Saturday, September 29, 2007

အနှစ် ၂၀ ထပ်မစောင့်ချင်ရင် …. ဒါလေးတွေကိုလုပ်ပါ

လူထုအုံကြွမှု ဖြစ်ဖို့ဆိုတာ နှစ်ပေါင်း ၂၀ လောက်ကြာမှ တခါလောက်ပဲ ဖြစ်နိုင်တာပါ။ အခုတကြိမ် မအောင်မြင်ရင် နောက် နှစ် (၂၀) ထပ်စောင့်ရမှာ ဖြစ်ပါတယ်။ မဖြစ်မနေ အောင်မြင်အောင်လုပ်ဖို့ အရမ်းကို အရေးကြီးပါတယ်။ ပြည်ပရောက်နေသူတွေ ကလည်း သေနတ်တွေရှေ့မှာ ဆန္ဒပြရဲအောင် နည်းလမ်းမျိုးစုံနဲ့ တွန်းအား ပေးနေပါတယ်။ နအဖကလည်း 88 ဆန္ဒပြပွဲ အတွေ့အကြုံရှိတော့ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ပါးနပ်နေပါပြီ။

ပြည်တွင်း လူတွေ နေရာ ကနေ စဉ်းစားကြည့်ပါ။ ဘယ်သူကများ လမ်းပေါ်မှာ အသတ်ခံ ချင်မှာလဲ? သေနတ်တွေရှေ့မှာ ဘယ်နှစ်ယောက်များ ဆန္ဒပြရဲမှာလဲ?။ ဒါကြောင့်လဲ ဆန္ဒပြပွဲက ကြီးသင့်သလောက် မကြီးဖြစ်နေတာပါ။ အဲလိုနဲ့ လူတဖြေးဖြေးနည်းသွားပြီး ဒီဆန္ဒပြပွဲကြီးဟာ မကြာမီ လုံးဝ ကျဆုံးဖို့ အကြောင်းရှိပါတယ်။ အဲလိုမဖြစ်ချင်ရင် ဗျူဟာ ပြောင်းရပါမယ်။ 1988 နည်းဗျူဟာ အဟောင်းကြီးကိုပဲ ဆက်လုပ်မယ်ဆိုရင် အောင်မြင်မှာ မဟုတ်ပါဘူး။

သတိထားဖို့ ကိစ္စတစ်ခုကို ပြောချင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးသမားတွေ အားလုံးကို မယုံပါနဲ့။ သူတို့အထဲမှာ ဒီမိုကရေစီတော်လှန်ရေး အဒွန့်ရှည်မှ (ဒီမိုကရေစီကို လုပ်စားနေသူတွေ) စီးပွားဖြစ်မယ့်သူတွေ ရှိနေပါတယ်။ အဲဒီလူတွေဟာ နအဖမပြုတ်ကျအောင် ပညာသားပါပါ နဲ့ ဆန္ဒပြပွဲကို ဖျက်ဆီးနိုင်ပါတယ်။ ကျနော် ဆိုလိုချက်ကို အမေရိကန်နဲ့ ကနေဒါမှာ နေတဲ့သူတွေ သဘောပေါက်မှာပါ။ ဒါကြောင့် သတိရှိပါ။

ထိရောက်ဆုံး ဗျူဟာ အသစ်

ဆန္ဒပြပွဲ မအောင်မြင်ဖြစ် နေရတဲ့ အဓိက အကြောင်းအရာက ဘာလဲဆိုတာ သိပါသလား?
ပြည်သူ အများစု မပါလို့ပါ ။

ပြည်သူ အများစုက ဘာဖြစ်လို့ ဆန္ဒမပြလဲ?
သေနတ်နဲ့ အပစ်ခံရမှာဆိုးလို့ပါ။

လူအများစု ပါဝင်ဆန္ဒပြအောင် ဘယ်လိုလုပ်မလဲ?
မကြောက်နဲ့ လုပ်သာလုပ်လို့ ပြောပြီး အတင်းတွန်းနေလို့လည်း သူတို့ ထွက်ပြီးဆန္ဒပြမှာ မဟုတ်ပါဘူး။ အပစ်မခံရဲလို့ ဆန္ဒမပြတဲ့ ကိစ္စမို့ ဘယ်သူမှ ထွက်လာစရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ အနေနဲ့ အပစ်မခံရအောင် စဉ်းစားပေးသင့်ပါတယ်။်စဉ်းစားထားတာလေး တွေကတော့

(၁) မနက်၊ နေ့လည်၊ ညနေ၊ ညပိုင်း တနေ့လေးကြိမ် မေတ္တာသုတ်ကို အိမ်တိုင်းမှ ဖွင့်ပါ။ မေတ္တာသုတ်အသံဟာ မြန်မာပြည်ကြီး ပြောင်းလဲဖို့လိုလားတယ်ဆိုတဲ့ အချက်ပြ အသံဖြစ်ပါတယ်။ မေတ္တာသုတ် ဖွင့်လို့ ဘယ်စစ်သားမှ အိမ်ထဲကို လာပစ်မှာ မဟုတ်ပါဘူး။ လူတိုင်းလဲ လုပ်ရဲပါတယ်။ (စစ်သားတွေ ပြောသလောက် မရမ်းကားဘူးဆိုတာ အောက်မှ ဆက်ရေးထားပါတယ်) တချို့လူတွေက ညတချိန်ပဲ ဖွင့်သင့်တယ်လို့ ပြောနေကျပါတယ်။ ကျနော်ကတော့ သဘောမတူပါဘူး။ ညအချိန်ဖွင့်လဲ ပြီးရော အိပ်ဖို့အချိန်လဲ ရောက်သွားပါပြီ။ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ မနက်၊ နေ့ခင်းတွေမှာ မေတ္တာသုတ် အသံကြားရင် လူငယ်တွေ စိတ်တက်ကြွလာပီး ဆန္ဒပြဖို့ ကြိုးစား လာနိုင်ပါတယ်။ တချို့ပေါက်ကရ ပြောချင်တဲ့သူတွေက ကတ်ဆက် ဖွင့်တဲ့ အိမ်တွေကို လာဖမ်းနိုင်တယ်ဆိုပြီး ဖြဲခြောက်နိုင် ပါတယ်။ မယုံပါနဲ့။ လက်တွေ့ကျကျ စဉ်းစားပါ။ သူတို့မှာ ပြည်သူလူထုတွေ အများကြီးကို ဖမ်းပြီးထားဖို့ နေရာ မရှိပါဘူး။

(၂) အန္တရယ်ကင်းပြီး လုပ်နိုင်တဲ့ ဆန္ဒပြနည်းလေး ကိုလည်း တင်ပြချင်ပါတယ်။ မိမိရပ်ကွက်ထဲမှာ လူစုပြီး တလမ်းဝင် တလမ်းထွက် မေတ္တာသုတ်ရွတ်သွားပါ။ (ယောဂီဝတ်စုံလေးများ ၀တ်နိုင်ရင် ပိုသင့်တော်ပါသည်။) ဒို့အရေးလုံးဝ မအော်ပါနဲ့။ ဒို့အရေးမအော်လဲ ဘာအတွက် လုပ်နေလဲ လူတိုင်းသိပါတယ်။ ဒို့အရေးအော်ပြီး ဆန္ဒပြရင် ရ၀တနဲ့ ကြံ့ဖွတ်တွေက သူတို့ကို ရန်ပြုမှာ စိုးရိမ်ပြီး စစ်တပ်ကို အကြောင်းကြားနိုင်ပါတယ်။ အဲလို ရပ်ကွက်အတွင်းမှာ လမ်းလျှောက်တယ်ဆိုရင် စစ်တပ် အလွယ်တကူ လာရောက် ပစ်ခတ်ဖို့ မဖြစ်နိုင်ပါဘူး။ စစ်တပ်လာရင် အမြန်လူစုခွဲပီး မိမိအိမ်တွေထဲ ၀င်နေပါ။ စိတ်ကူးထဲမှာ တွေးကြည့်ပါ။ ယောဂီဝတ်စုံလေးတွေနဲ့ မေတ္တာသုတ် တလမ်းဝင် တလမ်းထွက် ရွတ်နေတာ ဘယ်လောက် အဆင်ပြေလဲဗျာ။ စစ်တပ်လာရင် အိမ်တွေထဲ ၀င်နေကျပေါ့။

(၃) လမ်းမကြီးတွေပေါ်မှာ ထွက်ပြီး မေတ္တာသုတ် ရွတ်ချင်ရွတ်ပါ။ ဘယ်တော့မှ စစ်တပ် (၀ါ) ရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ မကြိုးစားပါနဲ့။ သူတို့လာတာမြင်ရင် လူစုခွဲပါ။ ပျောက်ကြား နည်းစနစ်ကိုပဲသုံးပါ။ နောက်ပြီး မိမိရပ်ကွက်နဲ့ အဝေးကြီးကို မချီတက်ပါနဲ့။ အိမ်ပြန်ရခက်ရင် နောက်တကြိမ် ဆန္ဒပြဖို့ စိတ်ကုန် သွားတတ်ပါတယ်။

ကျနော် အခုတင်ပြထားတဲ့ သုံးချက်ဟာ ပြည်သူလူထု တစ်ရပ်လုံး အန္တရယ်ကင်းစွာနဲ့ လွယ်လွယ်ကူကူလုပ်နိုင်တဲ့ အချက်တွေပါ။ ဒါကြောင့် မိမိတို့ရဲ့ မိတ်ဆွေတွေဆီကို Email ပို့ပြီး ပြောပြပါ။ CBox တွေမှာ လိုက်ပြောပါ။ Forum တွေမှာ လိုက်ပြောပါ။ ၀က်ဆိုက် တွေကို သတင်းပေးပါ။ ကျနော်တို့ သေနတ်ရှိတဲ့သူကို အကွက်ကျကျ မလုပ်ရင် အောင်မြင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။

ဖြဲမချောက်နဲ့ ရန်မတိုက်နဲ့

Blog တွေကို ကြည့်လိုက်ရင် စစ်တပ် ရက်စက်တာတွေ ဆိုက်ဝါးလုပ်ထားတာ တွေ့နိုင်ပါတယ်။ အဆိုးရွားဆုံးမှာ ဘုရားဖျက်ဆီးတာကို ဓါတ်ပုံနဲ့ တင်ပြထားချင်း ဖြစ်ပါတယ်။ အဲဒီဘုရားကို ရိုက်ချိုးခဲ့ တာ တိုင်းရင်းသား စစ်သားလေးတွေဆိုတာ ဘုန်းကြီးတွေ ပြောပြချက်အရ သိရပါတယ်။ သူတို့ဟာ ဘာသာခြား စစ်သားလေးတွေပါ။ သူတို့ လုပ်တာနဲ့ ဗုဒ္ဓဘာသာ စစ်သားတွေကို သာသာနာဖျက်တွေလို့ ၀ါးလုံးရမ်းသင့် သလား? တကယ်တမ်း ပြောရရင် ။ ဗုဒ္ဓဘာသာ စစ်သားတွေ ခရစ်ယာန်ကျောင်းတွေကို ဖျက်ဆီးတာတွေ ရှိခဲ့တာပဲ။ အထက်က ခရစ်ယာန်ကျောင်းဖျက်ပါ၊ အထက်က ဗုဒ္ဓဆင်းတုတော်ကို ရိုက်ချိုးပါလို့ အမိန့်မပေးပါဘူး။ စစ်သားလေးတွေဟာ ဆယ်တန်းတောင် အောင်တာမှ မဟုတ်တာ စိတ်အလိုလိုက်ပြီး ဖြစ်သွားတာကို ချဲ့ကား မပြောသင့်ဘူးထင်ပါတယ်။

နောက်တခုကတော့ တပ်သားတွေ ဆန္ဒပြသူတွေကို ပစ်ရာမှာ လူမဆန်ဘူးလို့ အတင်းကို စွပ်စွဲနေပါတယ်။ (ရုရှက စစ်သားတွေ ပစ်ခတ်တာကို အားပေးတဲ့ အပြောအဆိုတွေကို အပြစ် မမြင်ပါနဲ့။ သူတို့ကို အချိန်ပြည့်သွားဆဲနေတော့ ဘယ်သူမဆို မခံချင်စိတ်နဲ့ အဲလိုပဲ ရေးမှာ ဖြစ်ပါတယ်။) ဒီကိစ္စကိုကျနော် လုံးဝ ဆန့်ကျင်ပါတယ်။ ဆန္ဒပြတဲ့သူတွေ သေတဲ့ အရေအတွက် ကြည့်ပါ။ စစ်သားတစ်ယောက်က လူတစ်ယောက်နှုံန်းပဲ သတ်တယ်ထားပါ။ အခုထက် အဆ တစ်ရာလောက် သေနိုင်ပါတယ်။ အခုလို သေအပျောက်စာရင်းကို ကြည့်ရင် စစ်သားတွေမှာ ကိုယ်ချင်းစာစိတ်နဲ့ မေတ္တာတရား ရှိတယ်ဆိုတာ မှတ်ချက်ချနိုင်ပါတယ်။ ဒါဆိုရင် ဘာကြောင့် စစ်သားတွေကို ခွေးနဲ့ နှိုင်းချင်တာလဲ? ဒါလုံးဝ မလုပ်သင့်ပါဘူး။

စွမ်းအားရှင်တွေ မစုစုနွေးလူစုခွဲတုံးကလည်း အကြမ်းဖက်မှုကြီးဆိုပြီး နာမည်တပ်ပါတယ်။ တကယ်တော့ စွမ်းအားရှင်တွေလုပ်တဲ့ အလုပ်ဟာ ကမ္ဘာပေါ်မှာ အငြင်သာဆုံးလုပ်တဲ့ အပြုအမှုပါ။ ပုံကြီးချဲ့ မပြောသင့်ပါဘူး။

အဲလို မဟုတ်က ဟုတ်က ဆိုက်ဝါးလုပ်လွန်းတော့ လူတွေက စစ်တပ်ကို ကြောက်သင့် တာထက် ပိုကြောက် သွားပါတယ်။ မသီရိဘာပြောလဲဆိုရင် . . . အိမ်ထဲမှာ မေတ္တာသုတ် ဖွင့်ရင်တောင် စစ်သားက ၀င်ပစ်မယ်တဲ့။ ဖြစ်နိုင်ရဲ့လားဗျာ။


ဒါကြောင့် လူတွေကို ဖြဲချောက်တာမျိုး မလုပ်သင့်ပါ။ လုပ်တော့ အကြောက်လွန်ပြီး ဒူးတုံတာနဲ့ ဘာမှ လုပ်လို့မရဖြစ်တတ်ပါတယ်။


အချိန်မနှောင်းခင် အမြန်လုပ်ပါ

နေ့စဉ် ဘာသတင်းထူးလဲ စနည်းနာရုံသက်သက် Blog တွေကို မသွားပါနဲ့။ ဆွေးနွေး ငြင်းခုံရင်းနဲ့လဲ အချိန်အကုန် မခံပါနဲ့။ ကျနော် အောက်မှာ ရေးထားတာကို Copy , Paste လုပ်ပြီး ဆီဗုံးတွေမှာ လိုက်ထည့်ပေးပါ။ နောက်ထပ် အနှစ် ၂၀ ထပ် မစောင့်ချင်ရင်ပေါ့။ သွေးမအေးခင် မြန်မြန်လုပ်ပါ။

(၁) မေတ္တာသုတ်ကို မနက်၊ နေ့လည်၊ ညနေ၊ ညပိုင်းများတွင် အိမ်တိုင်းမှ ဖွင့်ပေးပါ (၂) လူငယ်များ မိမိရပ်ကွက်ထဲမှာ မေတ္တာသုတ် ရွတ်ဖတ်ပါ။ (၃) ထိပ်တိုက်မရင်ဆိုင်ပါနဲ့။ ပြောက်ကျားစနစ်ကိုအသုံးပြုပါ

Friday, September 28, 2007

ဆန္ဒပြပွဲ ကျဆုံးတော့မယ်

၁၉၈၈ တုံးကလို လူထုအုံကြွမှုဟာ ထိရောက်မှု မရှိနိုင်ဘူးဆိုတဲ့ အချက်ကို သတိထားမိ ကျပါသလား ခင်ဗျာ။ အကြောင်းကတော့ ရန်ကုန်မြို့ဟာ မဟာဗျူဟာ အရ အရေးမပါတော့ ပါဘူး။ အုပ်ချုပ်မှုတွေကို နေပြည်တော်ကပဲ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးမှာ ဆန္ဒပြပွဲတွေ ဘယ်လောက်ပဲ ဖြစ်ဖြစ် အစိုးရ အုပ်ချုပ်ရေးကို မထိခိုက်နိုင်ပါဘူး။ ရေရှည်လုပ်နိုင်ရင်တော့ တမျိုးပေါ့ဗျာ။ ပြည်သူတွေ နေရာက စဉ်းစားကြည့်ပါ။ မိမိအလုပ်အကိုင်တွေ ပြစ်ပြီး ဘယ်လောက် ကြာကြာ လမ်းလျှောက် ဆန္ဒပြနိုင်မှာလဲ? တစ်လ ? နှစ်လ ? သုံးလ ? ။ သုံးလဆိုတာ အလွန်ဆုံးပါ။ ခြေကုန် လက်ပန်း ကျလာပြီး တဖြေးဖြေး တိတ်ဆိတ်သွားမှာပါ။ စားဝတ်နေရေးကလဲ ရှိသေးတယ်မဟုတ်လား။ နောက်ဆုံးတော့ ဆန္ဒပြပွဲ ကျဆုံးသွားမှာပါ။

အရင်ပြောခဲ့သလိုပဲ နအဖ ဆင်းသင့်ပြီ (၀ါ) အပြောင်းအလဲ လုပ်သင့်ပြီ ထင်ပါတယ်။ လက်ရှိအစိုးရဟာ နိုင်ငံစီးပွားရေး အကျပ်အတည်းကို ဖြေရှင်းနိုင်စွမ်း မရှိဘူးဆိုတာ သေချာပါတယ်။ (စကားမစပ် အစိုးရတခု အနေနဲ့ နအဖ လုပ်ရပ်ကို ရက်စက်တယ်လို့ မသတ်မှတ်နိုင် သေးဘူးလို့ ထင်ပါတယ်။ ဒီမိုကရေစီအစိုးရတွေက သတင်းဌာနတွေ အကူအညီနဲ့ ဖုံးကွယ်ထားလို့ သူတို့ လူသတ်မှုတွေက မသိချင်းဖြစ်ပါတယ်။) ဒီတော့ နိုင်ငံစီးပွားရေးပြန်လည် ဦးမော့ လာအောင်နဲ့ နိုင်ငံတကာအလည်မှာ မြန်မာ့နိုင်ငံ တင့်တင့်တယ်တယ် ဖြစ်လာဖို့ နအဖဆင်းသွားအောင် (၀ါ) အပြောင်းအလဲဖြစ်လာအောင် ညီညီ ညွတ်ညွတ် လုပ်ရုံနဲ့ မရတော့ ပါဘူး။ စဉ်းစားတွေးခေါ်ပြီး လုပ်တတ်ဖို့လဲ လိုလာပါပြီ။

အကျိုးရှိသော ရေရှည်လှုပ်ရှားမှု

ကျနော်တို့ နအဖ ဆင်းဖို့ဆိုတာ ဘယ်နှစ်လအထိ ဆန္ဒဆက်ပြရမလဲ မသိပါဘူး။ ရန်ကုန်ဟာ အရင်လို အရေးပါတဲ့မြို့မဟုတ်တော့ တစ်လ ၊ နှစ်လနဲ့ ထူးခြားလာမယ်လို့ မျှော်လင့်ဖို့ မလွယ်ပါဘူး။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကြည့်ပီး စစ်တပ်ကို ဆဲနေတာထက် သဘောထားကြီးကြီးနဲ့ လုပ်သင့်တာတွေ ဆွေးနွေးသင့်ပီ ထင်ပါတယ်။ ဒါကြောင့် ရေရှည် ဆန္ဒပြပွဲတွေကို လုပ်ကိုင်ဖို့ စီမံကိန်းချသင့်ပါပြီ။

အရင်တင်ပြခဲ့သလိုပဲ ဆန္ဒပြသူ အနာတရ မဖြစ်တဲ့ နည်းလေးနဲ့ စတင်စေချင်ပါတယ်။ မိမိတို့ရဲ့ အိမ်တွေမှာ မနက် ၊ နေ့လည် ၊ ညနေ၊ ည နေ့စဉ် လေးကြိမ် ကဒ်ဆက်တွေနဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာပို့နည်းကို အသံအကျယ်ချဲ့ပီး ဖွင့်စေချင်ပါတယ်။ အစိုးရကို အပြောင်း အလဲလုပ်ဖို့အတွက် ဆန္ဒပြတဲ့ သဘောပါ။ ဒီအလုပ်ဟာ လုပ်တဲ့သူအတွက်လည်း အဆင်ပြေပါတယ်၊ အန္တရယ်မရှိပါဘူး၊ နောက်ပီး လုပ်ရတာ အရမ်းလွယ်ကူတဲ့အတွက် လူတိုင်းလိုလို လုပ်နိုင်ပါတယ်။ ရေရှည်လည်း လုပ်နိုင်ပါတယ်။

ဒုတိယအချက်ကတော့ ရပ်ကွက်ထဲမှာ လူစုပြီး တလမ်းဝင် တလမ်းထွက် မေတ္တာသုတ် ရွတ်စေချင်ပါတယ်။ စစ်တပ် (၀ါ) လုံခြုံရေးတွေ လာရင် လူစုအမြန်ခွဲပါ။ ထိပ်တိုက် မရင်ဆိုင်ပါနဲ့။ မိမိရပ်ကွက်ထဲမှာ မေတ္တာသုတ်ရွတ်ဖို့ လူစုရတာ ပိုပြီးလွယ် နိုင်ပါတယ်။ အန္တရယ်လဲ ကင်းပါတယ်။ အဲဒါလေးတွေ ဖြစ်နိုင်လား စဉ်းစားကြည့်ကျပါဦးခင်ဗျာ။

အနှစ် ၂၀ စောင့်ချင်သေးလား

ဒီတခါ မအောင်ရင် နောက်ထပ် အနှစ် ၂၀ လောက် ကြာမှ အခုလို အခွင့်အရေးမျိုးကို ထပ်စောင့်ရမှာပါ။ ကျနော်ကတော့ အဲလောက် မစောင့်စေချင်ဘူးဗျ။ နိုင်ငံလည်း နလန်မထူတော့ဘူး ဖြစ်နေပြီ။ အခုလူတွေ ကသတင်းတွေနဲ့ပဲ အချိန်ကုန်ခံနေပါတယ်။ သတင်းတပုဒ်မကျန် နားထောင် ကျပါတယ်။ ကုလသမဂ္ဂ ဘာလုပ်ပေးမလဲ စောင့်မျှော် နေကျပါတယ်။ အမေရိက လာလေမလားလို့လဲ မျှော်နေပါတယ်။ ကျနော့အမြင်ပြောရရင် လက်တွေ့ကျကျ ဘာတွေလုပ်သင့်လဲ ဆိုတာကို အဓိကထား စဉ်းစားသင့်ပြီထင်ပါတယ်။ အချိန် မနှောင်းခင်ပေါ့ဗျာ။
ကျနော် အခု စဉ်းစားထားတာလေးကို ပုဂ္ဂိုလ်ရေး မသင့်မြတ်တာ မေ့ထားပြီး လက်တွေ့ အကောင်အထည်ဖေါ်နိုင်လား စဉ်းစားကြည့်စေချင်ပါတယ်ခင်ဗျာ။

ငြိမ်းချမ်းတိုးတက်သော နိုင်ငံတော်ကြီးဆီသို့
တောသားနှစ်ယောက်
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Thursday, September 27, 2007

နိုင်ငံရေးပြောင်းဖို့ မေတ္တာအင်အားအသုံးပြုကျပါစို့

ကျနော်ကတော့ ဆန္ဒပြတာကို အားပေးပါတယ်။ ဒီမိုကရေစီကို မက်မော လို့တော့ မဟုတ်ပါဘူး စီးပွားရေး အကျပ်အတည်းက လွတ်မြောက်ဖို့နဲ့ နအဖ ဆင်းသင့်ပြီထင်လို့ပါ။ အခုဆို ကျနော်တို့နိုင်ငံကို နိုင်ငံတကာက ပိုပြီး ၀ိုင်းပယ်ထားပါပြီ။ Total ကလဲထွတ်မယ်တဲ့။ အခုတောင် ပြည်သူတွေ မသေရုံ စားနိုင် သောက်နိုင် တာပါ။ ဒီထက် ဆိုးရွားလာရင် မတွေးဝံ့ စရာပါ။

ဖြစ်ရပ်မှန်

ဒီမိုကရေစီ Blog တွေကိုလေ့လာကြည့်ပါ။ စစ်သားတွေ အကြမ်းဖက်ပုံတွေနဲ့ ဘုန်းကြီးတွေ မေတ္တာရွတ်ပုံတွေကို ဝေေ၀ဆာဆာတင်ထားပါတယ်။ မေတ္တာသုတ်ရွတ်နေသူတွေကို စစ်တပ်က ပလိမ်းကြီးပစ်တယ်ပေါ့ဗျာ။ oppositeye Blog ကို လေ့လာကြည့်ရင်တော့ ဘုန်းကြီးတွေ နဲ့ ဆန္ဒပြသူတွေ ဒုတ်ကိုင်ထားတဲ့ပုံတွေ မြင်တွေ့နိုင်ပါတယ်။ ဖျက်ဆီးထားတဲ့နေရာ အချို့ကို စက်ဝိုင်းနီနဲ့ မြင်သာအောင် ပြထားပါတယ်။ သဘောကတော့ စစ်တပ်က အကြမ်းဖက်လို့ ပစ်တယ်ပေါ့ဗျာ။ (အခုဟာ စစ်တပ် ၀င်သင့် မ၀င်သင့် ဆွေးနွေးနေတာ မဟုတ်တဲ့အတွက် ဆက်မပြောတော့ပါဘူး) ဒီမိုကရေစီသမားတွေက အစိုးရ ဘုန်းကြီးအတုတွေနဲ့ ရုံးရင်းဆန်ခတ်ဖြစ်အောင် ကြံစည်နေတဲ့အကြောင်း ဆီဗုံးတွေမှာ လိုက်ရေးပါတယ်။ အစိုးရကလဲ ဒီမိုကရေစီ အဖွဲ့တွေ ဘုန်းကြီးအတုတွေနဲ့ အကြမ်းဖက်ဖို့ ကြိုးစားတဲ့ အကြောင်း သတင်းစာတွေမှာ ရေးသားခဲ့ပါတယ်။

ဘယ်သူပြောတာမှန်လဲ? oppositeye လူတွေ ကတော့ နအဖပြောသမျှ အမှန်လို့ ယူပါတယ်။ ဒီမိုကရေစီသမားတွေကတော့ နအဖက လွဲရင်ကျန်တဲ့ သတင်းဌာနတွေပြောသမျှ မှန်တယ်ဆိုပဲ။ ကျနော်က နှစ်ဖက်စလုံးကို မယုံဘူးဗျ။ တကယ် ဘာတွေ ဖြစ်နေလဲဆိုတာ ကျနော် မသိဘူး။ သေချာတာကတော့ ဆန္ဒပြသူတွေ နအဖ ပြောသလောက် မဆိုးသွမ်းသလို ၊ ဒီမိုကရေစီ သမားတွေ ပြောသလောက် စစ်တပ် မရက်စက်ပါဘူး။

စစ်တပ်ပါဖို့ ဖြစ်နိုင်လား

လူတွေကအထက်က ပစ်မိန့်ပေးတာကို လွန်ဆန်ပြီး စစ်တပ် ဆန္ဒပြသူတွေနဲ့ လာရောက် ပူးပေါင်းနိုင်တယ်လို့ စိတ်ကူးယဉ်ကျပါတယ်။ လက်တွေ့ကျကျ စဉ်းစားကြည့်ပါ။ ဒီစစ်သားတွေဟာ (၁) Brainwashed လုပ်ခံထားရတဲ့ အတွက် ဆန္ဒပြသူတွေကို အကြမ်းဖက်သမားတွေလို့ တရားသေမှတ်ပြီးဖြစ်ပါတယ်။ ဒါဆိုရင် ပြည်သူဖက်ပါလာဖို့ ဖြစ်နိုင်လား? (၂) စစ်တန်းလျားမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ မိသားစုတွေ ဒုက္ခရောက်ခံပါ့မလား ? (၃) ဒီတပ်ခွဲလေးတွေဟာ သေနတ်ပဲရှိတယ်။ ပြည်သူနဲ့ ပေါင်းရင် သူတို့ထက် လက်နက်ပိုတောင့်တင်းတဲ့ တပ်ခွဲက လာရောက်သုတ်သင်မှာပဲ။ အဲဒါဆိုရင် ပိုပြီး အထိအခိုက်များနိုင် ပါတယ်။ တင့်ကားတွေ မြို့ထဲမှာ ထားတယ်ဆိုတာ အဲလို ခွဲထွက်သွားတဲ့ တပ်ခွဲတွေကို ချေမုံန်းဖို့ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ မေတ္တာတရားကို လက်နက်အဖြစ် အသုံးပြုသင့်ပါတယ်။


အမုံန်းတရားလးတွေ

မေတ္တာတန်ခိုး နအဖကို မတိုးဘူးလို့ ပြောကျပါတယ်။ ကျနော်ကတော့ အဲဒါမှားတယ်လို့ထင်ပါတယ်။ တိရိစ္ဆာန်တောင် မေတ္တာ ကိုခံယူနိုင်ပါတယ်။ စစ်သားတွေကို ကျနော်တို့ မခံချင်စိတ်နဲ့ နှိမ်ပြောနေပမယ့် သူတို့ဟာ လူသားစစ်စစ် ဗုဒ္ဓဘာသာတွေပါ။

နအဖရဲ့ဆိုက်ဝါးဟာ သူတို့ စစ်သားတွေပေါ် ထိရောက်တယ်ဆိုတာ လက်ခံပါ။ ဆန္ဒပြသူတွေ လက်ချက်ကြောင့် စစ်သားတွေ၊ ရဲတွေဒဏ်ရာရသွားတယ်လို့ နအဖ သတင်းစာတွေကနေ ၀ါဒဖြန့်ထားပါတယ်။ (လိမ်တယ်လို့ ထင်ပါတယ်) အွန်လိုင်းမှာလဲ စစ်သားတွေကို ဆဲနေကျပါတယ်။ ဦးသန်းရွှေကို ဆဒန်ဟူစိန်လို သတ်ဖို့တောင် ကျိမ်းနေကျပါတယ်။
ဒီတော့ စစ်သားတွေက ဆန္ဒပြသူတွေကို မမုံန်းပဲ နေဦးမလား။ ဒီအထဲမှာ ဆိုင်ကယ်တွေ ၊ ကားတွေကို ဖျက်ဆီးတာတွေ ရှိခဲ့ပါတယ်။ ကြံ့ဖွတ်ဘုန်းကြီး အတုတွေလက်ချက်လို့ အတိအကျ ပြောလို့ မရနိုင်ပါဘူး။ မန္တလေးသားတွေ ဘုန်းကြီးတွေ ဘယ်လောက် လက်သန်ပြောင်လဲဆိုတာ အသိဆုံးပါ။ အနည်းဆုံးတော့ ကြံ့ဖွတ်လုပ်လဲ စစ်သားတွေက ဘုန်းကြီးအစစ်လုပ်တယ်ထင်မှာပဲ။ ဒါတွေကြောင့် စစ်သားတွေဟာ အမုံန်းတရားတွေနဲ့ပဲ ထိတွေ့နေတယ်လို့ ပြောနိုင်ပါတယ်။

မေတ္တာကို အားထားပါ

ဒီတော့
စစ်သားတွေကို ဆန္ဒပြသူတွေအနေနဲ့ ရန်သူ မဟုတ်ကြောင်း ခံစားလာအောင် ကျနော်စဉ်းစားထားတာ လေးတွေ အမှတ်စဉ်နဲ့ တင်ပြချင်ပါတယ်။ ကျနော်ပြောသလို လုပ်ရင် စစ်သားဟာ နှစ်ချက် ပစ်ရမယ့်နေရာ တစ်ချက်ပဲ ပစ်မှာပါ။ အာမခံပါတယ်။

(၁) ဒို့အရေး သွားမအော်ပါနဲ့။ ဒို့အရေး မအော်လဲ ဘာလုပ်နေလဲ သိပြီးသားပါ။ စစ်တပ်ကို မေတ္တာပို့ပါ။ ဖြစ်နိုင်ရင် တပ်မအမည်နဲ့ မေတ္တာပို့ပါ။ ဥပမာ- တပ်မ ၇၇ မှ စစ်သားများ၊ ကျန်းမာကျပါစေ။ ချမ်းသာကျပါစေ။ ဆိုတာမျိုးပေါ့။ ဘယ်သူပဲ ဖြစ်ဖြစ် ဒါမျိုးသူတို့ရှေ့မှာ မေတ္တာပို့ရင် အမိန့်အရ ပစ်ရရင်တောင် ထိအောင် ပြစ်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။

(၂) စစ်တပ် (၀ါ) ရဲတွေနဲ့ ရင်ဆိုင်နေရင် လုံးဝ မတ်တပ်မရပ်ပါနဲ့။ ထိုင်နေကျပါ။ အဲလိုလုပ်ချင်းနဲ့ အမှန်တကယ် ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာ သူတို့ လက်ခံလာမှာပါ။ မတ်တပ်ရပ်ရင် လူအုပ်စုများတဲ့အတွက် ထိမ်းလို့ မရဖြစ်တတ်ပါတယ်။ ကြံ့ဖွတ်ဘုန်းကြီး အတုတွေ နဲ့ စိတ်တိုတတ်တဲ့ ကိုယ်တော်တွေလဲ အဖျက်လုပ်ရပ် လုပ်ချင်းမှ တားမြစ်သလို ဖြစ်သွားပါတယ်။

(၃) တကယ်လို့ လူစုခွဲပါလို့ အမိန်ပေးရင်။ မိမိတို့အချင်းချင်း ဘယ်မှာ ထပ်စုမလဲ စကားလက်ဆင့်ကမ်းပါ။ ပြီးရင်ချက်ချင်းခွဲပါ။ မခွဲရင်သူတို့က လူစုကွဲအောင် လုပ်ဖို့ အမိန့်အတိုင်း လုပ်ရမှာဖြစ်ပါတယ်။ စစ်သားရဲ့ အသက်ဟာ အမိန့်မို့ သူလုပ်ကို လုပ်မှာဖြစ်ပါတယ်။ သူတို့ အလုပ်ကို ကျနော်တို့ လေးစားရမှာပါ။ ဒါဟာ တဖက်ကို လေးစားပြတဲ့အတွက် စစ်သားတွေရဲ့ ကျေးဇူးတင်ချင်းကို ခံရမှာဖြစ်ပါတယ်။

(၄) ဖြစ်နိုင်ရင် သူတို့က ခွဲပါလို့ အမိန့်ပေးရင် ချက်ချင်းမခွဲပဲ ။ အကြီးအကဲ တစ်ယောက်က စစ်တပ်ကို နာရီဝက်၊ တစ်နာရီလောက် မေတ္တာဆက်ပို့ခွင့် တောင်းပါ။ ရနိုင်ပါတယ်။ အဲဒီအချိန်မှာ တပ်ခွဲအုပ်ချုပ်တဲ့ ဗိုလ်မှုး (၀ါ) ဗိုလ်ကြီးတွေရဲ့ ဆုံးဖြတ်ချက်က အဓိကပါ။ စစ်တပ်နဲ့ ပြည်သူ လည်းပိုမိုပြီး နီးစပ်လာနိုင်ပါတယ်။ စစ်တပ်က မနေနဲ့ဆိုရင်လဲ စိတ်မဆိုးပါနဲ့။ ကြည်ဖြူစွာ မေတ္တာပို့ပြီး ခွဲလိုက်ပါ။

(၅) တကယ်လို့ မြို့ထဲကို မသွားနိုင်ရင် (၀ါ) မသွားရဲရင် မိမိရပ်ကွက်ထဲမှာ လူစုပြီးလှည့်လည်ပါ။ တလမ်းဝင် တလမ်းထွက် သွားပါ။ ဒါပေမယ့် ဒို့အရေးလုံးဝ မအော်ပါနဲ့။ မေတ္တာပို့ပြီးသွားပါ။ ဒို့အရေးမအော်လဲ ဘာကြောင့် ဆန္ဒပြနေလဲ လူတိုင်းသိပါတယ်။ ဒို့အရေးအော်ရင် ရ၀တနဲ့ ကြံဖွံ့တွေက သူတို့ကို အန္တရယ်ပြုမှာဆိုးတာနဲ့ ကြောက်လန့်ပြီး စစ်တပ်ကို အကြောင်းကြား နိုင်ပါတယ်။

(၆) မိမိတို့အိမ်တွေမှာ မေတ္တာသုတ်ကို ကဒ်ဆက်နဲ့ အကျယ်ကြီးဖွင့်ထားပေးပါ။ မေတ္တာပို့သံကြားတဲ့ လူတွေနဲ့ စစ်သားတွေရဲ့ စိတ်ကို ပျော့ပြောင်းစေပါတယ်။ BBC, DVB နဲ့ မြန်မာ့အသံ ရုပ်မြင်သံကြားသတင်း တွေကတော့ လူတွေကို ရန်တိုက်ပေးတဲ့အတွက် တတ်နိုင်သလောက် အသံတိုးပြီးဖွင့်ပါ။

(၇) ညတိုင်း ၉ နာရီနဲ့ နေ့လည် ၁၂ နာရီများတွင် မိမိတို့ အိမ်မှ သံပုံးများ တီးခတ်ချင်းနဲ့ အသံကျယ်လောင်စွာထုတ်ပြီး နအဖကို ဆင်းပေးဖို့ အချက်ပြ ဆန္ဒပြပါ။ ဘယ်စစ်သားမှ အိမ်ထဲဝင်ပြီး ပြဿနာရှာမှာ မဟုတ်ပါ။

(၈) အပြင်မှာရော၊ အွန်လိုင်းမှာရော စစ်သားတွေနဲ့ ဦးသန်းရွှေကို ဆဲတာတွေနဲ့ ကြိမ်းမောင်းတာတွေ လဲရပ်ပေးပါ။ ဆဲသူများကိုလည်း တားမြစ်ပေးပါ။ ဒီလိုဆဲတာတွေ၊ ကြိမ်းမောင်းတာတွေကြောင့် ထိပ်ပိုင်း အကြီးအကဲတွေ အဏာလွှဲပြောင်းဖို့အရေး အပြင်းအထန်ကာကွယ်တာတွေ ဖြစ်တတ် ပါတယ်။


အစိုးရပြောင်းသင့်ပြီထင်ရင် ဒီတကြိမ် အနိုင်ရအောင်လုပ်ပါ။ ပြည်ပကိုလည်း အားမကိုးပါနဲ့။ ဒီမိုကရေစီနိုင်ငံတွေဟာ စီးပွားရေးပိတ်ဆို့တာနဲ့ အပြစ်တင်တာကလွဲရင် ဘာမှ အဖြစ်မရှိပါဘူး။ ဒီတော့ ပစ်တယ်ဟေ့ ဆိုရင် လူတိုင်းကြောက်ကျမှာပါ။ ဒီတချည် အနိုင်မလုပ်နိုင်ရင် အစိုးရ ပြောင်းဖို့ဆိုတာ နောက် နှစ်ပေါင်း ၂၀လောက် ထပ်စောင့်ရမှာပါ။ ကျနော်တင်ပြထားတာတဲ့ အမှတ်စဉ် (၅၊ ၆၊ ၇၊ ၈) တွေက လူတိုင်းလိုက်နာနိုင်ပါတယ်။ ပြီးတော့ အားလုံးဟာ မေတ္တာတရားပေါ်မှာပဲ အခြေခံထားတာပါ။ လုပ်တဲ့သူတွေကို လည်း အန္တရယ် မကျရောက်နိုင်ပါဘူး။ ၀ိပဿာနာတရားကို အနောက်နိုင်ငံတွေမှာ တွင်ကျယ်နေတဲ့ အခုအချိန် အခါမှာ ကျနော်တို့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ ဗုဒ္ဓရဲ့မေတ္တာတရားကို လက်တွေ့ စမ်းသပ်ကြည့်ကျပါဆို့လားခင်ဗျာ . . . . .


မြန်မာ့တပ်မတော်သားများအားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကျပါစေ
တောသားနှစ်ဦး


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

မျှော်လင့်ချက်

ကျနော်ကတော့ မြန်မာ့တပ်မတော်ကို ပြည်သူလူထု အားကိုးလေးစားတဲ့ တပ်မတော် ဖြစ်စေချင်ပါတယ်။ စစ်တပ်ထဲမှာ ခေတ်မှီတပ်မတော် ဖြစ်လာအောင် ကိုယ်ကျိုးစွန့် လုပ်ကိုင်နေသူတွေလဲ ရှိနေပါတယ်။ အဲဒါအတွက် ကျေနပ် အားရ ဖြစ်မိပါတယ်။ အခုတော့ တပ်မတော်ဟာ စစ်တပ် အလုပ်ကို မလုပ်ပဲ ဓါတ်ဆီဈေးတက်ပြီး အကြပ်အတည်းဖြစ်လို့ လမ်းတွေပေါ် ဆန္ဒထွက်ပြတဲ့ ပြည်သူတွေကို ပစ်နေပါပြီ။ မြန်မာ့တပ်မတော်ရဲ့ဂုဏ် ပြန်တက်လာဖို့ကတော့ မျှော်လေတိုင်းဝေး ဖြစ်ပြီထင်ပါတယ်ဗျာ။

ဆန္ဒပြတာ တကယ်တော့

ဆန္ဒပြရတဲ့ အဓိက အကြောင်းအရင်း ဒီမိုကရေစီလိုချင်လို့ မဟုတ်ပါဘူး။ စီးပွားရေး ကျပ်တည်းမှုပါ။ စီးပွားရေးကျဆင်းနေတာလည်း စီးပွားရေးပိတ်ဆို့ထားလို့ ဆိုတာ ကျနော်လက်ခံပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီ သမားတွေကို အမြဲ အပြစ်တင်ခဲ့ ပါတယ်။ ဒါပေမယ့် ရေမြေသံယံဇာတ ကောင်းတဲ့ မြန်မာပြည်ကြီးမှာ ထမင်း တနပ်တောင် ကောင်းကောင်း မစားနိုင်တဲ့ အထိရောက်သွားတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး။ ဦးရှုမောင်တုံးကလည်း တိုင်းပြည် ဆင်းရဲဆုံးနိုင်ငံဖြစ်အောင် လုပ်ခဲ့တယ်။ အခုနအဖ လက်ထက်မှာတော့ ပြည်သူလူထု စားစရာမရှိအောင် ဖြစ်နေတယ်။

နအဖ ပြည်သူတွေရဲ့ စားဝတ်နေရေးကြပ်တည်းနေတာကို ဘယ်လိုဖြေရှင်းလဲ? ကြေးမုံ သတင်းစာထဲမှာ ရေးထားတာတွေ လာမပြောပါနဲ့။ ဒီမိုကရေစီသတင်းဌာနတွေက ပြစ်မှုကျူးလွန်တဲ့ ရဲတွေကို ဥပဒေနဲ့ အပြစ်ပေးတယ်ဆိုပြီး ပြောပေမယ့် ဘယ် ဒီမိုကရေစီရဲကမှ ဥပဒေကို လေးစားတာ မဟုတ်ပါဘူး။ နအဖလဲ ဘာထူးလဲ။ သတင်းစာထဲမှာတော့ ဘာလုပ်တယ်၊ ညာလုပ်တယ်နဲ့ စွပ်ပြော။ တကယ်တမ်းတော့ ပြည်သူတွေ တနေ့တခြား စားဝတ်နေရေး ကြပ်တည်းလာတာပဲ မဟုတ်လား။ သေချာစဉ်းစားကြည့်ပါ . . . . နအဖ တွေ့သမျှလူကို ပိုက်ဆံမပေးပဲ ခိုင်းနိုင်တယ် မဟုတ်လား။ မြန်မာနိုင်ငံဟာ သံယံဇာတ ပေါကြွယ်တဲ့နိုင်ငံ မဟုတ်လား၊ စီမံကိန်း အတွက်မြေတွေကို သိမ်းချင်တိုင်း သိမ်းနိုင်တဲ့ နိုင်ငံမဟုတ်လားဗျာ။ နှစ်ပေါင်း ၂၀ လုံးလုံး မြန်မာ ပြည်သူလူထု သည်းခံခဲ့တာပဲမဟုတ်လား ။ အဲလောက် ကောင်းတဲ့ နိုင်ငံကိုတောင် ထမင်း နပ်မှန်အောင် မအုပ်ချုပ်နိုင်ဘူးဆိုရင် ဘာအတွက် အစိုးရ လုပ်နေသေးလဲ။ လူထုကတောင် ဆင်းခိုင်းစရာ မလိုပါဘူး။ အခုဟာ ဘယ်လောက် ရှက်ဖို့ကောင်းလဲဗျာ။ ဓါတ်ဆီဈေးတက်တာကို ညှိပေးဖို့ တောင်းဆိုတာကို တချက်လေးမှ စဉ်းစားမပေးဘူး။ ပိုဆိုးတာ သတင်းစာတွေထဲမှာ ဓါတ်ဆီဈေးတက်တာနဲ့ ပြည်သူတွေ မဖြစ်စလောက်ပဲ ခံရတယ် ဆိုတဲ့ အထာနဲ့ရေးထားတယ်။ ဒါဟာ ပြည်သူတွေကို စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းသလိုဖြစ်နေတယ်။ ဘယ်လောက်ခံပြင်းဖို့ကောင်းလဲ။ ဒီအစိုးရ ဆက်အုပ်ချုပ်သင့် ၊ မသင့် ခေါင်းထဲထည့်ပြီး စဉ်းစားဖို့တောင် မလိုတော့ပါဘူး။

စစ်တပ်အလုပ်လား

ကို oppositeye ရဲ့ ဘလော့မှာ တပ်မတော် သားတွေရဲ့ အတွေးအခေါ်နဲ့ ယူဆချက်တွေကို မြင်တွေ့ နိုင်ပါတယ်။ သူ့ဘလော့မှာ ဒုတ်ကိုင်၊ ခဲကိုင်နေတဲ့ ရဟန်းတွေနဲ့ လူတွေရဲ့ ဓါတ်ပုံကို ပြသထားပါတယ်။ သဘောကတော့ အကြမ်းဖက်လာတဲ့ အတွက် စစ်တပ်က ပြစ်ရတယ် ပေါ့ဗျာ။

ဒီမိုကရေစီဘက်နဲ့ နအဖ တဖက်ကို တဖက် ဆန္ဒပြပွဲမှာ ရုံးရင်းဆန်ခတ်ဖြစ်အောင် သံဃာအတုတွေ သုံးတဲ့အကြောင်း အပြန်အလှန် စွပ်စွဲကျပါတယ်။ ကျနော်ကတော့ နှစ်ဖက်စလုံးကို မယုံဘူးဗျ။ ထားလိုက်ပါ သံဃာအတု သုံးမသုံးကလဲ အရေးလဲမကြီးပါဘူး။ ဒီနေရာမှာ စစ်သားတွေအနေနဲ့ စဉ်းစားသင့်တာလေးတွေ ရှိနေပါတယ်။ ဘက်မလိုက်ပဲ ယောကျားပီပီ အမှန်ကိုစဉ်းစားရပါမယ်။ ဒုတ်ကိုင်၊ ခဲပေါက်ရုံနဲ့ ပြစ်ခတ်သင့်သလား။ မျက်ရည်ယိုဗုံန်း၊ ရာဘာကျည်ဆံနဲ့ဆို လုံလောက်ပါပြီ။ တကယ်လို့ ရဲတွေ မနိုင်ဘူးဆိုရင် စစ်တပ်ကို အသုံးပြုသင့်လား? ရှင်းပါတယ်။ ဒုတ်ကိုင်ထားတဲ့ လူရမ်းကားလေး ၁၀ ယောက်လောက်ကို သတ်ဖို့က စစ်တပ်အလုပ် မဟုတ်ပါဘူး။ ရဲပဲလုပ်ရမှာပါ။ ရဲမနိုင်ပဲ ဆန္ဒပြတဲ့သူတွေ များလာရင် ဘယ်လိုလုပ်မလဲ? ရှင်းပါတယ်။ ဦးသန်းရွှေ ဆင်းပေးပေါ့ဗျာ။ ပြည်သူကို ပြစ်ဖို့နေနေသာသာ စစ်တပ်က မိုးပေါ်ထောင်ပြစ်ပြီး ခြိမ်းချောက်တာမျိုးတောင် မလုပ်သင့်ပါဘူး။ အခုတော့ လူအုပ်ထဲတောင် ပြစ်နေပြီဗျာ။ ကျနော်ကတော့ အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်။ ဒါပေမယ့် စစ်သားတွေကို မဆဲပါဘူး။ စစ်သားတွေကို ဆဲတဲ့သူတွေကိုလည်း ဆန့်ကျင်မြဲဆန့်ကျင်မှာပါ။ တပ်တွင်း ပုန်ကန်ဖို့လည်း အားမပေးပါဘူး။ ဒါပေမယ့် မိမိနဲ့အလှမ်းမှီတဲ့ စစ်တပ်အရာရှိတွေကို ပြည်သူတွေပေါ်မှာ ငြင်သာဖို့ဖျောင်းဖျပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ပြည်သူအားကိုးနိုင်တဲ့ တပ်မတော် ဖြစ်လာရေးအတွက်ပါ။

ဝမ်းနည်းချင်းမျာစွာနဲ့
တောသားနှစ်ယောက်


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Saturday, September 22, 2007

ဝိပဿနာနဲ့ အနောက်နိုင်ငံ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဒီနေ့ Newsweek မဂ္ဂဇင်းမှာ ရေးထားတဲ့ ဆောင်းပါးတပုဒ်ကို အနည်းငယ်သုံးသပ် တင်ပြချင်ပါတယ်။ ဆောင်းပါး အမည်ကတော့ Buddha Lessons ဖြစ်ပါတယ်။ ရေးထားတာကတော့ ၀ိပဿနာ (Mindfulness meditation) ရှု့လုပ်တာ တက္ကသိုလ်တွေနဲ့ ဆေးရုံတွေမှာ တွင်ကျယ်လာတဲ့ အကြောင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ပြီး သုံးသပ်မိတဲ့ အတွေးလေးများကို ဝေငှချင်ပါတယ်ခင်ဗျာ။

Religion မဟုတ်ပါ
ကနေဒါနဲ့ အမေရိကနိုင်ငံ တက္ကသိုလ်၊ ဆေးရုံ၊ အစိုးရနဲ့ ပုဂ္ဂိလိက ဌာနကြီးတွေမှာ ဘုရားရှိခိုးဖို့ နေရာတွေ လုပ်ပေးထားပေးပါတယ်။ ဒါပေမယ့် ဘာသာရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ဌာနအမည်သုံးပြီး လုပ်ကိုင်ခွင့် မရှိပါဘူး။ ဒါကြောင့်လည်း ခရစ်စမတ် ရုံးပိတ်ရက်အတွက် Merry Christmas လို့ နှုတ်ဆက် စာတန်း သုံးတာ မရှိပါဘူး။ Happy Holiday လို့ပဲရေးရပါတယ်။ ဘာသာရေးနဲ့ ကင်းရှင်းအောင် လုပ်ကိုင်ရပါတယ်။

ဗုဒ္ဓဘာသာကိုလဲ ဘာသာရေး (Religion) တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာဟာ မွတ်ဆလင်၊ ခရစ်ယာန် ၊ ဂျူး ဘာသာတွေနဲ့ တူတာ အချက်တချက်ပဲရှိပါတယ်။ ဘာသာရဲ့ အဆုံးအမတိုင်း နေထိုင် လုပ်ကိုင်သွားပါက သေပြီးနောက်မှာ ကောင်းရာရောက်မယ် ဆိုတဲ့ အချက်ပဲ ရှိပါတယ်။ ကျန်တာတွေကတော့ အဖြူနဲ့ အမဲလို ခြားနားပါတယ်။ အခုလိုရေးတာ တခြားဘာသာများကို နှိမ့်ချ ရေးသားချင်း မဟုတ်ပါ။ မှန်ကန်သော အချက်အလက် အနေနဲ့ တင်ပြချင်းသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာကို ဘာသာ(Religion) တစ်ခုလို့ သတ်မှတ်ထားတဲ့ အတွက် တက္ကသိုလ်နဲ့ ဆေးရုံတွေမှာ ၀ိပဿနာ တရားထိုင်ခြင်းကို သင်ကြားမပေးခဲ့ပါဘူး။ တရားဝင်အရ ဗုဒ္ဓဘာသာကို Religion လို့ သတ်မှတ် ထားပေးမယ့် အနောက်နိုင်ငံသားများသိတဲ့ Religion ဝေါဟာရထဲမှာ မပါဝင်ဘူးဆိုတာ ယနေ့ ပညာတတ်များ လက်ခံ လာကျပြီ ဖြစ်ပါတယ်။ နည်းနည်းလေး ရှုပ်နေပါတယ်။ မြန်မာစကားလုံး “ကိုးကွယ်ခြင်း (၀ါ) ဘာသာ” ကို “Religion” လို့ ဆီလျှော်အောင် ပြောဆို သုံးနှုံန်းနေပေမယ့် မတူညီဘူးဆိုတာ သတိချပ်သင့်ပါတယ်။ ဘာသာပြန် စာရေးဆရာများ သိမည်ထင်ပါသည်။ အံ့သြစရာ အကောင်းဆုံးကတော့ “Religion” ဝေါဟာ၏ အမှန်တကယ် အနှစ်သာရသည် မြန်မာ စကား “ကိုးကွယ်ခြင်း” နဲ့ လုံးဝကို ဆန့်ကျင်နေခြင်းဖြစ်ပါတယ်။


သိမ်မွေ့နက်နဲသောတရားတော်
Kentucky တက္ကသိုလ်က စိတ်ဆရာဝန် Ruth Baer က “ တချိန်တုံးကဆိုရင် ဆေးသိပ္မံပညာရှင်တွေဟာ ၀ိပဿနာကို စိတ်အထင်နဲ့ ပေါက်ကရလုပ်နေတယ်လို့ ယူဆခဲ့ကျပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီလူတွေကိုယ်တိုင် ၀ိပဿနာကို အလေးအနက်ထား ရမယ် ဆိုတာ လက်ခံလာကျပါပြီ” လို့ပြောပါတယ်။ ဒီစကားမှာ တွေးစရာတွေပေါ်လာပါတယ်။ ဆေးလောကထဲမှာ ၀ိပဿနာ ခေတ်စားလာတာ ဆယ်စုနှစ် အတွင်းမှာပဲ ရှိပါသေးတယ်။ ၀ိပဿနာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကတည်းက ပေါ်လာခဲ့တာပါတယ်။ တကယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင် တစ်ရာလောက်ကတည်းက လေ့လာပြီး ဖြစ်သင့်ပါတယ်။ အနောက်နိုင်ငံက ဆရာဝန်တွေဟာ နှိက်နှိက်ချွတ်ခွတ် လေ့လာတယ်ဆိုတာ မှန်ရဲ့လား။ ၀ိပဿနာရှိတာကို သတိမထားခဲ့ဘူးဆိုရင်တော့လည်း တမျိုးပေါ့ဗျာ။ အခုဟာ ရှိမှန်းသိရက်နဲ့ မလေ့လာကျတာပါ။

ဒီအပေါ်မျာ ကျနော် သုံးသပ်ချက် နှစ်ခုချမိပါတယ်။ ပထမတစ်ချက်ကတော့ သိပ္မံပညာရှင်တွေဟာ ဘာသာရေးနဲ့ ဆက်နွယ်လာရင် အမြင်ကျဉ်းတယ်လို့ ယူဆပါတယ်။ သူတို့တွေဟာ ခရစ်ယာန်နဲ့ မွတ်ဆလင်ဘာသာတွေလို ဗုဒ္ဓဘာသာကို တရားသေ၀ါဒ (Dogma) ပေါ်မှာတည်ဆောက်ထားတယ်လို့ ယုံကြည်ထားကျပါတယ်။ ၀ိပဿနာကို သိပ္မံနည်းကျ လက်တွေ့ စမ်းသပ်တာမဟုတ်ပဲ သူတို့အထင်နဲ့ မှန်းပြောခဲ့တယ်ဆိုတာ ငြင်းလို့ မရတဲ့အချက်ပါ။

ဒုတိယအချက်ကတော့ အရမ်းကို အရေးကြီးပါတယ်။ စိတ်ဆရာဝန်တွေဟာ သာမန်လူတွေ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ စိတ်အကြောင်းကို လေ့လာပြီး လက်တွေ့ လုပ်ကိုင် နေကျသူတွေပါ။ PhD စိတ်ဆရာဝန်ကြီး တွေကိုယ်တိုင် ၀ိပဿနာကို ပေါက်ကရ လုပ်နေတဲ့ အလုပ်တခုလို့ ယူဆခဲ့ကျပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်ဟာ တိမ်မယောင်နဲ့ နက်တယ်လို့ သုံးသပ်နိုင်ပါတယ်။ ဆရာဝန်ကြီးတွေကိုယ်တိုင် မနေ့ တနေ့ကမှ သူတို့အမှားကို မြင်လာကျတာပါ။

ဒီမှာ မြန်မာလူငယ်တွေ သတိပြုသင့်တယ်လို့ ယူဆထား တာလေး ကိုတင်ပြချင်ပါတယ်။ မြန်မာလူငယ်တွေဟာ ဗုဒ္ဓတရားတော်ကို ဝေဖန်တာတွေ ကြားနေရပါတယ်။ ခက်ခဲမယ်ထင်တဲ့ မေးခွန်းကိုလည်း ဘုန်းကြီးတွေကို မေးကျပါတယ်။ မိမိကိုယ်ကို အတွေးအခေါ် ပညာရှင်ကြီး တယောက်ပမာ ဂုဏ်ယူကျပါတယ်။ တကယ်တော့ မြတ်စွာဘုရားဥာဏ်တော်ကို PhD ဆရာဝန်ကြီးတွေပင် လိုက်မမှီတဲ့အတွက် လူငယ်တွေ မဝေဖန်သင့်ပါဘူး။ သံသတရာ တလျှောက်လုံး ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် လူငယ်တွေ ဝေဖန်လာရင် ဆရာဝန်ကြီးတွေ ဖြစ်ပျက်ပုံကို ဥပမာပေးပြီး တားမြစ်သင့်ပါတယ်။ ဒါပေမယ့် ဝေဖန်တာနဲ့ တွေးခေါ်တာ ကွဲပြားတယ်ဆိုတာ သတိထားဖို့လိုပါတယ်။ တရားတော်အပေါ်မှာ တွေးခေါ်ပါ။ မတွေးခေါ်တဲ့သူတွေဟာ ချဲဂဏန်းပေးနေတဲ့ ဘုန်းကြီးကို ကိုးကွယ်တဲ့ အဖြစ်မျိုး ရောက်သွားတတ်ပါတယ်။


အနာမျိုး ၉၆ပါး အတွက် တရားတော်
ဝိပဿနာအစွမ်းနဲ့ အနာမျိုး ၉၆ ပါး ကုသနိုင်တယ်လို့ပြောရင် ယုံမယ်မထင်ပါဘူး။ မဂ္ဂဇင်းတွေမှာ ဆေးတွေဟာ ရောဂါမျိုးစုံပြောက်တယ် လို့ လိမ်ပြီးကြော်ငြာနေတော့ ကျနော့စကားကို ယုံမယ် မထင်ပါဘူး။ မယုံချင်နေပါ။ ဒီဘက်မှာတော့ လက်တွေ့ အသုံးပြုနေကျပါပြီ။

စိတ်ညစ် (Stress) ၊ စိတ်ဓါတ်ကျ(Depression) ၊ သတ်သေချင်စိတ်ဖြစ်နေတဲ့ သူတွေအားလုံးကို ၀ိပဿနာ နဲ့ကုသနေကျပါတယ်။ နာကျင်ကိုက်ခဲနေတဲ့ ဝေဒနာရှင်တွေလည်း ဆေးတွေနေရာမှာ တရားထိုင်တဲ့နည်းနဲ့ အစားထိုးလာပါတယ်။ သွေးလှည့်ပတ်မှု နဲ့ရောဂါပိုးတိုက်ခိုက်ရေးမှာ အထောက်အကူပြုတယ်လို့ တွေ့ရှိလာပါတယ်။ ဒါကြောင့် ကင်ဆာနဲ့ AIDS လို ဆေးမရှိတဲ့ ရောသည်တွေလည်း တရားထိုင် နေကြပြီ ဖြစ်ပါတယ်။ ရုပ်နဲ့ နာမ် ဆက်စပ်တယ်ဆိုတဲ့ သဘောတရားလည်း ဒီမှာသတိထားနိုင်ပါတယ်။ အရေပြား နီပြီး ခြောက်သွေ့တဲ့ရောဂါ အရေပြား ဝေဒနာ ရှင်တွေ တရားထိုင်ရင် လေးဆပိုမြန်ပြီးပြောက်တယ် ဆိုတာ တွေ့ရှိထားတယ်တဲ့။

လှချင်ပချင်တဲ့ မိန်းခလေးတွေ ၀ိပဿနာ လုပ်ပါလို့ပြောရင် နောက်တယ်ထင်မလား။ မထင်ပါနဲ့ခင်ဗျာ။ အတည်ပြောတာပါ။ အ၀လွန်နေတဲ့သူတွေ အ၀လျော့သွားအောင် ၀ိပဿနာကို အားကိုးနေပါပြီ။ တရားမှတ်ပြီး စားသုံးချင်းဟာ အစားလွန်တာ ကို ကာကွယ်ပေးတယ်တဲ့ဗျ။ ပိန်တဲ့ မိန်းခလေးတွေအတွက်တော့ သွေးလည်ပတ်မှု ကောင်းတဲ့ အကျိုးထူးခံစားရမှာ ဖြစ်ပါတယ်။

ကိုးကားချက်
Buddha Lessons
http://www.msnbc.msn.com/id/6038976/site/newsweek
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Wednesday, September 19, 2007

အမျိုးသမီးများနှင့် ဒီမိုကရေစီရဲများ

သတင်းတွေထဲမှာတော့ ဒီမိုကရေစီနိုင်ငံတွေမှာ ရဲတွေ မတရားတာတွေ လုပ်ရင် ဥပဒေနဲ့ အပြစ်ပေးတယ် ဆိုပဲဗျ။ ထူးဆန်းတာ ရဲတွေကတော့ လူမြင်ကွင်းမှာ လူတွေကို ခွေးလေးတကောင် လောက်တောင် ဂရုမစိုက်ဘူးဗျ။ ရိုက်ချင်တိုင်းရိုက်၊ နှိပ်စက်ချင်တိုင်း နှိပ်စက်နေတာပဲ။ ရဲတွေ သူတို့ကို ဥပဒေနဲ့ အပြစ်ပေးလို့ရတယ်ဆိုတာ မသိကျဘူး ထင်တယ်နော်။ မြန်မာ့ဒီမိုကရေစီသမားတွေ နီးစပ်ရာရဲတွေကို အသိပေးသင့်တယ် ထင်ပါတယ်။

အဖွားကြီးကိုဒူးနဲ့ဆောင့်တဲ့ရဲ

ပထမဆုံး တင်ပြချင်တာကတော့ အရင် အပတ်တုံးက ပြဖို့မေ့သွားတဲ့ ဗီဒီယိုလေးတခုပါ။ အဲဒီမှာ စိတ်ဖေါက်ပြန် နေဟန်ရှိတဲ့ အဖွားကြီးကို ရဲကိုင်တွယ်ပုံ ဘယ်လောက်ကြမ်းလဲဆိုတာ မြင်နိုင်ပါတယ်။ ဗီဒီယိုကို ဗုဒ္ဓဘာသာတွေ ကြည့်တောင် ကြည့်ရဲမယ် မထင်ပါဘူး။ မကြည့်ရဲရင် ဓါတ်ပုံလေးပဲကြည့်လိုက်ပါဗျာ။ မြန်မာနိုင်ငံမှာ မတွေ့နိုင်တဲ့ မြင်ကွင်းလေးပါ။ ဓါတ်ပုံထဲမှာ ဇတ်လမ်း ရေးထားပါတယ် Click လုပ်ပြီး ကြည့်ပါ။ အသေးစိပ် ကြည့်ချင်ရင် ဗီဒီယိုမှာ ကြည့်ပါခင်ဗျာ။



အမျိုးသမီးများကို ရဲစခန်းထဲမှာ အ၀တ်များချွတ်ခိုင်းခြင်း
ဘေးကဓါတ်ပုံကို ကြည့်ရင် အမျိုးသမီးနှစ်ယောက် ကာမထန်ပြီး နမ်းနေတယ်လို့ အထင်မှားဖွယ်ရှိပါတယ်။ တကယ်တော့ ဒီမိုကရေစီရဲတွေရဲ့ အနိုင်ကျင့်မှု တခုပါ။ အမျိုးသမီးလေး နှစ်ယောက်ကို ရဲစခန်းထဲခေါ်ပြီး အ၀တ်အစားများကို ချွတ်ခိုင်းခြင်း၊ မဖွယ်မရာတွေကို ပြုလုပ်ခိုင်းချင်း စတာတွေ လုပ်ခိုင်းပါတယ်။ ဗီဒီယိုကို ကြည့်လိုက်ပါခင်ဗျာ။ ဒီမိုကရေစီရဲတွေလို နှာဘူးကျချင်တဲ့ ရည်ရွယ်ချက်နဲ့ ကြည့်မယ်တော့ စိတ်မကူးပါနဲ့။ အဓိက အစိတ်အပိုင်းလေးတွေကို ဆင်ဆာ ဖြတ်ထား ပါတယ်ခင်ဗျာ။



စားပွဲထိုးမ သေးသေးလေးကို ထိုးကြိတ်တဲ့ ဒီမိုကရေစီရဲ

အခုကိစ္စကတော့ အရက်ဆိုင်မှာ ရဲဟာ အရက်မူးပြီး သောင်းကျန်းတဲ့အဖြစ်ပါ။ အဲဒီရဲဟာ အရပ်မြင့်ပြီး လူကောင်ကလဲ အရမ်းကို ကြီးပါတယ်။ အရပ် ခြောက်ပေ ကျော်ရှိပါတယ်။ စားပွဲထိုးအမျိုးသမီးဟာ အရပ် ၅ပေ ၄လက်မပဲရှိပါတယ်။ ဗီဒီယိုထဲမှာ ယောကျားကြီးတန်ပဲ အမျိုးသမီး တယောက်ကို အခုလိုလုပ်တာ တော်တော်ကို အကြည့်ရ ဆိုးပါတယ်။ တဖက်ကဖြင့်ဘာမှ မလုပ်နိုင်ပဲ လုပ်သမျှ ခံနေရရှာ တယ်။ သြော် ဒီမိုကရေစီနိုင်ငံမှာ အမျိုးသမီးဖြစ်ရတဲ့ ဘ၀လည်း မသက်သာ ပါလားလို့ တွေးမိ ပါတယ်။


ဒေါ်လာ၂၀ မပေးလို့ ရဲမှ ငရုပ်ကောင်းရည်နဲ့ အကြမ်းဖက်ခြင်း ဒီမိုကရေစီ အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၂၀ဆိုတာ တန်ဖိုးရှိတာ မဟုတ်ပါဘူးခင်ဗျာ။ ဒါပေမယ့် လစာကောင်းကောင်းရတဲ့ ရဲတစ်ယောက် ဒေါ်လာ၂၀ အတွက် အကြမ်းဖက်တဲ့ လုပ်ရပ်လေးဖြစ်ခဲ့ပါတယ်။ ဖြစ်ပုံကတော့ Wendy’s စားသောက်ဆိုင်မှာ ရဲတစ်ယောက် လက်ဖက်ရည် လာဝယ်ပါတယ်။ ဒေါ်လာ ၁၀ တန် ထုတ်ပေး လိုက်ပါတယ်။ အရောင်းစာရေးမလေး ကလဲ သင့်တဲ့ငွေကို ပြန်အမ်းပါတယ်။ အမ်းငွေယူ ထွက်သွားပြီး အတော်ကြာတော့ အဲဒီရဲ ဆိုင်ထဲကို ၀င်လာပြီး သူပေးခဲ့တာ ဒေါ်လာ၂၀တန် ဖြစ်ပြီး ပြန်အမ်းတာ နည်းနေတယ် ဆိုပြီး ပြောပါတယ်။ ကောင်မလေးကလဲ သူ့ကိုပေးတာ ၁၀ ဒေါ်လာတန်ဆိုတာ ပြန်ရှင်းပြ ပါတယ်။ ပြောမရတော့ မန်နေဂျာကို တိုင်ပါတယ်။ မန်နေဂျာကလဲ အရောင်းစာရေးရဲ့ registerကို စစ်ဆေးပြီး ဒေါ်လာ ၂၀ တန် တစ်ရွက်မှ မရှိတဲ့အတွက် ရဲပြောတာ မဖြစ်နိုင်ဘူးဆိုပြီး ပယ်ချလိုက်ပါတယ်။
ဒီမိုကရေစီရဲက အရောင်းစာရေးမလေးကို ဥပဒေအရ အရေးယူမယ် ရဲစခန်းလိုက်ခဲ့ဆိုပြီး အဏာပြပြီး ခေါ်ပါတယ်။ စာရေးမလေးခမျာ ဒီမိုကရေစီ တကယ်ရှိတယ်ထင်ပြီး မလိုက်နိုင်ဘူးငြင်းရှာတယ်။ ဒီတော့ရဲက ငရုပ်ကောင်းရည်နဲ့ မျာက်နှာကို ပက်လိုက်ပါတယ်။ ဒါကြောင့် ကောင်မလေးခမျာ အသက်မရှုနိုင်ဖြစ်ပြီး အရေးပေါ်ဆေးရုံကို ပို့လိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် သေနတ်ထုတ်ပြီး မပြစ်တာကိုပဲ ကျေးဇူးတင်ရမှာပါ



ဘောလုံးပွဲမှာ အဓိကရုံဏ်းရဲအုပ်စုနဲ့ အမျိုးသမီး

ဘောလုံးဝါသနာပါတဲ့ အမျိုးသမီးလဲ မသက်သာလှပါဘူးခင်ဗျ။ ဘောလုံးပွဲမှာ ပရိတ်သတ် အချင်းချင်းရန်ဖြစ်တာ ကြောက်စရာ သိပ်မရှိလှပါဘူး။ ဒီမိုကရေစီရဲ ၀င်ရောက်ဖြေရှင်းတယ်ဆိုရင် နာဖို့သာ ပြင်ပေတော့။ အခုဒီမှာဆိုလဲ ဘာမှ မလုပ်ပဲ အေးအေးဆေးဆေး နေတဲ့ အမျိုးသမီးကို ရဲတွေအဖွဲ့လိုက် ထိုးကြိတ်ကျပါတယ်။ သြော် မိန်းမတစ်ယောက်ကို တယောက်ခြင်း လုပ်ရင် ဟိုက ပြန်ချမှာ ကြောက်လို့နေမှာပါ။ ကဲဗျာ။ ဗီဒီယိုလေးကြည့်ပါဦး


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Saturday, September 15, 2007

မေတ္တာဆိုတာ စိတ်ကောင်း၊ နှလုံးကောင်း


မေတ္တာဆိုတာကို ချစ်ခြင်း၊ နှစ်သက်၊ မြတ်နိုးခြင်းရယ်လို့ အလွယ်တကူ မှတ်ယူ တတ်ကြပါတယ်။ ဗုဒ္ဓရဲ့အဘိဓမ္မာနဲ့ လေ့လာရင် မေတ္တာဟာ အဒေါသ စေတသိတ် ဖြစ်ပါတယ်။ လောဘစေတသိတ်ရဲ့ ဆန့်ကျင်ဘက်ဟာ အလောဘ၊ မောဟစေတသိတ်ရဲ့ ဆန့်ကျင်ဘက်ဟာ အမောဟဆိုတာပါပဲ၊ အဒေါသ ဆိုတာ ဒေါသရဲ့ ဆန့်ကျင်ဘက် စေတသိတ်ပါပဲ။လူတစ်ယောက်ဒေါသ ထွက်နေပြီဆိုရင် ဒီလူ စိတ်ဆိုးနေတယ်လို့ ပြောတတ်ကြပါတယ်။ ဒေါသစေတသိတ်ကို “စိတ်ဆိုး” ဆိုတဲ့ ဝေါဟာရနဲ့ ဖလှယ်ကြပါတယ်။ ဒါကြောင့် သူ့ရဲ့ဆန့်ကျင်ဘက် အဒေါသကိုတော့ “စိတ်ကောင်း၊နှလုံးကောင်း” လို့ ဝေါဟာရ ဖလှယ်ရမှာပါ။စိတ်ကောင်း၊ နှလုံးကောင်း ထားနိုင်သူဟာ မေတ္တာပွားများနေသူမည်ပါတယ်။ စိတ်ကောင်း၊ နှလုံးကောင်း ရှိတဲ့ မိသားစုဟာ ပျော်ရွှင်ချမ်းမြေ့မှုကို ခံစားကြရမှာ အမှန်ဖြစ်ပါတယ်။ စိတ်ကောင်း၊ နှလုံးကောင်းရှိတဲ့ အကြီးအမှုးအုပ်ချုပ်တဲ့ဌာနတွေဟာ တိုးတက်ကြီးပွား အောင်မြင်နိုင်မှာ ဧကန်ဖြစ်ပါတယ်။
ဗုဒ္ဓဘုရားရှင်က စိတ်ကောင်း၊ နှလုံးကောင်း (မေတ္တာ) ရှိသူတွေ ရနိုင်တဲ့ အကျိုး ဆယ့်တစ်မျိုးရှိတယ်လို့ ဟောကြားထားပါတယ်။ အဲဒါတွေကတော့
၁။ အေးချမ်းစွာ အိပ်ပျော်နိုင်ခြင်း
၂။ အေးချမ်းစွာ နိုးထနိုင်ခြင်း
၃။ အိပ်မက်ဆိုးများ မမက်နိုင်ခြင်း
၎။ နတ်ကောင်း နတ်မြတ်များ စောင့်ရှောက်ခြင်း
၅။ လူသားတို့က လေးစားခင်မင်ကြခြင်း
၆။ နတ်ကောင်းများက ကြည်ညိုခြင်း
၇။ လက်နက်၊ အဆိပ်၊ မီး စသည့်တို့ မထိ၊ မသင့်နိုင်ခြင်း
၈။ မျက်နှာကြည်လင် အေးချမ်းခြင်း
၉။ စိတ်ဓါတ်ကြည်လင် အေးချမ်းခြင်း
၁၀။ မတွေမဝေ ဘ၀ကို စွန့်ခွါနိုင်ခြင်း
၁၁။ တမလွန်၌ ဈာန်ရသော် ဗြဟ္မာဘုံ၊ ဈာန်မရသော် သုဂတိဘုံသို့ရောက်ရခြင်း တို့ဖြစ်ပါသည်။
မေတ္တာ တရား ၊ စိတ်ကောင်း၊ နှလုံးကောင်း ကိုပျက်စေနိုင်တဲ့ အပျက်တရား (၂)ပါး ရှိပါတယ်။ အဲဒါတွေကတော့ တွယ်တာချစ် (တဏှာပေမ+ဂေဟဿတပေမ) နှင့် မုန်းတီးခြင်း (ဒေါသ) တို့ဖြစ်ပါတယ်။ ဒီအစွန်း (၂)ပါးက လွတ်အောင် သတိနဲ့ နေထိုင်နိုင်ပါမှ မေတ္တာ မပျက်မှာ ဖြစ်ပါတယ်။ ဒီအစွန်း(၂) ပါးက လွတ်အောင် သတိနဲ့ နေထိုင်နိုင်ပါမှ မေတ္တာမပျက်မှာ ဖြစ်ပါတယ်။
မေတ္တာ တရားဟာ သတ္တ၀ါအားလုံးအပေါ် အကျိုးလိုလားပြီး လောကကို ငြိမ်းချမ်းစေတဲ့တရားဖြစ်ပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်ဟာ မိမိရဲ့လောကဖြစ်ပါတယ်။ လောကအေးချမ်းရေး အတွက် မိမိပတ်ဝန်းကျင်ရှိ မိမိနဲ့သက်ဆိုင်သူတို့ကို ငြိမ်းချမ်းအောင် ဦးစွာ ဆောင်ရွက်သင့်ပါတယ်။ ထိုသူတို့ရဲ့ အကျိုးကို လိုလားသော မေတ္တာစိတ် (စိတ်ကောင်း၊ နှလုံးကောင်း) ဖြင့် ပြုဖွယ် ၀တ္တရားကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြုဖွယ် ၀တ္တရားဆိုရာမှာ ပေးကမ်းခြင်း၊ စောင့်ရှောက်ကူညီခြင်း၊ ဆုံးမသွန်သင်ခြင်း၊ အရိုအသေပြုခြင်း၊ အဖေါ်သဟဲပြုခြင်း၊ အသိအမှတ်ပြုခြင်း၊ ခွင့်လွှတ်အနစ်နာခံခြင်း စတဲ့အရာတွေ အားလုံးပါဝင်ပါတယ်။
မိမိပတ်ဝန်းကျင် ငြိမ်းချမ်းရင် မိမိရဲ့လောကအေးချမ်းမှာပါဖြစ်ပါတယ်။ အဲဒီအခါ မိမိလည်း အေးချမ်းတဲ့ မေတ္တာရဲ့လွှမ်းခြုံမှုကို ခံစားနိုင်သူဖြစ်လာမှာပါ။ ဒါကြောင့် စိတ်ကောင်း၊ နှလုံးကောင်း နဲ့ မိမိပတ်ဝန်းကျင်ကို စောင့်ရှောက်ကူညီခြင်းဟာ မိမိကိုယ်ကို ငြိမ်းချမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
မေတ္တာသည်သာ ဆင်ခြင်တုံတရားနှင့် ပြည့်ဝသည့် တစ်ခုတည်းသော အပြုအမူဖြစ်သည်

အခုဆောင်းပါးကို
ကိုရွာသားဘလော့မှ ကူးယူဖေါ်ပြထားပါတယ်။ မေတ္တာတရား လူတိုင်းထားနိုင်ပါစေ

အသက်ကြီးသူတွေအပေါ် ဒီမိုကရေစီရဲများ အကြမ်းဖက်ချင်း

လူမြင်ကွင်းမှာ ရဲတွေဟာ ပြည်သူတွေကို လက်လွတ်စပယ် လုပ်တာတွေ အများကြီးရှိပါတယ်။ (မှတ်ချက် ။ ။ ရဲစခန်းထဲမှာ လုပ်တာ မဟုတ်ပါဘူး။ လူဘုံအလယ်မှာ လုပ်တာပါ) ရဲတွေဟာ ဘာကြောင့် လူမြင်ကွင်းမှာ အခုလို လက်လွတ်စပယ် လုပ်ရဲလဲဆိုတာတော့ မေးခွန်းတခု ဖြစ်နေပါတယ်။ ကျနော်တို့ သိထားသလို ရဲတွေကို တရားပြန်စွဲလို့ ရတယ်ဆိုရင် (၀ါ) ဥပဒေက အပြစ်ရှိတဲ့ ရဲတွေကို အပြစ်ဒဏ် ပေးတယ်ဆိုရင် ဘာကြောင့် ရဲတွေ အခုလိုလုပ်ရဲလဲ။ ရဲတွေက အဲလို တရားစွဲခံရမယ်ဆိုတာ မသိလို့လား။ သတိလွတ်ပြီး ဒေါသထွက်လို့ ဖြစ်သွားတယ်လို့ ပြောရအောင်ကလဲ တစ်ယောက်ထဲ လုပ်တာ မဟုတ်ပဲ သုံးလေးယောက်လောက် အတူတူ လုပ်ကျတာပါ။ ဒီတော့သုံးလေးယောက် သတိလက်လွတ် တပြိုင်တည်း ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါမှ မဟုတ် ရဲတွေကို ဥပဒေနဲ့အညီ အပြစ်ဒဏ်ပေးတယ်ဆိုတာ တကယ်မဟုတ်လို့လား။ ရဲတွေကတော့ ကျနော်တို့ထက် ဥပဒေကို ပိုသိမှာပါ။ အားရင်စဉ်းစားကြည့်ပါဦး။

အဖိုးကြီးကိုလူဘုံအလယ်မှာ ရဲ ငါးယောက်ထိုးကြိတ်ချင်း
ပထမဆုံးတင်ပြချင်တာကတော့ ရဲလေးယောက်က၀ိုင်းချုပ်ပြီး ထိုးကြိတ်တာခံနေရတဲ့ အဖိုးကြီးတယောက်ရဲ့ ဗီဒီယိုပါ။ အဲလိုလုပ်နေတာကို လူတွေက ၀ိုင်းအုံကြည့်နေပါတယ်။ ရဲတစ်ယောက်ကတော့ မြင်းပေါ်ကနေ ကြည့်နေပါတယ်။ ရဲတွေလက်ထဲဘာထည့်ပြီး ထိုးလဲတော့လဲတော့ မသိပါဘူး။ အဖိုးကြီးခမျာ လက်မောင်းတခုလုံး သွေးတွေနဲ့ ကြည့်မကောင်းအောင်ပါပဲ။ လူကလဲသွေးအိုင်ထဲမှာ ပက်လက်လေး ဖြစ်နေပါတယ်။ ဗီဒီယိုလေးကြည့်ပြီး အဖိုးကြီးကို မေတ္တာပို့လိုက်ပါဦးခင်ဗျာ။

ကားမောင်းရင်းခါးပတ်ပတ်ဖို့မေ့သွားတဲ့ အဖိုးကြီးရဲ့အဖြစ်ဆိုး
နောက်အဖိုးကြီးကတော့ ပိုပြီးအဖြစ်ဆိုးရှာပါတယ်။ သူ့ခမျာကားမောင်းရင်း ခါးပတ်ပတ်ဖို့ မေ့သွားတဲ့ အပြစ်တခုကြောင့် ပုံမှာမြင်ရတဲ့အတိုင်း လက်တစ်ခုလုံး ရစရာမရှိအောင် ဖြစ်ပျက်သွားပြီး ပြင်းပြင်းထန်ထန် ရဲတွေရဲ့ နှိပ်စက်ချင်းကို ခံခဲ့ရပါတယ်။ အသက်ကြီးမှ ကံဆိုးလေသူပါလားလို့လည်းတွေးမိပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယိုကိုကြည့်လိုက်ပါအုံးခင်ဗျာ

၇၅ နှစ်အဖွားကြီး Taser Gun နဲ့ပြစ်ခံရချင်း
မယုံကြည်နိုင်တဲ့ ဖြစ်ရပ်လေးပါ။ Taser Gun နဲ့ 75နှစ်အဖွားကြီးကို ရဲက ပြစ်ခဲ့တယ်တဲ့။ Taser Gun ဆိုတာ လူကိုသေစေတဲ့ လက်နက်တော့ မဟုတ်ပါဘူး။ အရမ်းနာကျင်တဲ့ ဝေဒနာကို ခံစားရအောင် လျှပ်စစ်ဗို့အား အပြင်းစားကို ထုတ်လွှင့်တာဖြစ်ပါတယ်။ လူငယ်များပင် ချက်ချင်းပြစ်လဲသွားပြီး အလူးအလဲဝေဒနာကို ခံစားရပါတယ်။ ဘယ်လောက်ပြင်းလဲ သိသာပါတယ်။
ဖြစ်ပျက်ပုံကတော့ 75 နှစ်ရှိတဲ့ အဖွားအို တစ်ယောက်ဟာ လူအိုရိပ်သာမှာနေတဲ့ သူ့သူငယ်ချင်းဆီကို အလည်သွားပါတယ်။ လူအိုရုံဝန်ထမ်းကတော့ ထုံးဆန်အတိုင်း မျက်နှာကြောမာပြီး ဆက်ဆံရေးညံ့သူ တစ်ယောက်ဖြစ်ပုံပေါ်ပါတယ်။ အဲဒီဝန်ထမ်းဆီမှာ အဖွားကြီးက သူ့ငယ်ချင်းအခန်း နံပါတ်စုံစမ်းကြည့်တော့ ၀န်ထမ်းက မပြောပြဘူးတဲ့။ ဒါနဲ့ အဖွားကြီးကလည်း အခန်းနံပါတ်မပြောရင် သူဒီနေရာကနေ မသွားဘူးဆိုပြီး တင်းခံနေပါတယ်။ ဒီတော့ ရဲကို ဖုံးဆက်ခေါ်ပါတယ်။ ရဲလာပါတယ်။ ပြီးတော့ အဖွားကြီးကို Taser Gun နဲ့ပြစ်ပါတယ်။ ထုံးဆန်အတိုင်း ရဲပီပီ တွေ့ရာ ပုဒ်မတပ်ပါတယ်။

အဲလိုအဖွားကြီးကို Taser Gun နဲ့ပြစ်တဲ့လုပ်ရပ်ကို ရဲချုပ်ကထောက်ခံတယ်တဲ့။ ရဲမေကလည်း သူ့အနေနဲ့ အဖွားကြီးက သူ့ကို ပြန်ထိုးဖို့ လုပ်တဲ့အတွက် ခုခံတဲ့သေ ဘာပါတဲ့။ ဒီမိုကရေစီဆိုတာ လိမ်ရင် ပေါ်တင်လိမ်တယ် ဆိုတာ သိထားရင် ဆက်ပြောဖို့ မလိုတော့ဘူး ထင်ပါတယ်။

ကိုးကားချက်။
http://www.theregister.co.uk/2004/10/21/granny_spark_out/
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Friday, September 7, 2007

စိတ်နှင့် စေတသိက် အမေးအဖြေ



ဗုဒ္ဓဘာသာဝင်တိုင်း သိသင့် သိထိုက်သည့် အဘိဓမ္မာအခြခံတချို့ကို မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ (အခြေခံ) Blog မှ ခွင့်ပြုချက်ဖြင့် အပတ်စဉ် ကူးယူဖေါ်ပြပါမယ်။ အခွင့်အခါကြုံတုံး Blog ဆိုက်ကို တည်ထောင်သူ ဦးမောင်မောင် (ဟံသာဝတီ) နဲ့ မမေဓါဝီတို့ကိုလည်း ကျနော်တို့ နှစ်ယောက်မှ ကျေးဇူးတင်ရှိ ကြောင်းပြောချင်ပါတယ်။

( ရွက်ဝါ ) မေး။ … ။ဆရာကြီးနဲ့ မရေ ... စိတ်ပိုင်း(၂) မှ (၄)ထိ အကုသိုလ်စိတ်(၁၂) ပါးအကြောင်း ဟောပြထားပါတယ်။ ကျွန်တော် နားလည်ထားတာက စိတ် ဆိုသည် သိခြင်းသဘော ဖြစ်သည်။ စေတသိက် သည် စိတ်ကိုပြုပြင်သည့် အကြောင်းတရား အနေနဲ့ သိမှတ်ဖူးပါတယ်။ စိတ်ကို အခုလို ရေတွက်လို့ ရ၊ မရ ကျွန်တော်နားမလည်ပါ။ အရှင်ဇနကာ ဘိဝံသ၏ တစ်ဘ၀သံသရာ ထဲတွင် အကုသိုလ်စေတသိက်(၁၄) ပါး ရှိကြောင်း မှတ်သားရပါသည်။ ဒါကြောင့် အကုသိုလ်စိတ်(၁၂)ပါး နဲ့ အကုသိုလ်စေတသိက်(၁၄) ပါး မည်သို့ ကွာခြားသည်ကို ကြားနာလိုပါသည် ဆရာကြီးခင်ဗျား။

(မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ) ဖြေ။ … ။ စိတ်ဆိုတာ အာရုံကို သိခြင်းသဘော ဖြစ်တယ်ဆိုတာ မှန်တယ်။ စေတသိက်ဆိုတာ စိတ်ကိုမှီတွယ်ပြီး စိတ်ကို ချယ်လှယ်တတ်တဲ့ သဘောဖြစ်တယ်။ အာရုံကိုသိခြင်းသဘောရှိတဲ့ စိတ်ကို စေတသိက်တွေက ၀င်ပြီး ချယ်လှယ်ကြလို့ စိတ် အရေအတွက် အမျိုးမျိုး ကွဲပြားသွားရတယ်။ ပရမတ္ထသံခိပ်ကျမ်းမှာ လယ်တီဆရာတော်ဘုရားကြီးက စေတသိက်သဘောကို …“စိတ်၌ မှီတွယ်၊ စိတ်ကိုချယ်၊ ငါးဆယ်နှင့်ဒွိက်၊ စေတသိက်” လို့ ရေးထားတယ်။ စေတသိက် သဘောဟာ စိတ်ကိုလည်း မှီတွယ်တယ်၊ စိတ်ကိုလည်း ချယ်လှယ်တယ်၊ အရေအတွက်က ၅၂-ပါး ရှိတယ်ဆိုတာကို လင်္ကာလေး စီထားတာဖြစ်တယ်။ ဥပမာပေးရရင် စိတ်ဟာ ကြည်လင်တဲ့ရေနဲ့ တူတယ်။ စေတသိက်က ဆေးရောင်အမျိုးမျိုးနဲ့ တူတယ်။ ကြည်လင်တဲ့ရေထဲမှာ အနီရောင်ဆေးထည့်လိုက်ရင် ရေနီ လို့ ခေါ်ရတယ်၊ အပြာရောင်ဆေး ထည့်လိုက်ရင် ရေပြာ လို့ခေါ်ရတယ်။ အဲဒီတော့ ဆေးရောင်အမျိုးမျိုးကြောင့် ရေရဲ့အခေါ်အဝေါ် အမျိုးမျိုးခေါ်ဆိုရသလို စိတ်မှာ လောဘစေတသိက် ယှဉ်လိုက်ရင် လောဘစိတ် လို့ခေါ်ရတယ်။ ဒေါသစေတသိက် ယှဉ်လိုက်ရင် ဒေါသစိတ် လို့ခေါ်ရတယ်။ စေတသိက်အမျိုးမျိုး ချယ်လှယ်ခံရတာကြောင့် စိတ်တွေလည်း အမည်အမျိုးမျိုး ကွဲပြားကုန်တယ်။အကုသိုလ်စိတ်မှာ လောဘစေတသိက် အချယ်လှယ်ခံ (အခြေခံ) စိတ်က ၈-ပါး၊ ဒေါသစေတသိက် အချယ်လှယ်ခံ (အခြေခံ) စိတ်က ၂-ပါး၊ မောဟစေတသိက် အချယ်လှယ်ခံ (အခြေခံ) စိတ်က ၂-ပါး၊ စုစုပေါင်း ၁၂-ပါး ဖြစ်သွားရတယ်။ ကုသိုလ်စိတ်ဆိုရင်လည်း ကောင်းတဲ့စေတသိက်တွေဖြစ်တဲ့ အလောဘစေတသိက်၊ အဒေါသစေတသိက်၊ အမောဟစေတသိက် အစရှိတဲ့ စေတသိက်ကောင်းတွေက ချယ်လှယ်တယ်။လောဘ၊ ဒေါသ အစရှိတဲ့ စေတသိက်တွေက ချယ်လှယ်ရင် အပြစ်ရှိတဲ့ အကုသိုလ်စိတ်ဖြစ်ပြီး အလောဘ၊ အဒေါသ အစရှိတဲ့ စေတသိက်ကောင်းတွေ ချယ်လှယ်ရင် အပြစ်ကင်းတဲ့ ကုသိုလ်စိတ် ဖြစ်သွားတယ်။ ဒီလိုပဲ စိတ်အရေအတွက်က ဘုံအလိုက်လည်း ကွဲပြားမှု ရှိတာကြောင့် စိတ်ပေါင်း ၈၉-ပါးထိ ဖြစ်သွားတယ်။ ဘုံအလိုက် ခွဲခြားရေတွက်ရင် … ကာမဘုံမှာ အဖြစ်များတဲ့ စိတ်ပေါင်း ၅၄-ပါး၊ ရူပဘုံမှာ အဖြစ်များတဲ့ စိတ်ပေါင်း ၁၅-ပါး၊အရူပဘုံမှာ အဖြစ်များတဲ့ စိတ်ပေါင်း ၁၂-ပါး၊ကာမ၊ ရူပ၊ အရူပ ဆိုတဲ့ လောကသုံးပါးမှ လွန်မြောက်တဲ့စိတ် (လောကုတ္တရာစိတ်) ပေါင်း ၈-ပါး၊စုစုပေါင်း … စိတ် ၈၉-ပါး ဖြစ်လာတယ်။ အဲဒီစိတ် အားလုံးဟာ အရေအတွက် များသော်လည်း အာရုံကို သိခြင်းသဘော တခုပဲ ရှိတယ်။ စိတ်ကိုအပြစ်ရှိအောင် ချယ်လှယ်တတ်တဲ့ အကုသိုလ်စေတသိက် ၁၄-ပါး ဆိုတာက …
၁။ မောဟ (အာရုံ၌ တွေဝေခြင်း)၊
၂။ အဟိရိက (မကောင်းမှုပြုရန် မရှက်ခြင်း)၊
၃။ အနောတ္တပ္ပ (မကောင်းမှုပြုရန် မကြောက်ခြင်း)၊
၎။ ဥဒ္ဓစ္စ (အာရုံ၌ ပျံ့လွင့်ခြင်း)၊ … အဲဒါက မောဟ အုပ်စု ၄-ပါး။
၅။ လောဘ (အာရုံကို တပ်မက်မှု)၊
၆။ ဒိဋ္ဌိ (အယူ အမြင်မှားမှု)၊
၇။ မာန (ထောင်လွှားမှု)၊ … အဲဒါက လောဘ အုပ်စု ၃-ပါး။
၈။ ဒေါသ (ကြမ်းတမ်း ပြစ်မှားမှု)၊
၉။ ဣသာ (မနာလိုမှု)၊
၁၀။ မစ္ဆရိယ (၀န်တိုမှု)၊
၁၁။ ကုက္ကုစ္စ (နောင်တ တဖန် ပူပန်မှု)၊ … အဲဒါက ဒေါသ အုပ်စု ၄-ပါး။
၁၂။ ထိန (စိတ်ထိုင်းမှိုင်းမှု)၊
၁၃။ မိဒ္ဓ (စေတသိက် ထိုင်းမှိုင်းမှု)၊ … အဲဒါက တစု။
၁၄။ ၀ိစိကိစ္ဆာ (ရတနာသုံးပါး ကံ ကံ၏ အကျိုးကို တွေးတော ယုံမှားမှု) အဲဒီ ၁၄-ပါးက စိတ်ကို သက်ဆိုင်ရာ အစုလိုက် အစုလိုက် ယှဉ်တတ်ကြတယ်။ အဲဒီ ၁၄-ပါး ကြောင့် အကုသိုလ် စိတ် ၁၂-ပါး ဖြစ်သွားရတယ်။ ဒီလောက်ဆိုရင် စိတ် နဲ့ စေတသိက် ကွဲပြားလောက် ပြီလို့ ထင်ပါတယ်။ မရှင်းတာရှိရင် ထပ်မေးပါ။ စေတသိက် အကြောင်းက စေတသိက်အပိုင်းမှာ ပြောပြဦးမှာမို့ လောလောဆယ် ဒီလောက်ပဲ ရှင်းပြပေးတာဖြစ်ပါတယ်။)

အီတလီမှာ ဆန္ဒပြသူ ၅၇၀ကျော် ဆေးရုံတင်ရတဲ့အထိ လူမဆန်စွာရိုက်နှက်ခံရခြင်းနဲ့ ယုတ်မာတဲ့ ရဲများအကြောင်း


ပထမဦးဆုံး BBCကို အရမ်းချဉ်မိတဲ့ ခံစားချက်လေး ဖြစ်ပေါ်တဲ့ အကြောင်းပြောရင်း အစပျိုးချင်ပါတယ်။ BBC ရဲ့ Ghosts of G8 haunt Genoa သတင်းမှာ အီတလီရဲတွေ လူမဆန်တဲ့လုပ်ရပ်နဲ့ တရားစွဲခံရတဲ့ အကြောင်းရေးသား ထားပါတယ်။ အဲဒီသတင်း အစမှာ 9/11 al-Qaeda အဖွဲ့မပေါ်မီ လူထုရဲ့ အမုန်းဆုံးဟာ Globalization ကို ဆန့်ကျင်တဲ့ အကြမ်းဖက် ဆန္ဒပြအဖွဲ့တွေဖြစ်တယ်လို့ ရေးသားထားပါတယ်။ ပထမပိုင်း စာပိုဒ်တွေဟာ WTO နဲ့ G8 ကိုဆန့်ကျင်တဲ့ အဖွဲ့တွေကို သိက္ခာချတာ ပေါ်လွင်နေပါတယ်။ အဲဒီအဖွဲ့တွေမှာ အကြမ်းဖက်တဲ့ အစဉ်အလာ ရှိတယ်လို့ ထင်မြင်အောင် တင်ပြ ထားတာလည်း အရမ်းကို သိသာနေပါတယ်။ သတင်းဖတ်သူတွေ အနေနဲ့ ဆန္ဒပြတဲ့သူတွေကို လူမဆန်စွာပြုမူခဲ့တဲ့ ရဲတွေအပေါ်မှာ ထောက်ခံချင် စိတ်တွေ ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ BBC အဲလို ဆိုက်ဝါး မလုပ်သင့်ပါဘူး။ ဖြစ်ပျက်ပုံလေးကို တချက်လောက် လေ့လာ ကြည့်ကျ ရအောင်။

2001 ခုနှစ် အီတလီ နိုင်ငံ Genoa မြို့မှာ G8 အစည်းအဝေးကြီးလုပ်ခဲ့ပါတယ်။ လမ်းတွေပေါ်မှာ G8 ကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲကြီးများလည်း ဖြစ်ခဲ့ပါတယ်။ လူနည်းစုကတော့ မီးလောင်ဗုံးတွေနဲ့ ရဲတွေကို တိုက်ခိုက်တာတွေ ရှိပါတယ်။ ရဲကားတချို့ မီးလောင်သွားခဲ့ပါတယ်။ အဲဒီမီးလောင်ဗုံး ပြစ်တဲ့သူတွေဟာ အီတလီစွမ်းအားရှင်တွေ ဖြစ်မယ်ဆိုတာ တထစ်ချပြောနိုင်ပါတယ်။ ရဲတွေကို ဓါးနဲ့ဝင်ထိုးတဲ့သူဟာ အမှန်တကယ် ဆန္ဒပြသူမဟုတ်ပဲ အရပ်ဝတ်ရဲ (အီတလီစွမ်းအားရှင်)ဆိုတာ ရဲတွေကိုယ်တိုင်လည်း ၀န်ခံထားပါတယ်။ လမ်းတွေပေါ်မှာ ဒီမိုကရေစီရဲတွေရဲ့ မင်းမဲ့စရိုက် အပြုအမူတွေဟာ မြင်လို့ မကောင်းအောင်ပါပဲ။

G8 ဆွေးနွေးပွဲနောက်ဆုံးရက် မတိုင်မီ ညပိုင်းမှာတော့ ဆန္ဒပြသူများ စခန်းလုပ်ထားတဲ့ ကျောင်းကို ရဲများဝင်စီးခဲ့ပါတယ်။ အထဲမှာရှိနေတဲ့ မိန်းခလေး၊ ယောကျားလေး တွေကို တိရိစ္ဆာန်များသဖွယ် ရိုက်နှက်ကျပါတယ်။ ကျောင်းထဲကနေ သွေးသံရွဲရွဲနဲ့ လမ်းလျှောက်ထွက်နိုင်တယ် ဆိုရင် အဲဒီလူဟာ ကံအရမ်းကောင်းတယ်လို့ ဆိုရမှာပါ။ အများစုကတော့ လူနာတင်ကားတွေဆီ မပြီးသယ်သွားရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဒီမိုကရေစီရဲတွေရဲ့ စိတ်ဓါတ်ကို အမှန်အတိုင်း မြင်တွေ့နေရတာပါ။

ဒီမိုကရေစီနိုင်ငံများ အစဉ်အလာအရ သတင်းထောက်များခေါ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ မီးလောင်ဗုံးတွေနဲ့ ဒုတ်တွေ၊ ဓါးတွေကို စားပွဲပေါ်မှာ ခင်းကျင်းပြသပြီး ဒီလက်နက်တွေဟာ သက်သေတွေပါတဲ့။ ဒါကြောင့် အကြမ်းဖက်လာမယ်ဆိုတာ သတင်းရတဲ့အတွက် အခုလိုဝင်စီးရခြင်း ဖြစ်တယ်ဆိုပြီး ရှင်းပါတယ်။ ဒီမိုကရေစီဆိုတာ လိမ်ရင် ပေါ်တင်လိမ်တယ်ဆိုတဲ့ သဘောတရား သိထားတဲ့ လူတွေကတော့ ခံပြင်းရုံကလွဲလို့ ဘာတတ်နိုင်မှာလဲဗျာ။

ဒီလိုနဲ့ ရဲတွေ မငြင်းနိုင်လောက်အောင် သက်သေတွေထွက်လာတဲ့ အချိန်မှာတော့ သူတို့ဝန်ခံခဲ့ပါတယ်။ သက်သေခံပြစ္စည်းတွေ အားလုံးဟာ အတုလုပ်ထားတာဖြစ်ပြီး ဆန္ဒပြသူတွေရဲ့ ပစ္စည်းအစစ်အမှန် မဟုတ်ဘူးတဲ့။ ဓါတ်ပုံမှာမြင်တွေ့နေရတဲ့ ဒုတ်တွေ၊ တူတွေဟာ ကျောင်းဘေးမှာရှိနေတဲ့ ဆောက်လက်စ အဆောက်အဦးထဲကနေ သယ်ယူပြီး စားပွဲပေါ်မှာ ပြသထားခဲ့ချင်းဖြစ်တယ်တဲ့။ အဲလောက်အထိ ဆိုးရွားတဲ့လုပ်ရပ် သူတို့လုပ်ခဲ့ကျတာပါ။ အဲဒီအမှုနဲ့ ပတ်သက်ပြီး ရဲအရာရှိ 74 ရောက်တရားစွဲခံထားရပါတယ်။ တရားကတော့ 2008 မှာမှ အပြီးသတ်မှာဖြစ်ပါတယ်။

တရားရုံးအနေနဲ့ ရဲအရာရှိတွေကို ပြစ်ဒဏ်ချမှတ်တဲ့ အထိသာ အမြင့်ဆုံး လုပ်နိုင်ပါတယ်။ တရားခံအစစ် အမှန်ကို ရှာဖွေအပြစ်ပေးဖို့ဆိုတာ အိပ်မက်တခုပါ။ တရားခံအစစ်ဟာ ရဲအရာရှိ 74ယောက်လို့ ထင်ရင် . . . မေးခွန်းနှစ်ခုလောက် မေးကြည့်ပါမယ်။ ဥပဒေအကြောင်းသိတဲ့ ရဲအရာရှိ 74ယောက် စိတ်တူ ကိုယ်တူ၊ စည်းဝါးညီညီ ရာဇ၀တ်မှုကျူးလွန်တာ ဖြစ်နိုင်လား? ကိုယ်တိုင် ဒုတ်နဲ့ရိုက်တဲ့ ရဲသား 200 ကျော်ကရော ရာဇ၀တ်မှု ကျူးလွန်ခိုင်းတဲ့ အမိန့်ကို နာခံတာ ရိုးသားပါသလား။ အချိန်ရရင် စဉ်းစားကြပါအုံးခင်ဗျာ။ အခုတော့ ဗီဒီယိုလေးကြည့်လိုက်ပြီး အမှန်တရားတွေ ရှာလိုက်ပါဦး။
အမှန်ကိုသိချင်းသည် မင်္ဂလာတပါးဖြစ်၏


နေ့ခင်းဆန္ဒပြပွဲမှာရဲများကိုင်တွယ်တဲ့ဗီဒီယိုနှစ်ခုပါ



ကျောင်းကို ညဖက်ဝင်စီးပုံ (၀ါ) သားသတ်နေပုံ

ကိုးကားချက်။
Raid on Diaz school
http://www.nadir.org/nadir/initiativ/agp/free/genova/pics4a.htm

Ghosts of G8 haunt Genoa
http://news.bbc.co.uk/2/hi/europe/4217629.stm

Police in Brutal Raid on G8 Protesters' Press Center
http://www.commondreams.org/headlines01/0721-04.htm

Italy G8 'brutality' trial opens
http://news.bbc.co.uk/2/hi/europe/4332954.stm

Summer (june) 2007 Update on Genoa G8 Court Cases
http://www.supportolegale.org/?q=node/1111

Italian police 'framed G8 protesters'
http://www.guardian.co.uk/globalisation/story/0,7369,741883,00.html
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

အမေရိကန်အစိုးရ စွမ်းအားရှင်များ အကူအညီဖြင့် အဆိပ်ဓါတ်ငွေ့များ အသုံးပြုချင်း

ယခင်အပတ်တုံးက ကနေဒါအစိုးရ ဆန္ဒပြပွဲမှာ အကြမ်းဖက်လာအောင် မသမာတဲ့ နည်းလမ်းနဲ့ ကြံစည်ခဲ့ကြောင်း တင်ပြခဲ့ပါတယ်။ အခုတင်ပြချင်တာ ကတော့ အမေရိကန် နိုင်ငံ Seattle မြို့ (1999 ၊ Clinton လက်ထက် ) WTO အစည်းဝေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ဒီမိုကရေစီအစိုးရ ရက်စက်တဲ့ နည်းလမ်းတွေ အသုံးပြုခဲ့ပုံကို မြန်မာလူမျိုးများ သိရှိလာအောင် ရေးသားလိုပါတယ်။ နိုင်ငံရေးဆိုတာ အင်မတန် ရှုပ်ထွေးပြီး လိမ်ညာလှည့်ပတ်မှုများ ပြည့်နှက်နေတယ်ဆိုတာ သတိထားမိမယ်လို့လဲ မျှော်လင့်ပါတယ်။

အဲဒီဆန္ဒပြပွဲတွေမှာ အများစုဟာ ငြိမ်းချမ်းစွာပဲ ဆန္ဒပြခဲ့ကျပါတယ်။ တီးလုံးတွေ အကတွေနဲ့ ပျော်ပျော်ပါးပါးပေါ့ဗျာ။ ဒါပေမယ့် အကျီ်အမည်းရောင်တွေ ၀တ်ထားတဲ့ လူနည်းစုဟာ အကြမ်းဖက်လာကျပါတယ်။ သူတို့တွေဟာ အင်မတန်ကို လက်ရဲ ဇက်ရဲနိုင် ကျပါတယ်။ တွေ့သမှ ဈေှးဆိုင်တွေ၊ကားတွေကို ဖျက်ဆီးတာတွေ လုပ်ကျပါတယ်၊ ထူးခြားချက်အနေနဲ့ ရဲတွေဟာ သူတို့ရဲ့ အနီးအနားမှာ အခုလိုဖျက်ဆီးနေတာကို ၀င်ရောက်တားဆီးတာတွေ မလုပ်ပါဘူး။ အဆောက်အဦးတွေ သိမ်းပိုက်ပြီး လုပ်ချင်တာ လုပ်တာလဲ ၀င်မတားပါဘူး။ ဆွေးနွေးခန်းတစ်ခုမှာတော့ ရဲတယောက်က သူတို့ကို အထက်ကနေ ဖျက်ဆီးနေတဲ့လူတွေကို သွားပြီး မတားဆီးရဘူးလို့ အမိန့်ထုတ်ထားတဲ့အကြောင်း ထုတ်ဖေါ်ခဲ့ပါတယ်။ ဒါကိုကြည့်ရင် အဲဒီအဖျက်သမားတွေဟာ သာမညလူတွေ မဟုတ်ပဲ U.S. စွမ်းအားရှင်တွေဆိုတာ သိသာနေပါတယ်။ အဲဒီ U.S. စွမ်းအားရှင်တွေ ဘာလုပ်လဲ? BBC တို့လို သတင်းကင်မရာတွေရှေ့မှာ သွားပြီး ဖျက်ဆီးတာတွေ လုပ်ပြပါတယ်။ သတင်းဌာနကြီးတွေဟာ ဆန္ဒပြတဲ့သူတွေ ဖျက်လို့ဖျက်ဆီးလုပ်တယ်ဆိုပြီး TV ဖန်သားပြင်ပေါ်မှာ ထုတ်လွှင့်ခဲ့ကျပါတယ်။

ဒီတော့ ဒီမိုကရေစီ အမေရိကန်နိုင်ငံ ဘာဆက်လုပ်လဲ ကြည့်ပါ။ အကြမ်းဖက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရာဘာကျည်ဆံတွေနဲ့ ပြစ်တာတွေ၊ ဖမ်းဆီးတာတွေ၊ ရိုက်နှက်တာတွေနဲ့ မျက်ရည်ယိုဗုံန်းခွဲ တာတွေကို အသုံးပြုလာပါတယ်။ လမ်းဘေးမှာ လမ်းလျှောက်နေတဲ့သူတွေကိုပင် ရဲတွေက တိုက်ခိုက်လာပါတယ်။ အဆိုးရွားဆုံးကတော့ အဆိပ်ဓါတ်ငွေ့တွေ (nerve gas) ပါတဲ့ မျက်ရည်ယိုဗုံန်း ကို အသုံးပြုခဲ့ချင်းပါပဲ။ ဆရာဝန်တွေက ဆန္ဒပြသူတွေမှာ အဆိပ်ဓါတ်ငွေ့ ရှုရှိုက်မိတဲ့ ဝေဒနာတွေ မြင်တွေ့နေရတယ်လို့ ထောက်ခံထားပါတယ်။ ဗီဒီယိုလေးတွေကို ကြည့်လိုက်ပါအုံးခင်ဗျာ ။ ဗီဒီယိုအောက်ဘက်မှာ အရေးကြီးအချက်အလက်လေးတွေ ရေးထားပါတယ်ခင်ဗျာ






ဒီမှာသတိထားသင့်တာလေးတွေ တင်ပြချင်ပါတယ်
(၁) WTO ကို ဆန့်ကျင် ဆန္ဒပြသူတွေဟာ အကြမ်းဖက်တယ်ဆိုပြီး နာမည်ဆိုးရှိပါတယ်။ အပေါ်က ဗီဒီယိုတွေကိုကြည့်ရင် အကြမ်းဖက်သူတွေဟာ U.S. စွမ်းအားရှင်တွေ ဆိုတာ သိသာပါတယ်။ သတင်းဌာနကြီးတွေက U.S. စွမ်းအားရှင်တွေ အကြောင်း မထောက်ပြကျပါဘူး။ မြန်မာပြည် ကိတ်စတွေမှာ မသင်္ကာစရာတွေရှိနေရင် သတင်းဌာနကြီးတွေ အနေနဲ့ ထောက်ပြတဲ့ အစဉ်အလာရှိကျပါတယ်။ အခု ဘာကြောင့်လဲ။ အထူးသဖြင့် BBC သတင်းဟာ WTO ဆန့်ကျင် ဆန္ဒပြသူတွေဘက်က အကြမ်းဖက်ကြောင်း အခွင့်အခါကြုံတိုင်း ဆိုက်ဝါး လုပ်နေပါတယ်။ ဘာကြောင့်လဲ စဉ်းစားကြည့်ပေးပါ။

(၂) ရဲတွေ မျက်ရည်ယိုဗုံန်း သုံးတာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ်မှာပဲ ဖြစ်နေပါတယ်။ သူတို့ဖမ်းစီးတဲ့ စာရင်းမှာလည်း နာမည်ကြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့် U.S. စွမ်းအားရှင်တွေကို မဖမ်းမိတာလဲ။ အမေရိကန်အစိုးရ လုပ်ရပ်ကို လူအများစု အားကိုးနေရတဲ့ သတင်းဌာနကြီးတွေ ဘာကြောင့် နှုတ်ပိတ်နေပါလဲ။

(၃) အကာအကွယ်အပြည့်အစုံနဲ့ ရဲတွေကို ရဲရဲဝံ့ဝံ့ ယှဉ်ပြီး တိုက်ခိုက်တဲ့သူတွေဟာ အရပ်ဝတ်နဲ့ Marine တပ်သားတွေလို့ ယူဆထားပါတယ်။ ( Marine တွေဟာ တဖက်က အရပ်ဝတ် တဖက်က ဒိုင်းကာကွယ်တဲ့ပုံစံနဲ့ ၁၀ လလောက်တင်ကြိုပြီး လေ့ကျင့်ထားကျပါတယ်။) ဒီမှာကျနော်တို့ သတိထားသင့်တာ အမေရိကန် ပြည်သူတွေဟာ စစ်တပ် ပြည်တွင်းရေးမှာ ၀င်ရောက်စွပ်ဖက်တယ်လို့ မြင်နေတဲ့ သဘောပါ။ ဒါဆိုရင်ကျနော်တို့ တတွေ လက်ခံထားတဲ့ စစ်တပ်နဲ့ နိုင်ငံရေး ကင်းကွာရမယ်ဆိုတဲ့ အမြင်ဟာ အမှန်တကယ် ရှိရဲ့လား စဉ်းစားစရာဖြစ်နေပါတယ်။

(၄) ပြည်သူတွေကို ချွေးသိမ့်တဲ့ လုပ်ဆောင်ချက်လေးကိုလဲ မြင်တွေ့နေရပါတယ်။ ရဲချုပ်ဟာ ရဲတွေ အကြမ်းဖက်တာနဲ့ ပတ်သက်ပြီး သူ့မှာတာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် အနားယူသွား ပါတယ်ခင်ဗျာ။ အဲဒါတွေ ရဲချုပ်သူ့ ဆန္ဒနဲ့ လုပ်ခဲ့တယ်ထင်ပါသလား။ ဆန္ဒပြသူတွေ WTO ဆန့်ကျင်တာ ရဲချုပ်နဲ့ရဲတွေရဲ့ အကျိုးစီးပွားမထိခိုက်ပါဘူး။ ဒါဆိုဘာကြောင့် ရဲတွေက အကြမ်းဖက်လဲ စဉ်းစားကြည့်ပေးပါ။ အဖြေကရှင်းပါတယ် ရဲချုပ်နဲ့ ရဲတွေကို အထက်အမြင့်ဆုံး သမတ္တကလင်တန်လို လူမျိုးခိုင်းလို့ပါပဲ။ နို့မဟုတ်ရင် ရဲတွေ ရာဇ၀တ်မှုလုပ်စရာ အကြောင်းမရှိပါဘူး

(၅) ဓါတုဗေဒ အဆိပ်ငွေ့ (Nerve Gas)တွေ အသုံးပြုတယ်လို့ ယူဆနိုင်တဲ့ အချက်အလက်တချို့ မြင်တွေ့နေရပါတယ်။ ဘာကြောင့် အဲဒီကိတ်စ အစိုးရနဲ့ သတင်း ဌာနကြီးတွေ နှုတ်ပိတ်နေလဲ။ နောက်ဆုံးတော့လည်း ကျနော်တို့တွေဟာ သတင်းဌာနကြီးတွေနဲ့ နိုင်ငံရေးသမားများရဲ့ လိမ်ညာစကားများအောက်မှာ အိပ်မက်လှလှလေးတွေ မက်နေတယ်ဆိုတာ သိသာပါတယ်။

အမှန်ကိုသိချင်းသည် မင်္ဂလာတပါးဖြစ်၏

ကိုးကားချက်။
Police-State Brutality of peaceful protesters in Seattle, December 1999
http://www.intellnet.org/resources/american_terrorism/BattleofSeattle.html

Seattle police charge as protesters challenge curfew
http://www.cnn.com/US/9911/30/wto.05/

Police build up anti-riot forces in US cities
http://www.wsws.org/articles/2000/mar2000/poli-m14.shtml


Seattle Police Chief Resigns, As Department Is Investigated for Brutality
http://www.democracynow.org/index.pl?issue=991207

Use of Tear Gas Questioned in Seattle
http://www.democracynow.org/article.pl?sid=03/04/07/0414216

THIS IS WHAT DEMOCRACY LOOKS LIKE
http://www.nadir.org/nadir/initiativ/agp/free/seattle/democracy.htm

Postcards from Seattle
http://www.brasscheck.com/seattle/guns.html

(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Saturday, September 1, 2007

ဘုရားဖူးငါးကြီးများ

ဝါဆိုလပြည့်ကျော်(၁)ရက် နေ့မှ သီတင်းကျွတ် လပြည့်ကျော်(၁)ရက်နေ့အထိ ၀ါတွင်းသုံးလတာ ကာလတွင် ရဟန်းသံဃာများသည် ရပ်ဝေးသို့ မသွားကြရပါ၊ သွားဖို့ကိစ္စများ ရှိနေပါက ၀ါပန်ပြီး သွားလာကြရပါသည်။ ဗုဒ္ဓဘာသာဝင် များအနေဖြင့်လည်း ဒီဝါတွင်းကာလတွင် ဥပုသ်သီလ ဆောက်တည်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပါသည်။ ၀ါတွင်းကာလသည် တနှစ်တာ၏ ထူးခြား ထူးမြတ်သောကာလဖြစ်ပါသည်။ ဤသို့ ထူးခြားချက်များအနက် မကွေးတိုင်း၊ ပွင့်ဖြူမြို့ နယ်၊ ကျောင်းတော်ရာ ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ဘုရားဖူး၊ ဥပုသ်သီလ စောင့်ယူကြသော ငါးကြီးများသည် အံ့သြဆန်းပြားဖွယ် ဖြစ်ပါသည်။


ဤငါးကြီးများကို ၀ါဆိုလပြည့်နေ့တွင် ရဟန်းသံဃာများနှင့် လူကြီးများက မုန်းချောင်းနှင့် ဧရာဝတီမြစ် ဆုံရာဒေသတွင် သွားရောက်၍ ကြိုဆိုကြရပါသည်။ ကြိုဆိုကြသော မော်တော်ယာဉ်များ ရောက်၍ မောင်းထုလိုက်ပြီဆိုလျှင် ငါးကြီးများက သူတို့ကိုယ်လုံးကိုဖော်ပြ၍ ရောက်ရှိကြောင်း အချက်ပြပါသည်။ ငါးကြီးများရောက်ရှိကြောင်း သိရလျှင် ကြိုဆိုသော ယာဉ်များသည် ကျောင်းတော်ရာဘုရား အရှေ့ ဘက် (၅) ဖာလုံ အကွာရှိ မုန်းချောင်းတွင် ရှိသော ဘုရားဖူးငါးများ အစာကျွေးဆိပ်သို့ ပြန်လည်မောင်းနှင် ကြပါသည်။ ငါးကြီးများကလည်း မော်တော်ယာဉ် များနှင့် အတူ လိုက်ပါလာကြပါသည်။ ထို့ကြောင့် ၀ါတွင်းကာလတွင် ကျောင်းတော်ရာ စေတီတော်မြတ်ကြီးကို ဘုရားဖူးလာကြရင်းနှင့် ငါးကြီးများအား အစာကျွေးသော ပရိတ်သတ်မှာ အလွန်များပြား စည်ကားလှပါသည်။ ဘုရားပရိတ်သတ်တို့သည် ကုန်းကြောင်းအပြင် မုန်းချောင်းအတွင်း ရေကြောင်းမှ လည်း လာရောက်ကြပါသည်။


ဘုရားငါးကြီးများသည် ကောင်အရေအတွက် အားဖြင့် မည်ရွေမည်မျှဟု ရေတွက် မရပါ များပြားလှပါသည်။ ယင်းငါးကြီးများသည် ၀ါထပ်ရက်များကိုသိရှိကြပါသည်။ ၀ါတွင်းကာလ၌သာ ဘုရားဖူးလာကြပါသည်။ ၀ါမထပ်လျှင် ပထမ ၀ါဆိုလပြည့်နေ့ရောက်၍ ၀ါထပ်လျှင် ဒုတိယ၀ါဆို လပြည့်နေ့မှ ရောက်၍ သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့တွင် ပြန်ကြပါသည်။

၎င်းငါးများသည် အကိုင်လည်းခံပါသည်။ ပါးစပ်ထဲလက်သွင်း၍ အစာခွံလျှင် လက်နုတ်မှ အစာဝါးပါသည်။ ကလေး၊ လူကြီးများ ငါးစာကျွေရင်း ရေများနှင့် ခြေချော်၍ ငါးအုပ်ထဲကျသွားသော်လည်း မည်သို့ မျှအန္တရယ်မပြုပါ။ ဆူးတောင်များရုပ်ထား၍ သူတို့ကိုယ်လုံးများဖြင့် ခံထားတတ်ကြပါသည်။ အချို့ ပုဂ္ဂိုလ်များသည် ရေခါးလောက် နက်သည့် တိုင်အောင်ဆင်း၍ ငါးအုပ်ထဲ တွင် အစာကျွေးကြပါသည်။ အချို့ ငါးပေါသော အောက်ပြေအောက်ရွာဒေသနေ ပုဂ္ဂိုလ်များ နှင့် နိုင်ငံခြားသားတို့သည် ရေရှင်၌ ၀ါ- စီးဆင်းနေသော မြစ်ချောင်းတွင်း၌ နေသော ငါးများအားခေါ်၍ အစာကျွေးလို့ရသည်။ အချိန်မှန်မှန် ၀ါတွင်းကိုသိ၍ လာသည် ဆိုခြင်းကို မယုံ၍ ကိုယ်တိုင်လာရောက်ပြီးလေ့လာ ကြရာတွင် တွေ့မြင်သွားမှ ယုံကြည် သွားကြလေသည်။

ရှေးမြန်မာဘုရင်များ လက်ထက်အခါက ဘုရားဆရာတော်သည် ဘုရားကြီးများအနက် ငါးကြီးတစ်ကောင်အား ဦးခေါင်းတွင် ရွှေချလွှတ်လိုက်ရာ နှစ်ပေါင်းအတန်ကြာ ဆက်၍ ပါလာသည်ကို တွေ့မြင်ကြရပါသည်။

ယင်းငါးများသည် ရှေးအခါက ၄င်းတို့ ၀င်ချိန် ထွက်ချိန်တွင် မုန်းချောင်း အတွင်း ငါးဖမ်းပိုက်များချထားလျှင် ဘုရားဆရာတော်ထံ အိပ်မက်ပေး၏။ ထိုအခါ ဆရာတော်သည် လှေနှင့် စုန်ဆင်း၍ ပိုက်များကို ရှင်းလင်း ဖယ်ရှားပေးရပါသည်။

ယင်းငါးကြီးများသည် အမျိုးအစားအားဖြင့် ငါးထွေများဟု ခေါ်ဝေါ်ကြပါသည်။ သို့သော် မြစ်ထဲမှ ရိုးရိုးငါးထွေများနှင့် မတူပါ၊ ယခုငါးများမှာ ဦးခေါင်းရှည်၏၊ ညှီစော်မနံ၊ အခြားမျိုးကွဲ ငါးများ လုံးမပါဝင်ပေ၊ အရောင်အဆင်း ဆွတ်ဆွတ်ဖြူ၏။ ( ကြွေရောင်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော ငါးတစ်ကောင်ပင် ပါဝင်၏။) ယင်းဘုရားငါးများသည် အချိန်အခါကို သိ၍လာပြီး ဘုရားကမ်းဘက်မှာသာ အစာစားကြပါသည်။ ဘုရားငါးများကို မဖမ်း မသတ်ဝံ့ကြပါ ( သတ်မိလျှင် ဒုက္ခရောက်ကြရ၏) တံငါသည်များပင် ဘုရားငါးမိလျှင် ပြန်လွှတ်ကြပါသည်။ အလွှတ်လျှင် မွဲတေ ဒုက္ခရောက်၏ဟု အယူရှိကြပါသည်။ တကယ် ဆင်းရဲ မွဲတေ၍ အသေဆိုးနှင့် သေကြသော သူများလည်းရှိခဲ့ကြပါသည်။

ယင်းငါးကြီးများသည် မည်သည့်ဒေသကလာလို့ မည်သည့်ဒေသသို့ ပြန်သည် မည်သည့်ဒေသတွင် နေထိုင်သည်ကို မည်သူတစ်ဦးကမှ မသိရှိပေ။ ၀ါတွင်းကာလတွင် ကျောင်းတော်ရာ ဘုရား၌သာ ရှိကြပြီး ပြန်သွားသောအခါ မြန်မာတပြည်လုံး မည်သည့် နေရာမှ မပေါ် မတွေ့ ရတော့ပါ။

အချို့ သုတေသီပုဂ္ဂိုလ်များတို့သည် ရွှေစာရံဘုရား၊ ရွှေအင်းတော်ဘုရားများ၌ ၄င်းငါးကြီးများ ပေါ်သည်ကြား၍ သွားရောက်လေ့လာကြရာ ထိုငါးများသည် ငါးမြင်း၊ ငါးတန်၊ ရိုးရိုးမြစ်ငါးများသာဖြစ်ကြ၍ ငါးစုံ ရောနှောပေါ်ကြောင်း သိခဲ့ရပြီး ဤကျောင်းတော်ရာငါးများ နှင့် လုံးဝမတူကြောင်းသိခဲ့ကြရပါသည်။

မည်သည့်ကာလ မည်သည့် အချိန်မှ စ၍ ဤငါးများ လာကြသည်ဟု မည်သူတဦးတယောက် ကမျှ မပြောနိုင်သောကြောင့် ဘုရားကြွစဉ် အချိန်နှင့် တပါးတည်း ငါးများပါ ဘုရားဖူးလာကြသည်ဟု ယူဆရန် ရှိနေလေတော့သည်။

ဤကဲ့သို့ ရေရှင် ၀ါ- စီးဆင်းနေသော ရေ၌နေသော ဟိတ်တိရစ္ဆာန် ငါးသတ္တ၀ါများသည်ပင် အချိန်မှန်မှန်လာ ၍ ၀ါတွင်းကာလ ဘုရားဖူးကြခြင်းမှာ မြန်မာပြည်တွင် ဤကျောင်းတော်ရာ စန္ဒကူးနံ့သာစေတီတော်ကြီး တဆူသာ ရှိနေသောကြောင့် အလွန်ထူးခြားလွန်ကဲ ၍ တန်းခိုးတော်ကြီးမြတ်သော ဘုရားတစ်ဆူပင် ဖြစ်ပါတော့သည်။

ဘုရားဖူးငါးများ၏ ထူခြားမှုအဖြာဖြာ အံ့ဖွယ်ရာ

၁။ နှစ်စဉ်နှစ်တိုင်း ၀ါထပ်၊ မထပ်ကို သိ၍ ၀ါဆိုလပြည့်မှာသာ လာရောက်ကြ ၍ ၀ါကျွတ်မှ ပြန်ကြခြင်း။
၂။ မုန့်၊ ဖွဲ့နု၊ ပေါက်ပေါက်ဆုပ် စသော အသက်လွတ် အစားအစာများကိုသာ ကျွေးရခြင်း။
၃။ မုန်းချောင်းအတွင်း ဘုရားဘက်ကမ်းမှ သာ အစာကျွေးရခြင်း။
၎။ မြစ်၊ ချောင်းတွင်းနေသော ငါးများဖြစ်သော်လဲ လူများကိုင်တွယ်ပွေ့ဖက် ၍ရခြင်း။
၅။ လူများငါးအုပ်တွင်းကျသွားသော်လည်း လုံးဝ အန္တရာယ်မပြုခြင်း။
၆။ ကျွေသားကဲ့သို့ လုံးဝဖြူဆွတ်နေသော ငါးများပင် ပါဝင်ကြလျက် အညှီနံ့ မရှိခြင်း၊ အခြားမျိုးကွဲငါးများလုံးဝ မပါခြင်း။
၇။ မည်သည့် ခုနှစ်ကာလက မည်သည့်အရပ်ကလာသည်ဟု မည်သူမျှ မပြောနိုင်ခြင်း။
၈။ ထို့ကြောင့် ဘုရားရှင်သည် ဤအရပ် စန္ဒကူုးနံ့သာကျောင်းတော်ကို ၀ါတွင်းကာလ၌ ရဟန္တာငါးရာနှင့် ကြွရောက်၍ (၇) ရက်သီတင်းသုံး၍ သတ္တ၀ါများအားတရားဟောချွေချွတ်သည်ဟု ကျမ်းဂန်မှာ ပါရှိသောကြောင့် ၀ါတွင်းကာလခြင်းတူနေသဖြင့် ဘုရားရှင်လက်ထက်ကတဲက လာနေကြသည်ဟု ယူဆရန်ရှိပေတော့သည်။
၉။ သို့အတွက် ဤကျောင်းတော်ရားဘုရား၏ တန်ခိုးတော်နှင့် ဘုရားငါးများ၏ ထူးဆန်းမှုတို့ ကား အံ့သြဖွယ်ရာများသာဖြစ်ပါတော့သည်။

မှတ်ချက် ။ ။ AFP သတင်း Giant 'pilgrim fish' disappear from river by Myanmar pagoda ခေါင်းစဉ်တွင် ရေးသားထားသည့် ဘုရားဖူးငါးများ ပေါ်မလာတော့ဘူးဆိုသည်မှာ မှားယွင်းကြောင်း ဒေသခံဖြစ်သူ ကိုရွာသားမှထံမှ ကြားသိရပါသည်။ ၀မ်းမြောက်ဖွယ်ပါ

ယခုဆောင်းပါးကို အစ်ကို villager Blog မှ ဗုဒ္ဓဘာသာဝင်များ စိတ်ကြည်နူးစေရန် ကူးယူဖေါ်ပြထားချင်း ဖြစ်ပါသည်။

ဒီမိုကရေစီ ကနေဒါအစိုးရ အရပ်ဝတ်ရဲများနဲ့ ဆန္ဒပြပွဲ အကြမ်းဖက်လာအောင် ကြိုးစားခဲ့ချင်း

ကျနော်နဲ့ အစ်ကို မောင်ဆန်နေထိုင်တဲ့ ဒီမိုကရေစီ ကနေဒါ နိုင်ငံ အတင်းပြောခံရမယ့် အလှည့်ပါခင်ဗျာ။ အမှန်တရား အနေနဲ့ တင်ပြသင့်တယ်ထင်လို့ တင်ပြလိုက်ပါတယ်။ အဖြစ်က ဒီလိုပါ။ မက္ကဆီကို၊ ကနေဒါ နဲ့ အမေရိကန် သုံးနိုင်ငံ ခေါင်းဆောင်တွေ လုပ်တဲ့ ဆွေးနွေးပွဲကို ဒီကလူတွေ ဆန္ဒပြခဲ့ကျပါတယ်။ ဒီလ ၂၀ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ အရင်တုံးက ဆွေးနွေးပွဲတွေမှာ ဆန္ဒပြသူတွေဟာ ရဲတွေကို ခဲတွေနဲ့ပေါက်ရင်း ရုံးရင်းဆံခတ်ဖြစ်ခဲ့ပါတယ်။ သတင်းစာတွေထဲမှာ ဆန္ဒပြသူတွေ အကြမ်းဖက်တဲ့ပုံ ပေါ်လွင်တဲ့ ဓါတ်ပုံတွေ အသုံးပြုထားပါတယ်။

ဒီတကြိမ်မှာတော့ အကြမ်းဖက်ဆန္ဒပြပွဲ ဖြစ်ရတဲ့ လက်သည်ဟာ ဒီမိုကရေစီ ကနေဒါအစိုးရ ဆိုတာ လက်ဆုပ် လက်ကိုင် မိသွားခဲ့ပါပြီ။ ကနေဒါအစိုးရဟာ အရပ်ဝတ်ရဲတွေကို ဆန္ဒပြတဲ့ လူအုပ်ထဲမှာ ထည့်ထားခဲ့ပါတယ်။ အဲဒီရဲတွေဟာ ခဲတွေကိုင်ထားပါတယ်။ သဘောကတော့ ဆန္ဒပြသူ ဟန်ဆောင်ပြီး အကြမ်းဖက်ဖို့ပါ။ တခြားဘယ်သူမှ ခဲကိုမကိုင်ပါဘူး။ ဒီမှာ ရယ်စရာကောင်းတဲ့ အချက်လေး ပြောချင်ပါတယ်။ ကျနော်တို့မြန်မာတွေ အဖြူဆိုရင် အရမ်း အထင်ကြီးနေကျပါတယ်။ စဉ်းစားဥာဏ် တော်တယ်ပေါ့ဗျာ။ အဲဒီ အရပ်ဝတ်ရဲတွေ စီးထားတဲ့ ဖိနပ်ဟာ ရဲယူနီဖောင်း ဖိနပ်ဖြစ်နေတယ်။ ရဲတွေ အားလုံး ဘွဲ့ရပြီးသားတွေ ချည်းပဲ။ အဲဒီရဲတွေ ဘယ်လောက် စဉ်းစားဥာဏ်နည်းလဲဗျာ။ ဖိနပ်လေးလဲရကောင်းမှား မသိဘူးလား။ ပါးစပ်စည်းထားတဲ့ ပ၀ါကလည်း ဆင်တူဗျာ။ နောက်ပြီး လုပ်ပုံကလဲ မူမမှန်ဘူး ဆိုတော့ ရိပ်မိသွားတောပေါ့။ ဆန္ဒပြပွဲခေါင်းဆောင် Dave Coles က အရပ်ဝတ် ရဲတွေကို “ဒီဆန္ဒပြပွဲဟာ ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲကွ ။ မင်းတို့ အခုလို အရပ်ဝတ် အရပ်စားနဲ့ အကြမ်းဖက်အောင် မလုပ်နဲ့။ သွား . . . ” လို့အော်လိုက်ပါတယ်။ နောက် ဘာဖြစ်လဲ သိချင်ရင် ဗီဒီယိုမှာ ဆက်ကြည့်တော့ဗျာ။

နောက်တချက် သတိထားသင့်တာက ဒီမိုကရေစီအစိုးရဆိုတာ ပေါ်တင်လိမ်ညာတဲ့ အကျင့်ရှိပါတယ်။ ကနေဒါအစိုးရ ဖြေရှင်းပုံကြည့်ပါ အုံးဗျာ။ “အရပ်ဝတ်ရဲတွေဟာ ဆန္ဒပြသူတွေထဲမှာ အကြမ်းမဖက်အောင် စည်းကမ်းထိမ်းတဲ့ သဘောပါတဲ့”။ ဟာဗျာ။ ရေလည်လေဖို့ ကောင်းတယ်။ စည်းကမ်းထိမ်းတဲ့သူတွေက ခဲတွေကိုင်ထားတာ ဖြစ်နိုင်လား။ တကယ်ကို ပေါ်တင်လိမ်တာဗျ။ မနိုင်ဘူး။ အချိန်ရရင် ဒီမိုကရေစီ အစိုးရဆိုတာဘာလဲ စဉ်းစားကျပါအုံးဗျာ။




ကိုးကားချက်
Quebec police admit they went undercover at Montebello protest
http://www.cbc.ca/canada/story/2007/08/23/police-montebello.html


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

ဘယ်အစိုးရလုပ်ရပ်ကို ရာဇ၀တ်မှု ခေါင်းစဉ် တပ်သင့်ပါလဲ

ဘေးဘက်ကပုံက အန်တီခင်မင်းဇော် Blog ကပုံပါ။ သူရေးထားတဲ့စာက
"ကျေးဇူးပြုပြီး လက်ဆင့်ကမ်း ရှာဖွေ သတင်းပေးကြပါ။ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြသူများကို အခုလို ချုပ်နှောင်ဖမ်းဆီးသတဲ့။”
အန်တီ ခင်မင်းဇော်က နအဖ ဖမ်းဆီး ချုပ်နှောင်တာ ရာဇ၀တ်မှုလို့ အမည် တပ်စေချင်တဲ့ ဆန္ဒလေးလဲ ရှိပုံပေါ်ပါတယ်။ အန်တီခင်မင်းဇော် ဗီဒီယိုနှစ်ခု ယှဉ်ကြည့်ပါအုံး။ တစ်ခုက အာဏာရှင်လို့ နာမည်ကြီးပြီး ဗုဒ္ဓဘာသာတွေကြီးဆိုးတဲ့ မြန်မာနိုင်ငံက နအဖ လုပ်ကိုင်ချက် နဲ့ နောက်တစ်ခုကတော့ ဒီမိုကရေစီအမေရိကန် အစိုးရ လုပ်ဆောင်ပုံ ဖြစ်ပါတယ်။
ဗီဒီယိုကြည့်ပြီး ဘယ်နိုင်ငံရဲ့အစိုးရ လုပ်ရပ်က ရာဇ၀တ်မှု ခေါင်းစဉ်တပ်သင့်တယ် ထင်ပါလဲခင်ဗျာ။

နအဖလုပ်ကိုင်ပုံ


ဒီမိုကရေစီအမေရိကန်အစိုးရ လုပ်ကိုင်ပုံ


(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)