Monday, October 1, 2007

လက်တွေ့ကျကျ ပြောကျမယ် . . . နအဖ ပြုတ်ကျမလား ?

ဆန္ဒပြပွဲအောင်မြင်ဖို့ အလားအလာရှိ ပါသလား?
နအဖအနေနဲ့ အဆင်ပြေပြေ ထိမ်းသိမ်းလာ နိုင်နေပါပြီ။ ဒါကြောင့် ဒီပုံအတိုင်း ဆက်သွားနေရင် ဆန္ဒပြပွဲ ကျဆုံးပါတော့မည်။

နိုင်ငံတကာ စစ်တပ်နဲ့ ကုလသမဂ္ဂ အကူအညီကို မျှော်လင့်လို့ မရဘူးလား?
လက်တွေ့ကျကျ တွေးကြ ရအောင်ပါ။ အခုအချိန်မှာ စိတ်ကူးယဉ်တာတွေ မလုပ်ပါနဲ့တော့။ ကုလသမဂ္ဂအပိုင်းကို ကြည့်ရင် စစ်တပ်နဲ့ ၀င်ရောက်ပီး နအဖကို ဖြုတ်ချခွင့် မရှိပါဘူး။ ဖြုတ်ချဖို့လဲ သူ့မှာ ကိုယ်ပိုင် တပ်အင်အား မရှိပါဘူး။ အများဆုံး လုပ်နိုင်တာ စီးပွားရေးနဲ့ စစ်လက်နက် တင်ပို့မှု ပိတ်ဆို့တဲ့အထိပဲ လုပ်နိုင်ပါတယ်။ နအဖအနေနဲ့ ပြည်သူလူထုကို ထိမ်းဖို့ သေနတ်နဲ့ ကျည်ဆံရှိရင် လုံလောက်ပါပြီ။ တင့်ကားတွေ၊ တိုက်လေယဉ်ပျံတွေ မလိုပါဘူး။ စီပွားရေးပိတ်ဆို့ရင် ပြည်သူတွေပဲ ခံစားရမှာပါ။ ဒါလဲ လက်တွေ့ မြင်တွေ့ နေရပါတယ်။

နိုင်ငံတကာကို ကြည့်ရင် အမေရိကန်၊ အင်္ဂလန်လို နိုင်ငံတွေက စစ်တပ်တွေ လာနိုင်လား တွေးဖို့ ရှိပါတယ်။ အရေးကြီးဆုံး အချက်ကတော့ သူတို့နိုင်ငံအတွက် အကျိုးမရှိရင် သူတို့ရဲ့ စစ်သားတွေ အသေခံမှာ မဟုတ်ပါဘူး။ ပိုက်ဆံတွေ အကုန်ခံမှာ မဟုတ်ပါဘူး။ ဒါဟာ အနောက်နိုင်ငံရဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။ အခုလက်ရှိလဲ အီရတ်နဲ့၊ အာဖဂန်မှာ စစ်အသုံးစရိတ်တွေ များနေပါပြီ။ ဒီလောက်ဆို သဘောပေါက်ပြီ ထင်ပါတယ်။

တရုပ်ကြီးက ဦးသန်းရွေဆင်းပေးဖို့ ဖိအားပေးရင် မဖြစ်နိုင်ဘူးလား?
ဦးသန်းရွှေနေရာကနေ စဉ်းစားကြည့်ပါ။ တရုပ်က အတင်းခိုင်းလို့ ကြောက်ပီး ဆင်းပါ့မလား?
ပြီးတော့ သူ့ကို သတ်ဖို့ ကျိန်းနေတဲ့ သူတွေ လက်ထဲ အဲလောက် အာဏာ လွယ်လွယ်ကူကူ ထည့်ပါ့မလား? ဘယ်သူမဆို ကိုယ်က ဘယ်လောက်ပဲ အပြစ်တွေ လုပ်ထားပါစေ . . . ကိုယ့် မိသားစုကို သတ်ချင်နေတဲ့ လူတွေလက်ထဲ အာဏာပေးမှာ မဟုတ်ဘူးဗျ။ ဒါရှင်းရှင်းလေးပါ။ တရုပ်က နအဖကို မကူညီတော့ဘူးလို့ လုပ်ရင်လည်း ဦးရှုမောင်လို တံခါးပိတ်နေမှာပါ။ ဒါလဲ ပြည်သူတွေ ဒုက္ခ ရောက်မယ့်အရေးပါ။

လက်ရှိ လက်နက်ကိုင် အဖွဲ့တွေ စုပေါင်းပြီး စစ်တပ်ကို ပြန်တိုက်ရင် မဖြစ်နိုင်ဘူးလား ?
ပထမ အဲဒီ လက်နက်ကိုင် အဖွဲ့တွေကရော ဘာတွေ ကောင်းနေလို့လဲ အရင် စဉ်းစားပါ? ရှေ့ဘုန်းကြီး တချက်ခေါက် နောက် ဘုန်းကြီး နှစ်ချက်ခေါက် မျိုးဖြစ်တတ်ပါတယ်။ သူတို့လဲ အဆင်ပြေသလို သတ်ဖြတ်နေတာပဲ။ လက်တွေ့ကျကျ ပြောရရင် သူတို့ အဖွဲ့တွေ ကိုယ်တိုင် စုစည်းဖို့ ဆိုတာ မလွယ်ပါဘူး။ တပ်ပေါင်းစု အကြီးအကဲ နေရာ လုနေတာနဲ့ရင် နအဖ ကိုတိုက်တဲ့ဆီကိုရောက်မှာ မဟုတ်ပါဘူး။ နောက်ပီး အတွေ့အကြုံ ရင့်ကျက်နေတဲ့ ၄ သိန်းကျော်ရှိတဲ့ စစ်တပ်ကို တိုက်ရင် အောင်မြင်ဖို့ အရမ်းကို နည်းပါတယ်။ အခု ပြည်သူတွေက စစ်သားတွေကိုပဲ ကြောက်ရပါတယ်။ အဲဒီအချိန်မှာ စစ်သားရော၊ သူပုံရော အားလုံးကို ကြောက်နေရ မှာပါ။ အဆင်မပြေ ပါဘူးခင်ဗျာ

တပ်တွင်းပုံကန်မှ ဖြစ်နိုင်လား ?
ကျနော်တို့ နှစ်ယောက် လေ့လာချက်အရ တပ်တွင်း ပုန်ကန်မှုဖြစ်ဖို့က မလွယ်ကူပါဘူး။ သိထားတာလေး မျှဝေချင်ပါတယ်။

(၁) စစ်တိုင်းတွေထဲမှာ တပ်မတွေရှိပါတယ်။ ဒီတော့ တိုင်းမှုး တစ်ယောက်က ပုန်ကန်ရင် အဲဒီစစ်တိုင်း အတွင်းမှာရှိနေတဲ့ တပ်မမှုးတွေရဲ့ တပ်သားတွေက ပြန်တိုက် နိုင်ပါတယ်။ ဥပမာပေါ့နော် - ရန်ကုန်တိုင်းမှုးက ပုန်ကန်ရင် ရန်ကုန်ထဲမှာ ရှိတဲ့ တပ်မ၂၂၊ ၃၃၊ ၇၇ တွေက ရန်ကုန်တိုင်း စစ်ဌာနကို ပြန်တိုက်မယ်ဆိုတဲ့ သဘောပါ
(၂) စစ်တိုင်းမှုးတွေ၊ တပ်မတွေဟာ Mobilization လုပ်ချင်တိုင်း လုပ်ခွင့်မရှိဘူးလို့ သိရပါတယ်။ သတ်မှတ်ထားတဲ့ စစ်သားဦးရေထက်ပိုပြီး တပ်ကနေထွက်မယ်ဆိုရင် အထက်ကနေ ခွင့်ပြုချက် တောင်းရတယ်လို့ သိရပါတယ်။ ဒါကြောင့် တပ်တွင်းပုန်ကန်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောလို့ရပါတယ်။ (ဟီးဟီး :D ရုရှက စစ်သားတွေလို့ ထင်ခံရဦးမယ်။ အဲဒါ ဗိုလ်မှုးဟောင်း တစ်ယောက် ပြောပြချက်ကို ဖေါက်သည်ချတာပါ)

