Friday, September 28, 2007

ဆန္ဒပြပွဲ ကျဆုံးတော့မယ်

၁၉၈၈ တုံးကလို လူထုအုံကြွမှုဟာ ထိရောက်မှု မရှိနိုင်ဘူးဆိုတဲ့ အချက်ကို သတိထားမိ ကျပါသလား ခင်ဗျာ။ အကြောင်းကတော့ ရန်ကုန်မြို့ဟာ မဟာဗျူဟာ အရ အရေးမပါတော့ ပါဘူး။ အုပ်ချုပ်မှုတွေကို နေပြည်တော်ကပဲ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးမှာ ဆန္ဒပြပွဲတွေ ဘယ်လောက်ပဲ ဖြစ်ဖြစ် အစိုးရ အုပ်ချုပ်ရေးကို မထိခိုက်နိုင်ပါဘူး။ ရေရှည်လုပ်နိုင်ရင်တော့ တမျိုးပေါ့ဗျာ။ ပြည်သူတွေ နေရာက စဉ်းစားကြည့်ပါ။ မိမိအလုပ်အကိုင်တွေ ပြစ်ပြီး ဘယ်လောက် ကြာကြာ လမ်းလျှောက် ဆန္ဒပြနိုင်မှာလဲ? တစ်လ ? နှစ်လ ? သုံးလ ? ။ သုံးလဆိုတာ အလွန်ဆုံးပါ။ ခြေကုန် လက်ပန်း ကျလာပြီး တဖြေးဖြေး တိတ်ဆိတ်သွားမှာပါ။ စားဝတ်နေရေးကလဲ ရှိသေးတယ်မဟုတ်လား။ နောက်ဆုံးတော့ ဆန္ဒပြပွဲ ကျဆုံးသွားမှာပါ။

အရင်ပြောခဲ့သလိုပဲ နအဖ ဆင်းသင့်ပြီ (၀ါ) အပြောင်းအလဲ လုပ်သင့်ပြီ ထင်ပါတယ်။ လက်ရှိအစိုးရဟာ နိုင်ငံစီးပွားရေး အကျပ်အတည်းကို ဖြေရှင်းနိုင်စွမ်း မရှိဘူးဆိုတာ သေချာပါတယ်။ (စကားမစပ် အစိုးရတခု အနေနဲ့ နအဖ လုပ်ရပ်ကို ရက်စက်တယ်လို့ မသတ်မှတ်နိုင် သေးဘူးလို့ ထင်ပါတယ်။ ဒီမိုကရေစီအစိုးရတွေက သတင်းဌာနတွေ အကူအညီနဲ့ ဖုံးကွယ်ထားလို့ သူတို့ လူသတ်မှုတွေက မသိချင်းဖြစ်ပါတယ်။) ဒီတော့ နိုင်ငံစီးပွားရေးပြန်လည် ဦးမော့ လာအောင်နဲ့ နိုင်ငံတကာအလည်မှာ မြန်မာ့နိုင်ငံ တင့်တင့်တယ်တယ် ဖြစ်လာဖို့ နအဖဆင်းသွားအောင် (၀ါ) အပြောင်းအလဲဖြစ်လာအောင် ညီညီ ညွတ်ညွတ် လုပ်ရုံနဲ့ မရတော့ ပါဘူး။ စဉ်းစားတွေးခေါ်ပြီး လုပ်တတ်ဖို့လဲ လိုလာပါပြီ။

အကျိုးရှိသော ရေရှည်လှုပ်ရှားမှု

ကျနော်တို့ နအဖ ဆင်းဖို့ဆိုတာ ဘယ်နှစ်လအထိ ဆန္ဒဆက်ပြရမလဲ မသိပါဘူး။ ရန်ကုန်ဟာ အရင်လို အရေးပါတဲ့မြို့မဟုတ်တော့ တစ်လ ၊ နှစ်လနဲ့ ထူးခြားလာမယ်လို့ မျှော်လင့်ဖို့ မလွယ်ပါဘူး။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကြည့်ပီး စစ်တပ်ကို ဆဲနေတာထက် သဘောထားကြီးကြီးနဲ့ လုပ်သင့်တာတွေ ဆွေးနွေးသင့်ပီ ထင်ပါတယ်။ ဒါကြောင့် ရေရှည် ဆန္ဒပြပွဲတွေကို လုပ်ကိုင်ဖို့ စီမံကိန်းချသင့်ပါပြီ။

အရင်တင်ပြခဲ့သလိုပဲ ဆန္ဒပြသူ အနာတရ မဖြစ်တဲ့ နည်းလေးနဲ့ စတင်စေချင်ပါတယ်။ မိမိတို့ရဲ့ အိမ်တွေမှာ မနက် ၊ နေ့လည် ၊ ညနေ၊ ည နေ့စဉ် လေးကြိမ် ကဒ်ဆက်တွေနဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာပို့နည်းကို အသံအကျယ်ချဲ့ပီး ဖွင့်စေချင်ပါတယ်။ အစိုးရကို အပြောင်း အလဲလုပ်ဖို့အတွက် ဆန္ဒပြတဲ့ သဘောပါ။ ဒီအလုပ်ဟာ လုပ်တဲ့သူအတွက်လည်း အဆင်ပြေပါတယ်၊ အန္တရယ်မရှိပါဘူး၊ နောက်ပီး လုပ်ရတာ အရမ်းလွယ်ကူတဲ့အတွက် လူတိုင်းလိုလို လုပ်နိုင်ပါတယ်။ ရေရှည်လည်း လုပ်နိုင်ပါတယ်။

ဒုတိယအချက်ကတော့ ရပ်ကွက်ထဲမှာ လူစုပြီး တလမ်းဝင် တလမ်းထွက် မေတ္တာသုတ် ရွတ်စေချင်ပါတယ်။ စစ်တပ် (၀ါ) လုံခြုံရေးတွေ လာရင် လူစုအမြန်ခွဲပါ။ ထိပ်တိုက် မရင်ဆိုင်ပါနဲ့။ မိမိရပ်ကွက်ထဲမှာ မေတ္တာသုတ်ရွတ်ဖို့ လူစုရတာ ပိုပြီးလွယ် နိုင်ပါတယ်။ အန္တရယ်လဲ ကင်းပါတယ်။ အဲဒါလေးတွေ ဖြစ်နိုင်လား စဉ်းစားကြည့်ကျပါဦးခင်ဗျာ။

အနှစ် ၂၀ စောင့်ချင်သေးလား

ဒီတခါ မအောင်ရင် နောက်ထပ် အနှစ် ၂၀ လောက် ကြာမှ အခုလို အခွင့်အရေးမျိုးကို ထပ်စောင့်ရမှာပါ။ ကျနော်ကတော့ အဲလောက် မစောင့်စေချင်ဘူးဗျ။ နိုင်ငံလည်း နလန်မထူတော့ဘူး ဖြစ်နေပြီ။ အခုလူတွေ ကသတင်းတွေနဲ့ပဲ အချိန်ကုန်ခံနေပါတယ်။ သတင်းတပုဒ်မကျန် နားထောင် ကျပါတယ်။ ကုလသမဂ္ဂ ဘာလုပ်ပေးမလဲ စောင့်မျှော် နေကျပါတယ်။ အမေရိက လာလေမလားလို့လဲ မျှော်နေပါတယ်။ ကျနော့အမြင်ပြောရရင် လက်တွေ့ကျကျ ဘာတွေလုပ်သင့်လဲ ဆိုတာကို အဓိကထား စဉ်းစားသင့်ပြီထင်ပါတယ်။ အချိန် မနှောင်းခင်ပေါ့ဗျာ။
ကျနော် အခု စဉ်းစားထားတာလေးကို ပုဂ္ဂိုလ်ရေး မသင့်မြတ်တာ မေ့ထားပြီး လက်တွေ့ အကောင်အထည်ဖေါ်နိုင်လား စဉ်းစားကြည့်စေချင်ပါတယ်ခင်ဗျာ။

ငြိမ်းချမ်းတိုးတက်သော နိုင်ငံတော်ကြီးဆီသို့
တောသားနှစ်ယောက်
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

1 comment:

Unknown said...

အစ်ကို့ ရဲ့ ပို့(စ်)တွေကနဲနဲ လက်တွေ့ကျတယ် ။ ကျွန်တော် လည်း တော်တော်များများ ထောက်ခံတယ် ။ ဒါပေမယ့် ဘုရားစာ ရွတ်ပေးရုံနဲ့ မလုံလောက်ဘူးလို့တော့ထင်တယ်ခင်ဗျ ။ ကျွန်တော့်မှာလည်း အကြံညဏ်ကောင်း အတွေးအခေါ်ကောင်း မရှိတော့ ရမ်းပြီးတော့မပြောချင်ဘူး ။ တော်တော်ကောင်းပါတယ် ။ ဘက်စုံ ၊ ထောင့်စုံ ကနေတော်တော်လေး ကိုလေးလေးနက်နက် စဉ်းစားထားတဲ့ အတွက် လုံးဝဥုသုံ မပာုတ်ပေမယ့် ထောက်ခံ ပါတယ် ခင်ဗျာ ။