
ပြည်သူတွေဟာ ဥာဏ်ရည်နိမ့်သူ မြင့်သူ အမျိုးအမျိုး ရှိနိုင်သလို၊ ဆင်းရဲ ချမ်းသာ တွေလည်း ကွဲပြားနေပါတယ်။ ဒီတော့ မိမိ အလုပ်တွေကို မသွားဖို့ သပိတ်မှောက်ဖို့ တိုက်တွန်းချက်မျိုး ဆိုရင် လူတော်တော် များများအတွက် အတွက် အဆင်မပြေပါဘူး။ အလုပ်ထုတ်ခံရရင် ဘ၀ ပျက်သွားမှာကို တချက် စာနာသင့်တယ် ထင်ပါတယ်။

(၃) ပြည်သူဦးရေ ဘယ်လောက် လုပ်နိုင်လဲ?
နအဖပြုတ်ကျဖို့က လူလေးတစ်သောင်း နှစ်သောင်း လောက်နဲ့ မဖြစ်နိုင်ဘူးဗျ။

(၄) အချိန်ကာလ
အချိန်ကို မေ့ထားလို့မရပါဘူး။ နအဖ ပြုတ်ကျအောင် ရေရှည် တိုက်ပွဲ ၀င်ရမယ့် အနေအထားမှာ ရှိပါတယ်။ တစ်လပဲ လုပ်နိုင်တယ်ဆိုရင် နအဖကို ဘာမှ ဖြစ်သွားမှာ မဟုတ်ပါဘူး။

(၅) အတွေ့အကြုံပြန်ယူပါ
၁၉၈၈ တုံးက မှားတဲ့ အမှားကို သင်ခန်းစာ ပြန်ယူကျပါ။ ဥပမာပြောရရင် လက်နက်ကိုင် တော်လှန်ရေး မအောင်မြင်ခဲ့ပါဘူး။ အဲဒီလမ်းစဉ်မျိုးပြန်သွားဖို့ စိတ်ကူးရင် မှားနိုင်ပါတယ်။

(၆) နအဖပြုတ်ကျမလား
လုပ်တဲ့ အလုပ်တိုင်းဟာ နအဖ ပြုတ်ကျသွားတဲ့ အထိ ရည်ရွယ်ချက်ထားနိုင်ရပါမယ်။ စိတ်ကူးယဉ်ပြီး ပြုတ်နိုင်တယ်ဆိုတာ မျိုးမလုပ်ပါနဲ့။ လက်တွေ့ကျကျ တွေးခေါ်ပါ။

(၇) ငွေကုန်ကြေးကျ ရှိမလား?
လူတိုင်း ငွေကြေး အကုန်အကျခံပြီး လုပ်ဖို့ဆိုတာ သိပ်မလွယ်ဘူးဗျ။ နောက်ပြီး ၀င်ငွေ ထိခိုက်ခံပြီး လုပ်ဖို့ဆိုတာလဲ မလွယ်ဘူးထင်ပါတယ်။ စဉ်းစားဖို့ပါ

(၈) ရေရှည်လုပ်နိုင်မလား ?
တစ်လလောက်နဲ့ နအဖ ပြုတ်ကျဖို့ဆိုတာ စိတ်ကူးယဉ်ဖို့ မလွယ်ပါဘူး။ အားလုံးကို နေပြည်တော်က နေ ထိမ်းချုပ်ထားတာ မို့ပါ။ ရန်ကုန်ဟာ စီးပွားရေး မြို့တော် အနေနဲ့ပဲ ရှိပါတယ်။ ကောက်ရိုးမီးလို လုပ်လို့ အောင်မြင်မှာ မဟုတ်ပါဘူး။

သတိထားကျပါ

တချို့လူတွေက ကျနော်တို့ဟာ မေးခွန်းတွေပဲ မေးပြီး ကိုယ်တိုင်ကျတော့ အဖြေမရှိဘူးတဲ့။ ကျနော်တို့တင်ပြခဲ့တဲ့ ဆန္ဒပြနည်းမှာ အဖြေတွေပါပြီးဖြစ်ပါတယ်။ ကျနော်တို့ ဥာဏ်မှီသလောက် ကြိုးစားပြီးရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် တချို့ကတော့ ကျနော်တို့ကို နအဖလူတွေလို့ အတင်းစွပ်စွဲပြီး ဒီအစီအစဉ် မထမြောက်အောင် ကြိုးစားနေသလား လို့ သံသယဖြစ်နေပါတယ်။ အဲဒီလူတွေဟာ နအဖကိုယ်တိုင်ဖြစ်နိုင်သလို ဒီမိုကရေစီနဲ့ လုပ်စားနေသူတွေလည်း ဖြစ်နိုင်ပါတယ်။ နအဖလူတွေ ဘာကြောင့် ဖျက်လဲ ပြောဖို့ မလိုပါဘူး။ ဒီမိုကရေစီ လုပ်စားသူတွေ ဖျက်တယ်ဆိုတာ လူတွေက ယုံချင်မှ ယုံမှာပါ။ ယုံပါ။

ဒီမိုကရေစီနဲ့ လုပ်စားသူတွေ မျှောင်လင့်ထားတာ ဒီမိုကရေစီ မဟုတ်ဘူးဗျ။ သူတို့ တကယ် မျှော်နေတာ ငွေဆိုတာသတိပြုစေချင် ပါတယ်။ ဆန္ဒပြသူတွေ နအဖ ပြစ်သတ်တဲ့ သတင်းတွေနဲ့ ဓါတ်ပုံတွေ လောက်ပဲ သူတို့ လိုချင်နေတာပါ။ ဒီသတင်းတွေ၊ ဓါတ်ပုံတွေပြပြီး NGO တွေနဲ့ အဖြူ အစိုးရတွေစီမှာ ငွေတောင်း လို့ရပါတယ်။ တကယ်လို့ နအဖ ပြုတ်ကျပြီး မြန်မာပြည် ဒီမိုကရေစီသာ ရသွားရင် အဲဒီလူတွေ အခုရနေတဲ့ ငွေတွေ ရမှာ မဟုတ်တော့ပါဘူး။ မြန်မာပြည်သူတွေ ပဲ ရကျမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ လုပ်စားသူတွေကို သတိပြုပါလို့ ပြောထားချင်းဖြစ်ပါတယ်။

Thursday, October 4, 2007

ရှေးမူမပျက် လုပ်ဆောင် သွားမှာလား?

ဦးဏှောက်မရှိဘူးလို့ နာမည်ကြီးနေတဲ့ နအဖ ကတော့ မြို့တော်ကို နေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ အုပ်ချုပ်ရေးမြို့တော်ကို လူနေထူထပ်တဲ့ စီးပွားရေး မြိုတွေနဲ့ သီးသန့် ခွဲထားလိုက်ပါတယ်။ စွမ်းအားရှင်တွေ၊ ကြံ့ဖွတ်တွေ ဖွဲ့စည်းပြီး သူ့အဏာ တည်မြဲရေးအတွက် အသုံးပြုခဲ့ ပါတယ်။ လူထု ဆန္ဒပြပွဲအတုတွေ လုပ်ခဲ့ပါတယ်။ ကုလသမဂ္ဂကိုလည်း အရုပ်ကလေး ဖြစ်အောင် လုပ်ခဲ့ပါတယ်။ အဲဒါလေးတွေကတော့ နအဖရဲ့ ၁၉၈၈ နဲ့ မတူတဲ့ ခြေလှမ်း အသစ်လေးတွေပါ။

တဖက်က ဘယ်လို နည်းဗျူဟာ အသစ်တွေ တီထွင်မလဲ? ဦးဏှောက်မရှိတဲ့ နအဖတောင် ဆန်းသစ် ထားတာလေးတွေ ရှိရင် တဖက်ကလည်း . . . . . . . . စိတ်ကူးယဉ်နေတဲ့ အဆင့်ကနေ . . . . . . ? ? ? ? ? ? ? ?

Monday, October 1, 2007

မေးခွန်း

လူတိုင်းနီးပါး ဒီမိုကရေစီကို လိုချင်တယ်ဆိုတာ ကျနော်သိပါတယ်။ ကျနော်ကတော့ ဝါဒစွဲ မရှိပါဘူး။ နိုင်ငံရေးပြောင်းလဲ ဖို့ပဲ လိုလားပါတယ်။ ဘာပဲဖြစ်ဖြစ် နအဖ ဆင်းသင့်ပြီ ဆိုတာတော့ သဘောတူ ပါတယ်။ ဒီတော့ နအဖဆင်းသင့်ပြီလို့ ယူဆနေတဲ့သူတွေကို မေးခွန်းလေးတွေ မေးကြည့်ပါမယ်။ ဘာရယ်လို့တော့ မဟုတ်ပါဘူး

(၁) သတင်းထူးတွေ ထွက်မထွက် လိုက်လံ နားထောင်နေတာတော့ ဟုတ်ပါတယ်။ သတင်းထူးလေးတွေ ထွက်လာအောင် (၀ါ) ဆန္ဒပြပွဲလေးတွေ ဖြစ်လာအောင် ဘယ်လို ကူညီဖို့ စဉ်းစားထားလဲ?

(၂) ကုလသမဂ္ဂကို မျှော်ကိုးတာတော့ ဟုတ်ပါတယ်။ နှစ်ပေါင်း ၂၀ လုံးလုံး ဘာမှ အားကိုးလို့မရတာ လက်တွေ့ပဲ။ တကယ်လို့ အခုလည်း အားကိုးလို့ မရရင် ဘာတွေ ဆက်လုပ်သင့်တယ် တွေးထားလဲ?

(၃) စစ်တပ် ပစ်တဲ့ကိစ္စန့ပတ်သက်ပြီး နေ့တိုင်း ဆဲနေပါတယ်။ နောင်မှာ စစ်တပ် ဆန္ဒပြသူတွေကို မပစ်အောင် (၀ါ) အပစ်မခံရအောင် ဘယ်လို လုပ်သင့်လဲ ဆိုတာ စဉ်းစားပြီးပြီလား?

(၄) နိုင်ငံတကာ တပ်တွေကို မျှော်လင့်တာတော့ ဟုတ်ပါပြီ။ မျှော်လင့်သလို ဖြစ်မလာရင် ဘာလုပ်မလဲ စဉ်းစားပြီးပြီလား?

(၅) ဓါတ်ပုံ၊ ဗီဒီယိုတွေနဲ့ နအဖ ပစ်တာတွေကို မှတ်တမ်း တင်တာတော့ ဟုတ်ပါပြီ။ အဲဒီမှတ်တမ်းတွေက နအဖပြုတ်ကျ သွားအောင် အသုံးမ၀င်ရင် ဘာတွေ ဆက်လုပ်မလဲ?

(၆) လက်ရှိဆန္ဒပြပွဲတွေ အရှိန်လုံးဝ ကျနေပါပြီ။ ဒါပေမယ့် သွေးပူဆဲပါ။ ဒါဆိုရင် ဘာတွေ လုပ်သင့်တယ်လို့ တွေးထားလဲ?

အဲဒီမေးခွန်းလေးတွေ ဖြေကြည့် ပါလားခင်ဗျာ. . . . . အချင်းချင်းလဲ ပြန်မေးကြည့်ပါ

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကျပါစေ
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

လက်တွေ့ကျကျ ပြောကျမယ် . . . နအဖ ပြုတ်ကျမလား ?

ဆန္ဒပြပွဲအောင်မြင်ဖို့ အလားအလာရှိ ပါသလား?
နအဖအနေနဲ့ အဆင်ပြေပြေ ထိမ်းသိမ်းလာ နိုင်နေပါပြီ။ ဒါကြောင့် ဒီပုံအတိုင်း ဆက်သွားနေရင် ဆန္ဒပြပွဲ ကျဆုံးပါတော့မည်။

နိုင်ငံတကာ စစ်တပ်နဲ့ ကုလသမဂ္ဂ အကူအညီကို မျှော်လင့်လို့ မရဘူးလား?
လက်တွေ့ကျကျ တွေးကြ ရအောင်ပါ။ အခုအချိန်မှာ စိတ်ကူးယဉ်တာတွေ မလုပ်ပါနဲ့တော့။ ကုလသမဂ္ဂအပိုင်းကို ကြည့်ရင် စစ်တပ်နဲ့ ၀င်ရောက်ပီး နအဖကို ဖြုတ်ချခွင့် မရှိပါဘူး။ ဖြုတ်ချဖို့လဲ သူ့မှာ ကိုယ်ပိုင် တပ်အင်အား မရှိပါဘူး။ အများဆုံး လုပ်နိုင်တာ စီးပွားရေးနဲ့ စစ်လက်နက် တင်ပို့မှု ပိတ်ဆို့တဲ့အထိပဲ လုပ်နိုင်ပါတယ်။ နအဖအနေနဲ့ ပြည်သူလူထုကို ထိမ်းဖို့ သေနတ်နဲ့ ကျည်ဆံရှိရင် လုံလောက်ပါပြီ။ တင့်ကားတွေ၊ တိုက်လေယဉ်ပျံတွေ မလိုပါဘူး။ စီပွားရေးပိတ်ဆို့ရင် ပြည်သူတွေပဲ ခံစားရမှာပါ။ ဒါလဲ လက်တွေ့ မြင်တွေ့ နေရပါတယ်။

နိုင်ငံတကာကို ကြည့်ရင် အမေရိကန်၊ အင်္ဂလန်လို နိုင်ငံတွေက စစ်တပ်တွေ လာနိုင်လား တွေးဖို့ ရှိပါတယ်။ အရေးကြီးဆုံး အချက်ကတော့ သူတို့နိုင်ငံအတွက် အကျိုးမရှိရင် သူတို့ရဲ့ စစ်သားတွေ အသေခံမှာ မဟုတ်ပါဘူး။ ပိုက်ဆံတွေ အကုန်ခံမှာ မဟုတ်ပါဘူး။ ဒါဟာ အနောက်နိုင်ငံရဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။ အခုလက်ရှိလဲ အီရတ်နဲ့၊ အာဖဂန်မှာ စစ်အသုံးစရိတ်တွေ များနေပါပြီ။ ဒီလောက်ဆို သဘောပေါက်ပြီ ထင်ပါတယ်။

တရုပ်ကြီးက ဦးသန်းရွေဆင်းပေးဖို့ ဖိအားပေးရင် မဖြစ်နိုင်ဘူးလား?
ဦးသန်းရွှေနေရာကနေ စဉ်းစားကြည့်ပါ။ တရုပ်က အတင်းခိုင်းလို့ ကြောက်ပီး ဆင်းပါ့မလား?
ပြီးတော့ သူ့ကို သတ်ဖို့ ကျိန်းနေတဲ့ သူတွေ လက်ထဲ အဲလောက် အာဏာ လွယ်လွယ်ကူကူ ထည့်ပါ့မလား? ဘယ်သူမဆို ကိုယ်က ဘယ်လောက်ပဲ အပြစ်တွေ လုပ်ထားပါစေ . . . ကိုယ့် မိသားစုကို သတ်ချင်နေတဲ့ လူတွေလက်ထဲ အာဏာပေးမှာ မဟုတ်ဘူးဗျ။ ဒါရှင်းရှင်းလေးပါ။ တရုပ်က နအဖကို မကူညီတော့ဘူးလို့ လုပ်ရင်လည်း ဦးရှုမောင်လို တံခါးပိတ်နေမှာပါ။ ဒါလဲ ပြည်သူတွေ ဒုက္ခ ရောက်မယ့်အရေးပါ။

လက်ရှိ လက်နက်ကိုင် အဖွဲ့တွေ စုပေါင်းပြီး စစ်တပ်ကို ပြန်တိုက်ရင် မဖြစ်နိုင်ဘူးလား ?
ပထမ အဲဒီ လက်နက်ကိုင် အဖွဲ့တွေကရော ဘာတွေ ကောင်းနေလို့လဲ အရင် စဉ်းစားပါ? ရှေ့ဘုန်းကြီး တချက်ခေါက် နောက် ဘုန်းကြီး နှစ်ချက်ခေါက် မျိုးဖြစ်တတ်ပါတယ်။ သူတို့လဲ အဆင်ပြေသလို သတ်ဖြတ်နေတာပဲ။ လက်တွေ့ကျကျ ပြောရရင် သူတို့ အဖွဲ့တွေ ကိုယ်တိုင် စုစည်းဖို့ ဆိုတာ မလွယ်ပါဘူး။ တပ်ပေါင်းစု အကြီးအကဲ နေရာ လုနေတာနဲ့ရင် နအဖ ကိုတိုက်တဲ့ဆီကိုရောက်မှာ မဟုတ်ပါဘူး။ နောက်ပီး အတွေ့အကြုံ ရင့်ကျက်နေတဲ့ ၄ သိန်းကျော်ရှိတဲ့ စစ်တပ်ကို တိုက်ရင် အောင်မြင်ဖို့ အရမ်းကို နည်းပါတယ်။ အခု ပြည်သူတွေက စစ်သားတွေကိုပဲ ကြောက်ရပါတယ်။ အဲဒီအချိန်မှာ စစ်သားရော၊ သူပုံရော အားလုံးကို ကြောက်နေရ မှာပါ။ အဆင်မပြေ ပါဘူးခင်ဗျာ

တပ်တွင်းပုံကန်မှ ဖြစ်နိုင်လား ?
ကျနော်တို့ နှစ်ယောက် လေ့လာချက်အရ တပ်တွင်း ပုန်ကန်မှုဖြစ်ဖို့က မလွယ်ကူပါဘူး။ သိထားတာလေး မျှဝေချင်ပါတယ်။

(၁) စစ်တိုင်းတွေထဲမှာ တပ်မတွေရှိပါတယ်။ ဒီတော့ တိုင်းမှုး တစ်ယောက်က ပုန်ကန်ရင် အဲဒီစစ်တိုင်း အတွင်းမှာရှိနေတဲ့ တပ်မမှုးတွေရဲ့ တပ်သားတွေက ပြန်တိုက် နိုင်ပါတယ်။ ဥပမာပေါ့နော် - ရန်ကုန်တိုင်းမှုးက ပုန်ကန်ရင် ရန်ကုန်ထဲမှာ ရှိတဲ့ တပ်မ၂၂၊ ၃၃၊ ၇၇ တွေက ရန်ကုန်တိုင်း စစ်ဌာနကို ပြန်တိုက်မယ်ဆိုတဲ့ သဘောပါ
(၂) စစ်တိုင်းမှုးတွေ၊ တပ်မတွေဟာ Mobilization လုပ်ချင်တိုင်း လုပ်ခွင့်မရှိဘူးလို့ သိရပါတယ်။ သတ်မှတ်ထားတဲ့ စစ်သားဦးရေထက်ပိုပြီး တပ်ကနေထွက်မယ်ဆိုရင် အထက်ကနေ ခွင့်ပြုချက် တောင်းရတယ်လို့ သိရပါတယ်။ ဒါကြောင့် တပ်တွင်းပုန်ကန်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောလို့ရပါတယ်။ (ဟီးဟီး :D ရုရှက စစ်သားတွေလို့ ထင်ခံရဦးမယ်။ အဲဒါ ဗိုလ်မှုးဟောင်း တစ်ယောက် ပြောပြချက်ကို ဖေါက်သည်ချတာပါ)

အခု သတင်းဓါတ်ပုံတွေ ကမ္ဘာက သိသွားပီပဲ အဆင်ပြေမှာပါ ?
သတင်းဓါတ်ပုံတွေ အပြင်ရောက်တော့ သတင်းဌာနတွေ အတွက် အကျိုးရှိပါတယ်။ သူတို့ သတင်းကို လူကြည့် ပိုများတော့ အဆင်ပြေတာပေါ့ဗျာ။ ဒီသတင်းတွေကြောင့် မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေ ပိုဖြစ်နိုင်ပါတယ်။ နအဖ ဆင်းသွားတဲ့အထိ တော့ စိတ်မကူးပါနဲ့။ လက်တွေ့ကျကျ မြင်တတ်ပါ ခင်ဗျာ။ ပြည်သူတွေ အတွက်တော့ စီးပွားရေး အခုထက်ပိုပီး ပိတ်ဆို့ရင် မိအေး နှစ်ခါနာဖြစ်တဲ့ ဘ၀ရောက်သွားမှာပါ။

ပုလင်းဗုံန်းနဲ့ အကြမ်းဖက်လှုပ်ရှားရင်ဖြစ်နိုင်လား?
ပုလင်းဗုံန်းနဲ့ အကြမ်းဖက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ? နအဖ ပြုတ်ကျဖို့လား? စစ်သားတွေ သတ်ဖို့လား? စစ်သားဆိုတာ သူ့အလုပ် သူလုပ်ရမှာပဲ။ ပုလင်းဗုံန်းနဲ့ စစ်သားတွေကို သွားသတ်ရင် လက်ရှိ ပြည်သူတွေဘက် ပါချင်နေတဲ့ စစ်သားတွေက ဆန္ဒပြသူတွေအပေါ် အမြင်ပြောင်းပြီး ပိုမိုရှုပ်ထွေးနိုင်ပါတယ်။ ပုလင်းဗုံန်းနဲ့ တိုင်းပြည်အာဏာ သိမ်းနိုင်ခဲ့တဲ့ သာဓက ကမ္ဘာသမိုင်းမှာ မရှိခဲ့ပါဘူး။ ဟီးဟီး . . . .ပြောလို့သာ ပြောနေတာ ကုန်ဈေးနှုံန်းတွေ ဒီလောက်တက်နေတာ ပုလင်းဗုန်းတွေလုပ်ဖို့ ပိုက်ဆံတောင် ရှိပါ့မလား?

စည်းလုံးရင် အောင်မြင်မှာ မဟုတ်ဘူးလား? အခုပြောပုံက နအဖပဲ အာဏာ ဆက်ယူ ဆန္ဒပြပွဲ မအောင်မြင်တော့ဘူးဆိုတဲ့ သဘောလား?
လုံးဝမဟုတ်ပါဘူး။ စည်းလုံးနေလို့လည်း မလုံလောက်ပါဘူး။ ဘယ်လောက်ပဲ စည်းရုံးနေပါစေ . . 1988 တုံးက အတိုင်း လုပ်ဖို့ စိတ်မကူးပါနဲ့။ နအဖအနေနဲ့ 1988 မှာ အတွေ့အကြုံ ကောင်းကောင်း ရပီးဖြစ်ပါတယ်။ အဲဒီလမ်းဟောင်းအတိုင်း ဆက်လျှောက်မယ်ဆိုရင် ဘယ်လောက်ပဲ စည်းရုံးနေပါစေ အောင်မြင်မှာ မဟုတ်ပါဘူး။ နည်းသစ်ကို စဉ်းစားရပါမယ်။ အဲဒီနည်းသစ်ဟာ

(၁) လူထုအများစု လုပ်နိုင်တာ / လုပ်ရဲတာ ဖြစ်ရပါမယ်
(၂) လုပ်ရတာ လွယ်ကူရပါမယ်
(၃) နအဖ ပြုတ်ကျသွားစေ ရပါမယ်။
အရမ်းကို အဆင်ပြေတဲ့ နည်းသစ်လေးကို ကျနော်တို့ စဉ်းစားထားပါတယ်။ ဒီနည်းသစ်ကလဲ လတ်တလောပဲ သုံးလို့ရမှာမို့ သွေးအေးသွားတဲ့ အချိန်မှာ ဘာမှ အသုံးဝင်မှာ မဟုတ်တော့ပါဘူး။
အခုနည်းသစ်ကို မိမိအသိတွေဆီ အီးမေးလ်ပို့ပြောပါ။ ဖိုရမ်တွေမှာ တင်ပြပါ။ ၀က်ဆိုက်တွေကို သတင်းပေးပါ။ ရေဒီယိုတွေကို သတင်းပေးပါ။ မြန်မြန်လုပ်ပါ။ မြန်မြန် မလုပ်ရင် ကျဆုံးပီဆိုတာ သတိပြုပါ။ အချိန်သိပ်မရှိပါဘူး။
နည်းသစ်အကြောင်းဒီမှာရေးထားပါတယ်
http://lightofmyanmar.blogspot.com/2007/09/blog-post_29.html

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကျပါစေ
တောသား နှစ်ယောက်



(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)