Saturday, May 10, 2008

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအကူအညီများကို လက်ခံနေကြောင်း ထပ်မံပြောကြားခဲ့ခြင်း

မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူက မေ ၉ ညနေတွင် အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စရှာရီ ဗီလာရိုစာကို ခေါ်ယူတွေ့ဆုံခဲ့သည်။ ဦးကျော်သူက မြန်မာနိုင်ငံက မိမိနှင့် သင့်မြတ်သော နိုင်ငံများထံမှ အကူအညီကိုသာယူပြီး အနောက်နိုင်ငံများမှ အကူအညီကို ငြင်းပယ်နေသည်ဟု မမှန်မကန်သတင်းများ ပေါ်ထွက်နေမှုနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း မြန်မာ့အသံ ည ၈ နာရီသတင်းတွင် ဖော်ပြသွားသည်။

ဦးကျော်သူက မေ ၅ ရက်နေ့တွင်နိုင်ငံခြားရေးဝန်ကြီးက သံတမန်များကို တွေ့ဆုံစဉ်ကပင် အရေးပေါ် လိုအပ်သောပစ္စည်းများကို မည်သည့်နိုင်ငံမှ မဆိုလက်ခံမည်ဖြစ်သည်ကို ပြောခဲ့ပြီးဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမှမဆို ပေးပို့သည့် ကယ်ဆယ်ရေးပစ္စည်းများကို လေဆိပ်၊ သင်္ဘောဆိပ်များ တွင်လက်ခံပြီး လေဘေးသင့်ဒေသများသို့ ချက်ခြင်းဖြန့်ဝေပေးနေကြောင်းနှင့် မည်သည့်နိုင်ငံ မည်သည့်အဖွဲ့အစည်း၏ ကယ်ဆယ်ရေးပစ္စည်းနှင့် ငွေကြေးလှုဒါန်းမှုများကို ငြင်းပယ်ခဲ့ခြင်း မရှိကြောင်း ထပ်မံအတည်ပြု ပြောကြားသွားသည်။ အမေရိကန်သံရုံးယာယီတာဝန်ခံက ကယ်ဆယ်ရေး ပစ္စည်းများပေးပို့ရေးအတွက် ကမ်းလှမ်းချက်ကို ဦးကျော်သူအားပေးအပ်ရာတွင် ဦးကျော်သူက အကူအညီပေးမှုကို လက်ခံမည်ဖြစ်ကြောင်း ပြန်ကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြသွားသည်။

ယနေ့ညနေ CNN သတင်းတွင် မြန်မာနိုင်ငံက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ပေးပို့သည့်ပစ္စည်းနှင့် လေယာဉ်များကို အစိုးရက တားဆီးထိန်းသိမ်းထားသည်ဟု သတင်းထုတ်လွှင့်သွားခဲ့သည်။ သို့သော် ည ၈ နာရီသတင်းတွင် WFP စာတမ်းပါ ပစ္စည်းများကို လေယာဉ်ပေါ်မှ သယ်ယူပြီး ရဟတ်ယာဉ်၊ ကားများပေါ်သို့ တင်ပို့နေသည့် ပုံများကို ထုတ်လွှင့်သွားသဖြင့် ထိုသတင်းမှန်ကန်မှု မရှိသည်ကို တွေ့ရသည်။

ပိတောက်မြေမှကူးယူဖေါ်ပြပါသည်

1 comment:

Unknown said...

အတွေးအခေါ်တွေ တကယ်လက်တွေ့ကျပြီး လေးစားလောက်ပါတယ်၊ ကျွန်တော်သဘောကျမိပါတယ်၊ ထပ်ရေးဖို့လည်း တိုက်တွန်းပါတယ်၊ မြန်မာနိုင်ငံချစ်တယ်ဆို အတိုက်အခံလုပ်နေဖို့ မလိုအပ်ပါဘူး၊ အားလုံးတတ်နိုင်တဲ့ အခန်းကတတပ်တအားပါဝင်ပေးကြဖို့ပါ တိုက်တွန်းပေးစေလိုပါတယ်၊