အခု သတင်းဓါတ်ပုံတွေ ကမ္ဘာက သိသွားပီပဲ အဆင်ပြေမှာပါ ?
သတင်းဓါတ်ပုံတွေ အပြင်ရောက်တော့ သတင်းဌာနတွေ အတွက် အကျိုးရှိပါတယ်။ သူတို့ သတင်းကို လူကြည့် ပိုများတော့ အဆင်ပြေတာပေါ့ဗျာ။ ဒီသတင်းတွေကြောင့် မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုတွေ ပိုဖြစ်နိုင်ပါတယ်။ နအဖ ဆင်းသွားတဲ့အထိ တော့ စိတ်မကူးပါနဲ့။ လက်တွေ့ကျကျ မြင်တတ်ပါ ခင်ဗျာ။ ပြည်သူတွေ အတွက်တော့ စီးပွားရေး အခုထက်ပိုပီး ပိတ်ဆို့ရင် မိအေး နှစ်ခါနာဖြစ်တဲ့ ဘ၀ရောက်သွားမှာပါ။

ပုလင်းဗုံန်းနဲ့ အကြမ်းဖက်လှုပ်ရှားရင်ဖြစ်နိုင်လား?
ပုလင်းဗုံန်းနဲ့ အကြမ်းဖက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ? နအဖ ပြုတ်ကျဖို့လား? စစ်သားတွေ သတ်ဖို့လား? စစ်သားဆိုတာ သူ့အလုပ် သူလုပ်ရမှာပဲ။ ပုလင်းဗုံန်းနဲ့ စစ်သားတွေကို သွားသတ်ရင် လက်ရှိ ပြည်သူတွေဘက် ပါချင်နေတဲ့ စစ်သားတွေက ဆန္ဒပြသူတွေအပေါ် အမြင်ပြောင်းပြီး ပိုမိုရှုပ်ထွေးနိုင်ပါတယ်။ ပုလင်းဗုံန်းနဲ့ တိုင်းပြည်အာဏာ သိမ်းနိုင်ခဲ့တဲ့ သာဓက ကမ္ဘာသမိုင်းမှာ မရှိခဲ့ပါဘူး။ ဟီးဟီး . . . .ပြောလို့သာ ပြောနေတာ ကုန်ဈေးနှုံန်းတွေ ဒီလောက်တက်နေတာ ပုလင်းဗုန်းတွေလုပ်ဖို့ ပိုက်ဆံတောင် ရှိပါ့မလား?

စည်းလုံးရင် အောင်မြင်မှာ မဟုတ်ဘူးလား? အခုပြောပုံက နအဖပဲ အာဏာ ဆက်ယူ ဆန္ဒပြပွဲ မအောင်မြင်တော့ဘူးဆိုတဲ့ သဘောလား?
လုံးဝမဟုတ်ပါဘူး။ စည်းလုံးနေလို့လည်း မလုံလောက်ပါဘူး။ ဘယ်လောက်ပဲ စည်းရုံးနေပါစေ . . 1988 တုံးက အတိုင်း လုပ်ဖို့ စိတ်မကူးပါနဲ့။ နအဖအနေနဲ့ 1988 မှာ အတွေ့အကြုံ ကောင်းကောင်း ရပီးဖြစ်ပါတယ်။ အဲဒီလမ်းဟောင်းအတိုင်း ဆက်လျှောက်မယ်ဆိုရင် ဘယ်လောက်ပဲ စည်းရုံးနေပါစေ အောင်မြင်မှာ မဟုတ်ပါဘူး။ နည်းသစ်ကို စဉ်းစားရပါမယ်။ အဲဒီနည်းသစ်ဟာ

(၁) လူထုအများစု လုပ်နိုင်တာ / လုပ်ရဲတာ ဖြစ်ရပါမယ်
(၂) လုပ်ရတာ လွယ်ကူရပါမယ်
(၃) နအဖ ပြုတ်ကျသွားစေ ရပါမယ်။
အရမ်းကို အဆင်ပြေတဲ့ နည်းသစ်လေးကို ကျနော်တို့ စဉ်းစားထားပါတယ်။ ဒီနည်းသစ်ကလဲ လတ်တလောပဲ သုံးလို့ရမှာမို့ သွေးအေးသွားတဲ့ အချိန်မှာ ဘာမှ အသုံးဝင်မှာ မဟုတ်တော့ပါဘူး။
အခုနည်းသစ်ကို မိမိအသိတွေဆီ အီးမေးလ်ပို့ပြောပါ။ ဖိုရမ်တွေမှာ တင်ပြပါ။ ၀က်ဆိုက်တွေကို သတင်းပေးပါ။ ရေဒီယိုတွေကို သတင်းပေးပါ။ မြန်မြန်လုပ်ပါ။ မြန်မြန် မလုပ်ရင် ကျဆုံးပီဆိုတာ သတိပြုပါ။ အချိန်သိပ်မရှိပါဘူး။
နည်းသစ်အကြောင်းဒီမှာရေးထားပါတယ်
http://lightofmyanmar.blogspot.com/2007/09/blog-post_29.html

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကျပါစေ
တောသား နှစ်ယောက်



(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

3 comments:

Test said...

သန်းရွှေက ဟစ်တလာထက် ကြမ်းလား? ဆက်ဒန် ထက် အာဏာရှိလို့လား? သန်းရွှေ သူ့ရုပ်တုကို မြို့လယ်ခေါင် မှာ မထားရဲသေးပါဘူးဗျာ။

"... ကျချိန်တန်ရင် ကျပါလိမ့်မည်။ ဘယ်သူမှ တားမရပါ။ ဖြစ်ချင်ရင် အားလုံး အဆိုးတွေဆက်တိုက် ဆုံဖြစ်ပါလိမ့်မည်။ Englishလို "Murphy's Law " လို့ခေါ်ပါသည်။ အဲဒါတွေဖြစ်ပြီးလျှင် သူ့ဘာသာသူ ဆုံးဖြတ်ချက်တွေ အလွဲလွဲ အမှားမှားဖြစ်ပါလိမ့်မည်။ အဲဒီအခါ ကျဆုံးသွားလိမ့်မည်။ ..."

အခု သူကျချိန်တန်နေပါပြီ။ ဆုံးဖြတ်ချက်တွေ စလွဲချင်နေပြီ။ မကြာတော့ပါ။ ချောက်နှုတ်ခမ်းရောက်နေသူကို ပြည်သူက ဘက်ပေါင်းစုံမှ တွန်းချပေးလိုက်ရုံသာရှိပါသည်။

ပြည်ပအကူအညီ
နအဖ ၏ စီးပွားရေးတွေ ပိတ်ဆို့ပါ။ နိုင်ငံခြား ဘဏ်ကြီးများတွင် အပ်နှံထားသော နအဖ တဖွဲ့လုံး၏ ငွေများ တေဇပိုင်လေယာဉ်များ၊ လုပ်ငန်းများ အားလုံးကို နိုင်ငံတကာ အကူအညီဖြင့် ရသမျှ ပြည်သူပိုင်သိမ်းပစ်ရမည်။ UN ကို အပ်ထားရမည်။
နအဖ မျိုးဆက်များကို ပြည်ပရှိကျောင်းများက လက်မခံရ။ ပညာသင်ကြားခွင့်မပေးရ။ လည်ပတ်ခွင့်၊ ဆေးကုခွင့် မပေးရ။ (အဲဒါကိုမှ Sanction လို့ခေါ်သည်။) ကိုင်း ပြည်သူကို အများကြီး ထိခိုက်သလား?

မျိုးချစ်ပြည်သူများ
အခြား တဖက်က ခင်ဗျားပြောတဲ့ နည်းသစ်ကိုလည်းလုပ်ရမည်...
(၁) လူထုအများစု လုပ်နိုင်တာ / လုပ်ရဲတာ ဖြစ်ရပါမယ်
(၂) လုပ်ရတာ လွယ်ကူရပါမယ်
---
(၃) မင်္ဂလာဆောင်များ၊ အလှူများ၊ အခြားသာရေးနာရေး များ အသုဘမှအဆုံး... ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှုးကြီးများ နှင့် သူတို့၏ သားသမီးများ ကို စသည်များကို လုံးမဖိတ်ပါနှင့်၊ လုံးဝ ပန်းကုံး ဆွတ်ခိုင်းခြင်း၊ လက်ထပ်လက်စွပ်ဆင်မြန်းခိုင်းခြင်းများ မပြုလုပ်ရ။ လူမှုရေး ပတ္တနိက္ကုဇ္ဇန ဟုခေါ်သည်။
(၄) မိမိသားရှိလျှင် စစ်တပ်တွင်း အတင်း မသွတ်သွင်းရ။
(၅) မိမိသမီးရှိလျှင် ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှုးများ၊ ကြံ့ဖွတ်များ နှင့် လက်မထပ်စေရ။ (မျိုးဆက်ဖြတ်ရန် ဖြစ်သည်။) ယူချင်လျှင် လူအရင်ထွက်ခိုင်းရမည်ဖြစ်သည်။
(၆) ကြံ့ဖွတ်အတွင်း လုံးဝမ၀င်ရ။ (မိဘများကလည်း မွေးကတည်းက သွန်သင်ရမည်။)

(ရ) သတ္တိဗျတ္တိနှင့်ပြည့်စုံသော ရဟန်းအာဇာနည်၊ ယောင်္ကျားအာဇာနည်၊ ကျောင်းသားအာဇာနည်၊ မိန်းမအာဇာနည် များ သည် လမ်းပေါ်ထွက် ဆန္ဒပြကြပါလိမ့်မည်။ (သူတို့လို လူမျိုးတွေလည်း လိုပါသည်။)

မျိုးချစ် စီးပွားရေးသမားများ
(၁) ဖော်လံဖားလုပ်၍ ပေါင်းမစားကြပါနှင့်။ (ဘာသာ သာသနာကိုဖျက်ဖို့ ငွေထုတ်ပေးသူများ ဖြစ်သွားပါမည်)
(၂) စွမ်းအားရှင်များ၊ ကြံ့ဖွံ့များကို မိမိတို့စက်ရုံ အလုပ်ရုံများတွင် ရှိနေလျှင် လုံးဝ အလုပ်ဖြုတ်ပစ်ပါ။ အသစ်ဝင်လာလျှင် အထူးစိစစ်ပါ။ ကြံ့ဖွံ့ထဲ ၀င်ခဲ့ဖူးလျှင် ထွက်စာယူခဲ့မှ အလုပ်ခန့်ပါ။ (ကြံ့ဖွတ်၊ စွမ်းအားရှင်ကို အလုပ်ဖြုတ်လို့ ဘယ်သူမှ သင့်ကို လာမဖမ်းပါ။)

မျိုးချစ် အိုင်တီလုပ်ငန်းရှင်များ၊ အိုင်တီသမားများ
(၁) နအဖ ၏ ဆောဖ့်ဝဲများ၊ ကွန်ယက်ချိတ်ဆက်မှုများ မှအစ၊ ပရောဂျက်များ အဆုံး... လုံးဝ လက်ခံဆောင်ရွက်မပေးရ။
(၂) နအဖပိုင် လုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်လျှက်ရှိပါက အလုပ်ထွက်ရန်ကြိုးစားရမည်။
(၃) အမှန်တရားအတွက် ပုံတိုပုံစလေးပဲရရ နိုင်ငံတကာ မီဒီယာများကို တတ်နိုင်သမျှ email ဖြင့် ပေးပို့ကြရပေမည်။

Doughnut IO said...

မြန်မာပြည် လက်ရှိ ဥပဒေအရ အလုပ်သမား ၀န်ကြီးဌာနမှာ မှတ်ပုံတင်ထားသော အလုပ်သမားကို ကြိုတင် အသိမပေးပဲ အလုပ်ဖြုတ်လျှင် တရားစွဲဆို လျော်ကြေးတောင်းခံရနိုင်ပါသည်။

Unknown said...

ခင်ဗျားကော ဘာလုပ်ပြီးပြီလဲ။