Friday, September 7, 2007

စိတ်နှင့် စေတသိက် အမေးအဖြေ



ဗုဒ္ဓဘာသာဝင်တိုင်း သိသင့် သိထိုက်သည့် အဘိဓမ္မာအခြခံတချို့ကို မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ (အခြေခံ) Blog မှ ခွင့်ပြုချက်ဖြင့် အပတ်စဉ် ကူးယူဖေါ်ပြပါမယ်။ အခွင့်အခါကြုံတုံး Blog ဆိုက်ကို တည်ထောင်သူ ဦးမောင်မောင် (ဟံသာဝတီ) နဲ့ မမေဓါဝီတို့ကိုလည်း ကျနော်တို့ နှစ်ယောက်မှ ကျေးဇူးတင်ရှိ ကြောင်းပြောချင်ပါတယ်။

( ရွက်ဝါ ) မေး။ … ။ဆရာကြီးနဲ့ မရေ ... စိတ်ပိုင်း(၂) မှ (၄)ထိ အကုသိုလ်စိတ်(၁၂) ပါးအကြောင်း ဟောပြထားပါတယ်။ ကျွန်တော် နားလည်ထားတာက စိတ် ဆိုသည် သိခြင်းသဘော ဖြစ်သည်။ စေတသိက် သည် စိတ်ကိုပြုပြင်သည့် အကြောင်းတရား အနေနဲ့ သိမှတ်ဖူးပါတယ်။ စိတ်ကို အခုလို ရေတွက်လို့ ရ၊ မရ ကျွန်တော်နားမလည်ပါ။ အရှင်ဇနကာ ဘိဝံသ၏ တစ်ဘ၀သံသရာ ထဲတွင် အကုသိုလ်စေတသိက်(၁၄) ပါး ရှိကြောင်း မှတ်သားရပါသည်။ ဒါကြောင့် အကုသိုလ်စိတ်(၁၂)ပါး နဲ့ အကုသိုလ်စေတသိက်(၁၄) ပါး မည်သို့ ကွာခြားသည်ကို ကြားနာလိုပါသည် ဆရာကြီးခင်ဗျား။

(မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ) ဖြေ။ … ။ စိတ်ဆိုတာ အာရုံကို သိခြင်းသဘော ဖြစ်တယ်ဆိုတာ မှန်တယ်။ စေတသိက်ဆိုတာ စိတ်ကိုမှီတွယ်ပြီး စိတ်ကို ချယ်လှယ်တတ်တဲ့ သဘောဖြစ်တယ်။ အာရုံကိုသိခြင်းသဘောရှိတဲ့ စိတ်ကို စေတသိက်တွေက ၀င်ပြီး ချယ်လှယ်ကြလို့ စိတ် အရေအတွက် အမျိုးမျိုး ကွဲပြားသွားရတယ်။ ပရမတ္ထသံခိပ်ကျမ်းမှာ လယ်တီဆရာတော်ဘုရားကြီးက စေတသိက်သဘောကို …“စိတ်၌ မှီတွယ်၊ စိတ်ကိုချယ်၊ ငါးဆယ်နှင့်ဒွိက်၊ စေတသိက်” လို့ ရေးထားတယ်။ စေတသိက် သဘောဟာ စိတ်ကိုလည်း မှီတွယ်တယ်၊ စိတ်ကိုလည်း ချယ်လှယ်တယ်၊ အရေအတွက်က ၅၂-ပါး ရှိတယ်ဆိုတာကို လင်္ကာလေး စီထားတာဖြစ်တယ်။ ဥပမာပေးရရင် စိတ်ဟာ ကြည်လင်တဲ့ရေနဲ့ တူတယ်။ စေတသိက်က ဆေးရောင်အမျိုးမျိုးနဲ့ တူတယ်။ ကြည်လင်တဲ့ရေထဲမှာ အနီရောင်ဆေးထည့်လိုက်ရင် ရေနီ လို့ ခေါ်ရတယ်၊ အပြာရောင်ဆေး ထည့်လိုက်ရင် ရေပြာ လို့ခေါ်ရတယ်။ အဲဒီတော့ ဆေးရောင်အမျိုးမျိုးကြောင့် ရေရဲ့အခေါ်အဝေါ် အမျိုးမျိုးခေါ်ဆိုရသလို စိတ်မှာ လောဘစေတသိက် ယှဉ်လိုက်ရင် လောဘစိတ် လို့ခေါ်ရတယ်။ ဒေါသစေတသိက် ယှဉ်လိုက်ရင် ဒေါသစိတ် လို့ခေါ်ရတယ်။ စေတသိက်အမျိုးမျိုး ချယ်လှယ်ခံရတာကြောင့် စိတ်တွေလည်း အမည်အမျိုးမျိုး ကွဲပြားကုန်တယ်။အကုသိုလ်စိတ်မှာ လောဘစေတသိက် အချယ်လှယ်ခံ (အခြေခံ) စိတ်က ၈-ပါး၊ ဒေါသစေတသိက် အချယ်လှယ်ခံ (အခြေခံ) စိတ်က ၂-ပါး၊ မောဟစေတသိက် အချယ်လှယ်ခံ (အခြေခံ) စိတ်က ၂-ပါး၊ စုစုပေါင်း ၁၂-ပါး ဖြစ်သွားရတယ်။ ကုသိုလ်စိတ်ဆိုရင်လည်း ကောင်းတဲ့စေတသိက်တွေဖြစ်တဲ့ အလောဘစေတသိက်၊ အဒေါသစေတသိက်၊ အမောဟစေတသိက် အစရှိတဲ့ စေတသိက်ကောင်းတွေက ချယ်လှယ်တယ်။လောဘ၊ ဒေါသ အစရှိတဲ့ စေတသိက်တွေက ချယ်လှယ်ရင် အပြစ်ရှိတဲ့ အကုသိုလ်စိတ်ဖြစ်ပြီး အလောဘ၊ အဒေါသ အစရှိတဲ့ စေတသိက်ကောင်းတွေ ချယ်လှယ်ရင် အပြစ်ကင်းတဲ့ ကုသိုလ်စိတ် ဖြစ်သွားတယ်။ ဒီလိုပဲ စိတ်အရေအတွက်က ဘုံအလိုက်လည်း ကွဲပြားမှု ရှိတာကြောင့် စိတ်ပေါင်း ၈၉-ပါးထိ ဖြစ်သွားတယ်။ ဘုံအလိုက် ခွဲခြားရေတွက်ရင် … ကာမဘုံမှာ အဖြစ်များတဲ့ စိတ်ပေါင်း ၅၄-ပါး၊ ရူပဘုံမှာ အဖြစ်များတဲ့ စိတ်ပေါင်း ၁၅-ပါး၊အရူပဘုံမှာ အဖြစ်များတဲ့ စိတ်ပေါင်း ၁၂-ပါး၊ကာမ၊ ရူပ၊ အရူပ ဆိုတဲ့ လောကသုံးပါးမှ လွန်မြောက်တဲ့စိတ် (လောကုတ္တရာစိတ်) ပေါင်း ၈-ပါး၊စုစုပေါင်း … စိတ် ၈၉-ပါး ဖြစ်လာတယ်။ အဲဒီစိတ် အားလုံးဟာ အရေအတွက် များသော်လည်း အာရုံကို သိခြင်းသဘော တခုပဲ ရှိတယ်။ စိတ်ကိုအပြစ်ရှိအောင် ချယ်လှယ်တတ်တဲ့ အကုသိုလ်စေတသိက် ၁၄-ပါး ဆိုတာက …
၁။ မောဟ (အာရုံ၌ တွေဝေခြင်း)၊
၂။ အဟိရိက (မကောင်းမှုပြုရန် မရှက်ခြင်း)၊
၃။ အနောတ္တပ္ပ (မကောင်းမှုပြုရန် မကြောက်ခြင်း)၊
၎။ ဥဒ္ဓစ္စ (အာရုံ၌ ပျံ့လွင့်ခြင်း)၊ … အဲဒါက မောဟ အုပ်စု ၄-ပါး။
၅။ လောဘ (အာရုံကို တပ်မက်မှု)၊
၆။ ဒိဋ္ဌိ (အယူ အမြင်မှားမှု)၊
၇။ မာန (ထောင်လွှားမှု)၊ … အဲဒါက လောဘ အုပ်စု ၃-ပါး။
၈။ ဒေါသ (ကြမ်းတမ်း ပြစ်မှားမှု)၊
၉။ ဣသာ (မနာလိုမှု)၊
၁၀။ မစ္ဆရိယ (၀န်တိုမှု)၊
၁၁။ ကုက္ကုစ္စ (နောင်တ တဖန် ပူပန်မှု)၊ … အဲဒါက ဒေါသ အုပ်စု ၄-ပါး။
၁၂။ ထိန (စိတ်ထိုင်းမှိုင်းမှု)၊
၁၃။ မိဒ္ဓ (စေတသိက် ထိုင်းမှိုင်းမှု)၊ … အဲဒါက တစု။
၁၄။ ၀ိစိကိစ္ဆာ (ရတနာသုံးပါး ကံ ကံ၏ အကျိုးကို တွေးတော ယုံမှားမှု) အဲဒီ ၁၄-ပါးက စိတ်ကို သက်ဆိုင်ရာ အစုလိုက် အစုလိုက် ယှဉ်တတ်ကြတယ်။ အဲဒီ ၁၄-ပါး ကြောင့် အကုသိုလ် စိတ် ၁၂-ပါး ဖြစ်သွားရတယ်။ ဒီလောက်ဆိုရင် စိတ် နဲ့ စေတသိက် ကွဲပြားလောက် ပြီလို့ ထင်ပါတယ်။ မရှင်းတာရှိရင် ထပ်မေးပါ။ စေတသိက် အကြောင်းက စေတသိက်အပိုင်းမှာ ပြောပြဦးမှာမို့ လောလောဆယ် ဒီလောက်ပဲ ရှင်းပြပေးတာဖြစ်ပါတယ်။)

No comments: