Monday, May 12, 2008

မုန်တိုင်းကယ်ဆယ်ရေး

၁။ ကျော်သူ ဦးစီးတဲ့ နာရေးကူညီမှုအသင်းမှလည်း ယနေ့မှ စပြီး နယ်လှည့် ဆေးကုသမှု၊ ကယ်ဆယ်ရေးပစ္စည်းများ လှုဒါန်းမှုတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။ ယခင်နေ့များက ဆန်များသွားရောက်လှုဒါန်းမှုများ ရှိသော်လည်း ယခုအကြိမ်တွင်မူ အနုပညာရှင်များနှင့် ဆရာဝန်များက ပူးပေါင်းလိုက်ပါမည်ဟု သိရှိရသည်။

၂။ အမျိုးသားစီမံကိန်းဝန်ကြီး ဦးစိုးသာနှင့် ကျန်ဝန်ကြီးများ UN အဖွဲ့အစည်းများ၊ INGO များနှင့် မေ ၁၁ ညနေတွင် တွေ့ဆုံပြီး ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။ ဦးစိုးသာက လက်ရှိအချိန်တွင် ကယ်ဆယ်ရေးအတွက် နောက်တန်းအခြေစိုက်စခန်း သုံးခု၊ အလယ်တန်းစခန်း ခြောက်ခု၊ ရှေ့တန်းစခန်း ၁၂ ခုဖွင့်ပြီး ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေနေ ကြောင်းနှင့် နိုင်ငံတော်မှ လက်ရှိအချိန်ထိ ကျပ် ၂၀ ဘီလီယံ သုံးစွဲပြီးဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၃။ ကယ်ဆယ်ရေးပစ္စည်းများကို လေယာဉ်တစ်စီး၊ ရဟတ်ယာဉ် ၈ စီး၊ ရေတပ်နှင့် ပြည်တွင်းရေကြောင်းသင်္ဘော ၁၆ စီး အသုံးပြုပြီး ပို့ဆောင်လျှက်ရှိရာ မေ ၁၁ရက်နေ့တွင် တန် ၅၀၀ ပို့ဆောင် နိုင်ခဲ့ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

၎။ မေ ၁၁ ကယ်ဆယ်ရေးပစ္စည်းရောက်ရှိမှု

(က) ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ လေယာဉ်နှစ်စီး ကယ်ဆယ်ရေးပစ္စည်း ၃၃ တန်။

( ခ) နိုင်ငံတကာကြက်ခြေနီကော်မတီမှ ဆေးနှင့် ရေသန့်စက်များ ၃၅ တန်။

( ဂ) ထိုင်းဘုရင်မင်းမြတ်မှ ရွက်ထည်တဲ ၂၅ လုံးနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၃ တန်။

(ဃ) ဂရိနိုင်ငံမှ ရွက်ထည်တဲ ၆၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၈ တန်။

၅။ လှုဒါန်းမှုများ

(က) ရှမ်းပြည်နယ် အရှေ့ပိုင်းပြည်သူများက ကျပ်သိန်းနှစ်ထောင်ရှစ်ရာကျော်တန်ဖိုးရှိ ငွေနှင့် ပစ္စည်းများ။

( ခ) ထိုင်းကြက်ခြေနီအဖွဲ့မှ ဘတ် ဆယ်သိန်း။

( ဂ) တရုတ်သံရုံးမှ ဒေါ်လာ နှစ်သောင်း။

(ဃ) တရုတ်ကုန်သည်ကြီးများအသင်းမှ ဒေါ်လာ ခြောက်ထောင်။

(င) မေ ၁၀အထိ ပြည်တွင်းမှ အလှုရှင်များလှုဒါန်းမှုမှာ ငွေ၊ ပစ္စည်း သန်းလေးထောင်ကျော် ရှိသွားပြီ ဖြစ် ကြောင်း သတင်းစာတွင်ဖော်ပြထားသည်။


** အထက်ပါသတင်းများကို ကြည့်ပြီး လှူဖို့မလိုအပ်တော့ဘူး မယူဆပါနှင့်။ ထိုပစ္စည်းများသည် ဒုက္ခသည် တစ်သန်းအတွက် လုံးဝ မလုံလောက်ပါ။ သတင်းကောင်းလေးနဲ့ စိတ်ကိုလန်းဆန်းစေဖို့ပါ။ တာဝန်မဲ့ဖို့အတွက် မဟုတ်ပါ။

No comments: