Showing posts with label ဗုဒ္ဓဘာသာ. Show all posts
Showing posts with label ဗုဒ္ဓဘာသာ. Show all posts

Wednesday, October 31, 2007

Thomas Jefferson ဆေးရုံမှ တရားပြသင်တန်း



ဒီတခါတင်ပြမယ့်အကြောင်းကတော့ အမေရိကန်မှ Thomas Jefferson ဆေးရုံရဲ့ ၀ိပဿနာသင်တန်း ကြော်ငြာလေးပါ။ သင်တန်းကာလကတော့ ၂ လကြာမြင့်ပါတယ်။ အကြေးငွေအဖြစ် $495 ယူပါတယ်။ တရားစခန်းဝင်တဲ့ပုံစံမျိုးနဲ့ သင်ပေးတာမဟုတ်ပဲ တပတ်နှစ်ကြိမ် တရားထိုင်နည်းကို သင်ပြသပေးတာဖြစ်ပါတယ်။

ဝိပဿနာဝေါဟာရ

ဆီပုံးမှာ Mindfulness ဟာ သမထကို ရည်ညွှန်းတယ်ဆိုပြီး ပြောတဲ့ သူတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူက ၀ိပဿနာဟာ နိဗာန် အတွက်ပဲ ဖြစ်လို့ အနောက်နိုင်ငံသားတွေ လုပ်တာ သမထပဲ ဖြစ်နိုင်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒီမှာ မြန်မာတွေ မှားယွင်းနေတဲ့အချက် ကိုကျနော် ပြောချင်ပါတယ်။ တရားတော်ဟာ မျက်မှောက်ဘ၀မှာလည်း အကျိုးပြုတယ်ဆိုတာ မြတ်စွာဘုရားကိုယ်တိုင် ဟောကြားခဲ့ပါတယ်။ ဒါ့ကြောင့် ၀ိပဿနာကို ကျနော်တို့ ဗုဒ္ဓဘာသာတွေဟာ နိဗာန် ရည်မျှော်ပြီးလုပ်တာ မှန်ပေမယ့်၊ လက်ရှိဘ၀ မှာလည်း အကျိုးထူးတွေ ရရှိမှာ ဖြစ်ပါတယ်။

ဝိပဿနာကို Vipassana Meditation , Insight Meditation နဲ့ Mindfulness Meditation စသဖြင့်အမျိုးမျိုးခေါ်ဝေါ်ကျပါတယ်။ ဘာသာရေးနဲ့ တတ်နိုင်သမျှ ကင်းရှင်းအောင် လုပ်ရမယ်ဆိုတဲ့မူနဲ့ အညီ ဆေးရုံတွေနဲ့ တက္ကသိုလ်တွေမှာ အများဆုံးအသုံးပြုတဲ့ အသုံးအနှုံးကတော့ Mindfulness Meditation ပါ။ တချို့ သင်တန်းတွေမှာဆိုရင် ၀ိပဿနာကို Religion နဲ့ မဆိုင်ဘူးလို့တောင် အတိအလင်းရေးထားပါတယ်။

မကျေနပ်ပေမယ့်လဲ . . .

ကြော်ငြာကို အောက်မှာ ကူးပြထားပါတယ်။ ဖတ်ကြည့်ရင် အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပထမပိုင်းမှာတော့ ၀ိပဿနာဟာ ယုံကြည်မှု သက်သက်မဟုတ်ပဲ စမ်းသပ်သုတေသနတွေ အမျိုးမျိုးနဲ့ အထောက်အထားခိုင်ခိုင်မာမာ ရှိကြောင်း ရှင်းပြထားပါတယ်။ ဇယားကွက်လေးလဲ ပူးတွဲယှဉ်ပြထားပါတယ်။

သူတို့ဖိတ်ခေါ်ထားတဲ့ ဝေဒါနာရှင် အမျိုးအစားတွေဖတ်ကြည့်ပါ

(၁) နာကျင်ကိုက်ခဲ ဝေဒနာခံစားနေရသူများ
(၂) ကင်ဆာဝေဒနာရှင်များ
(၃) စိတ်ပင်ပန်းနေသူများ (Stress)
(၄) နှလုံးရောဂါဝေဒနာရှင်
(၅) စိုးရိမ်စိတ်ကြီးသူများနှင့် ထိတ်လန့်ချောက်ချားနေကျသူများ (Anxiety and Panic)
(၆) အစားအသောက်မစားချင်ဖြစ်နေသော ဝေဒနာရှင်များ (GI Distress)
(၇) လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေသူများ (Fatigue)
(၈) ကောင်းကောင်းအိပ်စက်လို့ မရသောဝေဒနာရှင်များ (Insomnia)
(၉) စိတ်ကျရောဂါ (သို့မဟုတ်) စိတ်ညစ်နေသူများ (Depression)
(၁၀) အခြား နာတာရှည်ရောဂါဝေဒနာရှင်များ ဆိုပြီး ၉၆ပါး ဝေဒနာရှင် အားလုံးနည်းပါး ဖိတ်ခေါ်ထားပါတယ်။

ဒါကိုကြည့်ရင် ကျနော်တို့ ဗုဒ္ဓရဲ့ တရားတော်ဟာ လူသားတွေကို ဘာသာမရွေး လူမျိုးမရွေး အကျိုးပြုတယ်ဆိုတဲ့သဘောပါ။ ဗုဒ္ဓဘာသာဖြစ်ရတာ အရမ်းဂုဏ်ယူထိုက်တဲ့ အချက်လို့ ယူဆပါတယ်။

သင်တန်းပြီးဆုံးသွားသူတွေရဲ့ မှတ်ချက်လေးတွေကလဲ အရမ်းကြည်နူးဖို့ကောင်းပါတယ်။

“၀ိပဿနာသင်တန်းကြောင့် ကျနော်ဟာ အခုလူဘ၀ကြီးကို အမြင်သစ် အတွေးသစ် ခံစားချက်အသစ်တွေနဲ့ နေထိုင်နိုင်နေပါပြီ”

“ကျနော်ကတော့ လောကဒဏ်တရားကို ခံနိုင်တဲ့ စွမ်းရည်တွေနဲ့ ဥာဏ်အစွမ်းအစ တွေရရှိလာပါတယ်”


“ခံစားနေရတဲ့ ဝေဒနာတွေကို အဆိုးမြင်စိတ်တွေ နည်းပါးသွားပြီး သည်းခံနိုင်စွမ်း လည်းရှိလာပြီမို့ အခုဆိုရင် အချိန်ပြည့် အလုပ်လုပ်နိုင်နေပါပြီ”

“ ဒီသင်တန်းကနေ ဘ၀တာ တစ်ခုလုံး ပျော်ရွှင်ချမ်းမြေ့စေမည့် နေထိုင်သည့် နည်းလမ်းကောင်းကို ရရှိသွားပါတယ်”

အထက်က အကြောင်းအရာတွေကို ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ က မြတ်ဗုဒ္ဓရဲ့ တရားဆေးဟာ အံ့မခန်း အစွမ်းထက်တယ်ဆိုတာ ငြင်းလို့ မရတဲ့အချက်ပါ။ ဒါပေမယ့်လည်း ကြော်ငြာထဲမှာတော့ ပါမောက္ခ Jon Kabat-Zinn ကိုပဲ Credit ပေးထားပါတယ်။ ဗုဒ္ဓအမည်တော့ မတွေ့ရပါ။ ဗုဒ္ဓအမည်မသုံးတာ မရိုးသားဘူးလို့ ကျနော် မမြင်ပါ။ ဘာသာရေးလို့ ထင်မြင် မယူဆစေချင်တဲ့ သဘောထားလို့ ထင်ပါတယ်။ မူရင်းတွေ့ရှိသူရဲ့ အမည်ကို မသုံးတဲ့အတွက် မှန်ကန်တဲ့ လုပ်ဆောင်ချက်လို့ မမြင်ပါ။ ဒါပေမယ့် တရားတော်ရဲ့ အကျိုးကို လူသားတွေ ပိုမို ခံစားနိုင်အောင် လုပ်ပေးတဲ့ သင်တန်း တစ်ခုမို့ ကျေနပ်မိပါတယ်။


မူရင်းကို အင်္ဂလိုဖတ်နိုင်ပါတယ်

Friday, October 12, 2007

ကျောင်းသားများအတွက် ၀ိပဿနာ


အနောက်နိုင်ငံတွေမှာတော့ ဗုဒ္ဓတရားတော်ကို ပါမောက္ခကြီးတွေ ကိုယ်တိုင် သူတို့ တက္ကသိုလ်တွေမှာ တခမ်းတနား ဆွေးနွေးနေကျတဲ့ အချိန်ပေါ့ဗျာ။ မြန်မာလူမျိုးတွေကတော့ ဗုဒ္ဓတရားတော်ကို ဘုန်းကြီးကျောင်းမှာပဲ လိုက်နာ ကျင့်သုံးအပ်တဲ့ အရာလို့ပဲ ယူဆနေကျဆဲပါ။ ဗုဒ္ဓဘုရားရှင်ရဲ့ မေတ္တာတရားတော်ကို နအဖ ဆင်းပေးရေးမှာ အသုံးပြုဖို့ အဆိုပြုချိန်မှာတော့ သူတို့က ဟာသလုပ်ကျပါတယ်။ ဘာသာတရားကို အရေးကြီးတဲ့ နိုင်ငံရေးလို နေရာမျိုးမှာ အားမကိုးချင်ဘူးဆိုတဲ့ သဘောပါ။ တနည်းပြောရရင် မယုံကြည်ဘူးပေါ့ဗျာ။ ဖြစ်နိုင်ရင် အကြမ်းဖက် ချင်တယ်ပေါ့။ အာရပ်နိုင်ငံတွေမှာ အကြမ်းဖက် ၀ါဒကို အခြေခံပြီး နိုင်ငံရေး လှုပ်ရှားနေတာ ဘာထူးလဲ? ပြည်သူ့ အကူအညီနဲ့ လက်နက်အားကိုးပြီး တက်လာတဲ့ အဖွဲ့တွေဟာ အင်အားကောင်းလာတဲ့ အချိန်မှာ လူထုကို နှိပ်စက်ညှင်းပန်း တာလူတိုင်း အသိပဲ။ အဲဒါတွေကို သတိ မထားမိကျဘူး ထင်တယ်ဗျ။

ကဲ . .. ဒီအပတ်မှာ တင်ပြမှာကတော့ ကျောင်းသူ/ ကျောင်းသား တွေ ၀ိပ္မဿနာရှု့မှတ်ဖို့ တိုက်တွန်းထားတဲ့ ဆောင်းပါးလေးကို တင်ပြ ချင်ပါတယ်။ တရားထိုင်တဲ့သူဟာ အတွေးအခေါ်ပိုင်းမှာ စူးရှထက်မြက်လာ စေတယ်လို့ အမေရိကန် Physics ပါမောက္ခ Fritjof Capra က ပြောခဲ့ပါတယ်။ တရားထိုင်တဲ့ ကျောင်းသားတွေဟာ ၁၀နာရီလောက် အချိန်ပေးရတဲ့ ပုစ္ဆာကို ၆နာရီနဲ့ ပြီးအောင် ဖြေရှင်းနိုင်တာ သူရဲ့ ကိုယ်တွေ့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထက်ဝက်လောက် အထိ ကွာသွားပါတယ်။

နောက်ပြီး ဒီဘက်နိုင်ငံက ကျောင်းသားတွေဟာ Project တွေ၊ စာမေးပွဲ တွေ တခုပြီး တခု လုပ်ကျရပါတယ်။ Project အတွက် လူရှာရတာကလဲ ဒုက္ခ တမျိုးပါ။ သူတို့ ဦးနောက်တွေဟာ ပြည့်ကျပ်နေပြီး စိတ်ပင်ပန်း တာတွေ၊ စိုးရိမ်စိတ်တွေ အမြဲ ကြုံနေရပါတယ်။ ဒီတော့ စိတ်နဲ့ ကိုယ်ခန္ဓာ ကျန်းမာရေး ကိုထိခိုက် လာနိုင်ပါတယ်။

Terry Pearson က နေ့ခင်းမှာ တရေးတမော အိပ်တာထက် ၅ မိနစ်လောက် ၀ိပဿနာ ရှု့လိုက်တာက ပိုပြီး အကျိုးထူးတယ်လို့ တောင် အကြံပြုထားပါတယ်။ သူမဟာ ဗုဒ္ဓဘာသာ သီလရှင် မဟုတ်ပါဘူး။ ဒီဘက်မှာ ၀ိပဿနာပြဖို့ တက္ကသိုလ် ကနေ လေ့ကျင့်ပေးတဲ့ သူပါ။ သူမကို mindfulness-based stress reduction instructor (“သတိပဌာန် အခြေခံ စိတ်ပင်ပန်းမှု ပပြောက်ရေး နည်းပြဆရာ” လို့ ဘာသာပြန်ရ မလားမသိဘူး) လို့ခေါ်ပါတယ်။ သူမ အကြံပြုချက်တွေကို အကျဉ်းချုပ်တင်ပြရမယ်ဆိုရင်

(၁) တနေ့ နှစ်ကြိမ် တကြိမ်ကို ငါးမိနစ်လောက် ၀ိပဿနာရှု့ပါ။ ၀ိပဿနာ ရှုချင်းဖြင့် စိတ်ငြိမ်းချမ်းမှု ရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် စာတွေကို ပိုမို ထိရောက်စွာ လုပ်နိုင်မှာဖြစ် ပါတယ်။ (ဗုဒ္ဓတရား အကျိုးများလေစွ)

(၂) စာမေးပွဲဖြေနေတဲ့ ရက်တွေမှာ စိတ်လှုပ်ရှားမှုတွေ ပိုများနိုင်ပါတယ်။ အသီးအနှံနဲ့ အရွက်များကို စားသောက်ပါ။ (သက်သက်လွတ်ကို ဆိုလိုချင်း မဟုတ်ပါ) ချောကလက်၊ ချိုချဉ်တို့ကို မစားပါနဲ့။ ကော်ဖီ , pepsi, cola များ သောက်ချင်း (လက်ဖက်သုတ်လည်း ပါမယ်ထင်တယ်) ကို လျှော့ပါ။ အဲဒါတွေ ဟာ မျက်လုံးကျယ်ပြီး မအိပ်ပဲ စာဖတ် နိုင်သော်လည်း မှတ်ဥာဏ်အတွက် ဘာမှ အကျိုးမပြုပါ။ ထို့အတူ stress level လဲ မြင့်လာတတ်ပါသည်။

(၃) အိပ်ရေး အပျက်မခံပါနဲ့

(၄) စာဖတ်တာ ကြာလာရင် နေရာပြောင်းဖတ်ပါ။ အပြင်ထွက်ဖတ်နိုင်ရင် ဖတ်ပါ။ မဖတ်နိုင်ရင် အိမ်ခန်းပြောင်း ဖတ်ပါတဲ့ဗျ။ အပြောင်းအလဲကြောင့် စိတ်က ပိုမို တက်ကြွလာမယ်ဆိုပဲ။

(၅) စာကျက်လို့ ပင်ပန်းလာရင် အတင်း ဆက်မလုပ်ပါနဲ့။ နာရီဝက်လောက် နားချင်နားပါ။ အိပ်ချင် အိပ်ပါတဲ့။

ကဲဒီလောက်ပါပဲခင်ဗျာ။ ဖြစ်နိုင်ရင် နေ့စဉ်မှန်မှန် ၀ိပဿနာလုပ်ကြည့်ပါ။ အထူးသဖြင့် ခေါင်းထဲမှာ ပြည့်ကျပ်နေရင် အရမ်းကို အဆင်ပြေပါတယ်။ စမ်းသပ်ကြည့်ပါခင်ဗျာ။ တကယ်ကို အကျိုးထူးပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကျပါစေ


ကိုးကားချက် ။ ။
Relaxation and meditation helps students' stress during exams
http://www.mndaily.com/articles/2007/05/01/71787

Saturday, September 22, 2007

ဝိပဿနာနဲ့ အနောက်နိုင်ငံ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဒီနေ့ Newsweek မဂ္ဂဇင်းမှာ ရေးထားတဲ့ ဆောင်းပါးတပုဒ်ကို အနည်းငယ်သုံးသပ် တင်ပြချင်ပါတယ်။ ဆောင်းပါး အမည်ကတော့ Buddha Lessons ဖြစ်ပါတယ်။ ရေးထားတာကတော့ ၀ိပဿနာ (Mindfulness meditation) ရှု့လုပ်တာ တက္ကသိုလ်တွေနဲ့ ဆေးရုံတွေမှာ တွင်ကျယ်လာတဲ့ အကြောင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးကို ဖတ်ပြီး သုံးသပ်မိတဲ့ အတွေးလေးများကို ဝေငှချင်ပါတယ်ခင်ဗျာ။

Religion မဟုတ်ပါ
ကနေဒါနဲ့ အမေရိကနိုင်ငံ တက္ကသိုလ်၊ ဆေးရုံ၊ အစိုးရနဲ့ ပုဂ္ဂိလိက ဌာနကြီးတွေမှာ ဘုရားရှိခိုးဖို့ နေရာတွေ လုပ်ပေးထားပေးပါတယ်။ ဒါပေမယ့် ဘာသာရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေမှာ ဌာနအမည်သုံးပြီး လုပ်ကိုင်ခွင့် မရှိပါဘူး။ ဒါကြောင့်လည်း ခရစ်စမတ် ရုံးပိတ်ရက်အတွက် Merry Christmas လို့ နှုတ်ဆက် စာတန်း သုံးတာ မရှိပါဘူး။ Happy Holiday လို့ပဲရေးရပါတယ်။ ဘာသာရေးနဲ့ ကင်းရှင်းအောင် လုပ်ကိုင်ရပါတယ်။

ဗုဒ္ဓဘာသာကိုလဲ ဘာသာရေး (Religion) တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသာဟာ မွတ်ဆလင်၊ ခရစ်ယာန် ၊ ဂျူး ဘာသာတွေနဲ့ တူတာ အချက်တချက်ပဲရှိပါတယ်။ ဘာသာရဲ့ အဆုံးအမတိုင်း နေထိုင် လုပ်ကိုင်သွားပါက သေပြီးနောက်မှာ ကောင်းရာရောက်မယ် ဆိုတဲ့ အချက်ပဲ ရှိပါတယ်။ ကျန်တာတွေကတော့ အဖြူနဲ့ အမဲလို ခြားနားပါတယ်။ အခုလိုရေးတာ တခြားဘာသာများကို နှိမ့်ချ ရေးသားချင်း မဟုတ်ပါ။ မှန်ကန်သော အချက်အလက် အနေနဲ့ တင်ပြချင်းသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာကို ဘာသာ(Religion) တစ်ခုလို့ သတ်မှတ်ထားတဲ့ အတွက် တက္ကသိုလ်နဲ့ ဆေးရုံတွေမှာ ၀ိပဿနာ တရားထိုင်ခြင်းကို သင်ကြားမပေးခဲ့ပါဘူး။ တရားဝင်အရ ဗုဒ္ဓဘာသာကို Religion လို့ သတ်မှတ် ထားပေးမယ့် အနောက်နိုင်ငံသားများသိတဲ့ Religion ဝေါဟာရထဲမှာ မပါဝင်ဘူးဆိုတာ ယနေ့ ပညာတတ်များ လက်ခံ လာကျပြီ ဖြစ်ပါတယ်။ နည်းနည်းလေး ရှုပ်နေပါတယ်။ မြန်မာစကားလုံး “ကိုးကွယ်ခြင်း (၀ါ) ဘာသာ” ကို “Religion” လို့ ဆီလျှော်အောင် ပြောဆို သုံးနှုံန်းနေပေမယ့် မတူညီဘူးဆိုတာ သတိချပ်သင့်ပါတယ်။ ဘာသာပြန် စာရေးဆရာများ သိမည်ထင်ပါသည်။ အံ့သြစရာ အကောင်းဆုံးကတော့ “Religion” ဝေါဟာ၏ အမှန်တကယ် အနှစ်သာရသည် မြန်မာ စကား “ကိုးကွယ်ခြင်း” နဲ့ လုံးဝကို ဆန့်ကျင်နေခြင်းဖြစ်ပါတယ်။


သိမ်မွေ့နက်နဲသောတရားတော်
Kentucky တက္ကသိုလ်က စိတ်ဆရာဝန် Ruth Baer က “ တချိန်တုံးကဆိုရင် ဆေးသိပ္မံပညာရှင်တွေဟာ ၀ိပဿနာကို စိတ်အထင်နဲ့ ပေါက်ကရလုပ်နေတယ်လို့ ယူဆခဲ့ကျပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီလူတွေကိုယ်တိုင် ၀ိပဿနာကို အလေးအနက်ထား ရမယ် ဆိုတာ လက်ခံလာကျပါပြီ” လို့ပြောပါတယ်။ ဒီစကားမှာ တွေးစရာတွေပေါ်လာပါတယ်။ ဆေးလောကထဲမှာ ၀ိပဿနာ ခေတ်စားလာတာ ဆယ်စုနှစ် အတွင်းမှာပဲ ရှိပါသေးတယ်။ ၀ိပဿနာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကတည်းက ပေါ်လာခဲ့တာပါတယ်။ တကယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင် တစ်ရာလောက်ကတည်းက လေ့လာပြီး ဖြစ်သင့်ပါတယ်။ အနောက်နိုင်ငံက ဆရာဝန်တွေဟာ နှိက်နှိက်ချွတ်ခွတ် လေ့လာတယ်ဆိုတာ မှန်ရဲ့လား။ ၀ိပဿနာရှိတာကို သတိမထားခဲ့ဘူးဆိုရင်တော့လည်း တမျိုးပေါ့ဗျာ။ အခုဟာ ရှိမှန်းသိရက်နဲ့ မလေ့လာကျတာပါ။

ဒီအပေါ်မျာ ကျနော် သုံးသပ်ချက် နှစ်ခုချမိပါတယ်။ ပထမတစ်ချက်ကတော့ သိပ္မံပညာရှင်တွေဟာ ဘာသာရေးနဲ့ ဆက်နွယ်လာရင် အမြင်ကျဉ်းတယ်လို့ ယူဆပါတယ်။ သူတို့တွေဟာ ခရစ်ယာန်နဲ့ မွတ်ဆလင်ဘာသာတွေလို ဗုဒ္ဓဘာသာကို တရားသေ၀ါဒ (Dogma) ပေါ်မှာတည်ဆောက်ထားတယ်လို့ ယုံကြည်ထားကျပါတယ်။ ၀ိပဿနာကို သိပ္မံနည်းကျ လက်တွေ့ စမ်းသပ်တာမဟုတ်ပဲ သူတို့အထင်နဲ့ မှန်းပြောခဲ့တယ်ဆိုတာ ငြင်းလို့ မရတဲ့အချက်ပါ။

ဒုတိယအချက်ကတော့ အရမ်းကို အရေးကြီးပါတယ်။ စိတ်ဆရာဝန်တွေဟာ သာမန်လူတွေ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ စိတ်အကြောင်းကို လေ့လာပြီး လက်တွေ့ လုပ်ကိုင် နေကျသူတွေပါ။ PhD စိတ်ဆရာဝန်ကြီး တွေကိုယ်တိုင် ၀ိပဿနာကို ပေါက်ကရ လုပ်နေတဲ့ အလုပ်တခုလို့ ယူဆခဲ့ကျပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်ဟာ တိမ်မယောင်နဲ့ နက်တယ်လို့ သုံးသပ်နိုင်ပါတယ်။ ဆရာဝန်ကြီးတွေကိုယ်တိုင် မနေ့ တနေ့ကမှ သူတို့အမှားကို မြင်လာကျတာပါ။

ဒီမှာ မြန်မာလူငယ်တွေ သတိပြုသင့်တယ်လို့ ယူဆထား တာလေး ကိုတင်ပြချင်ပါတယ်။ မြန်မာလူငယ်တွေဟာ ဗုဒ္ဓတရားတော်ကို ဝေဖန်တာတွေ ကြားနေရပါတယ်။ ခက်ခဲမယ်ထင်တဲ့ မေးခွန်းကိုလည်း ဘုန်းကြီးတွေကို မေးကျပါတယ်။ မိမိကိုယ်ကို အတွေးအခေါ် ပညာရှင်ကြီး တယောက်ပမာ ဂုဏ်ယူကျပါတယ်။ တကယ်တော့ မြတ်စွာဘုရားဥာဏ်တော်ကို PhD ဆရာဝန်ကြီးတွေပင် လိုက်မမှီတဲ့အတွက် လူငယ်တွေ မဝေဖန်သင့်ပါဘူး။ သံသတရာ တလျှောက်လုံး ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် လူငယ်တွေ ဝေဖန်လာရင် ဆရာဝန်ကြီးတွေ ဖြစ်ပျက်ပုံကို ဥပမာပေးပြီး တားမြစ်သင့်ပါတယ်။ ဒါပေမယ့် ဝေဖန်တာနဲ့ တွေးခေါ်တာ ကွဲပြားတယ်ဆိုတာ သတိထားဖို့လိုပါတယ်။ တရားတော်အပေါ်မှာ တွေးခေါ်ပါ။ မတွေးခေါ်တဲ့သူတွေဟာ ချဲဂဏန်းပေးနေတဲ့ ဘုန်းကြီးကို ကိုးကွယ်တဲ့ အဖြစ်မျိုး ရောက်သွားတတ်ပါတယ်။


အနာမျိုး ၉၆ပါး အတွက် တရားတော်
ဝိပဿနာအစွမ်းနဲ့ အနာမျိုး ၉၆ ပါး ကုသနိုင်တယ်လို့ပြောရင် ယုံမယ်မထင်ပါဘူး။ မဂ္ဂဇင်းတွေမှာ ဆေးတွေဟာ ရောဂါမျိုးစုံပြောက်တယ် လို့ လိမ်ပြီးကြော်ငြာနေတော့ ကျနော့စကားကို ယုံမယ် မထင်ပါဘူး။ မယုံချင်နေပါ။ ဒီဘက်မှာတော့ လက်တွေ့ အသုံးပြုနေကျပါပြီ။

စိတ်ညစ် (Stress) ၊ စိတ်ဓါတ်ကျ(Depression) ၊ သတ်သေချင်စိတ်ဖြစ်နေတဲ့ သူတွေအားလုံးကို ၀ိပဿနာ နဲ့ကုသနေကျပါတယ်။ နာကျင်ကိုက်ခဲနေတဲ့ ဝေဒနာရှင်တွေလည်း ဆေးတွေနေရာမှာ တရားထိုင်တဲ့နည်းနဲ့ အစားထိုးလာပါတယ်။ သွေးလှည့်ပတ်မှု နဲ့ရောဂါပိုးတိုက်ခိုက်ရေးမှာ အထောက်အကူပြုတယ်လို့ တွေ့ရှိလာပါတယ်။ ဒါကြောင့် ကင်ဆာနဲ့ AIDS လို ဆေးမရှိတဲ့ ရောသည်တွေလည်း တရားထိုင် နေကြပြီ ဖြစ်ပါတယ်။ ရုပ်နဲ့ နာမ် ဆက်စပ်တယ်ဆိုတဲ့ သဘောတရားလည်း ဒီမှာသတိထားနိုင်ပါတယ်။ အရေပြား နီပြီး ခြောက်သွေ့တဲ့ရောဂါ အရေပြား ဝေဒနာ ရှင်တွေ တရားထိုင်ရင် လေးဆပိုမြန်ပြီးပြောက်တယ် ဆိုတာ တွေ့ရှိထားတယ်တဲ့။

လှချင်ပချင်တဲ့ မိန်းခလေးတွေ ၀ိပဿနာ လုပ်ပါလို့ပြောရင် နောက်တယ်ထင်မလား။ မထင်ပါနဲ့ခင်ဗျာ။ အတည်ပြောတာပါ။ အ၀လွန်နေတဲ့သူတွေ အ၀လျော့သွားအောင် ၀ိပဿနာကို အားကိုးနေပါပြီ။ တရားမှတ်ပြီး စားသုံးချင်းဟာ အစားလွန်တာ ကို ကာကွယ်ပေးတယ်တဲ့ဗျ။ ပိန်တဲ့ မိန်းခလေးတွေအတွက်တော့ သွေးလည်ပတ်မှု ကောင်းတဲ့ အကျိုးထူးခံစားရမှာ ဖြစ်ပါတယ်။

ကိုးကားချက်
Buddha Lessons
http://www.msnbc.msn.com/id/6038976/site/newsweek
(ယုံကြည်ချက်။ ။ ဒီမိုကရေစီ၊ လူအခွင့်အရေးဆိုတာ စာရွက်ပေါ်မှာပဲရှိပါတယ်။ ဗုဒ္ဓတရားတော်နဲ့ အညီ လောဘ၊ ဒေါသ၊ မောဟ နည်းအောင် လုပ်ချင်းသည်သာ လက်တွေ့ကျသော ငြိမ်းချမ်းရေးစံနစ်ဖြစ်ပေါ် လာစေမည်ဖြစ်ပါသည်။)

Saturday, September 15, 2007

မေတ္တာဆိုတာ စိတ်ကောင်း၊ နှလုံးကောင်း


မေတ္တာဆိုတာကို ချစ်ခြင်း၊ နှစ်သက်၊ မြတ်နိုးခြင်းရယ်လို့ အလွယ်တကူ မှတ်ယူ တတ်ကြပါတယ်။ ဗုဒ္ဓရဲ့အဘိဓမ္မာနဲ့ လေ့လာရင် မေတ္တာဟာ အဒေါသ စေတသိတ် ဖြစ်ပါတယ်။ လောဘစေတသိတ်ရဲ့ ဆန့်ကျင်ဘက်ဟာ အလောဘ၊ မောဟစေတသိတ်ရဲ့ ဆန့်ကျင်ဘက်ဟာ အမောဟဆိုတာပါပဲ၊ အဒေါသ ဆိုတာ ဒေါသရဲ့ ဆန့်ကျင်ဘက် စေတသိတ်ပါပဲ။လူတစ်ယောက်ဒေါသ ထွက်နေပြီဆိုရင် ဒီလူ စိတ်ဆိုးနေတယ်လို့ ပြောတတ်ကြပါတယ်။ ဒေါသစေတသိတ်ကို “စိတ်ဆိုး” ဆိုတဲ့ ဝေါဟာရနဲ့ ဖလှယ်ကြပါတယ်။ ဒါကြောင့် သူ့ရဲ့ဆန့်ကျင်ဘက် အဒေါသကိုတော့ “စိတ်ကောင်း၊နှလုံးကောင်း” လို့ ဝေါဟာရ ဖလှယ်ရမှာပါ။စိတ်ကောင်း၊ နှလုံးကောင်း ထားနိုင်သူဟာ မေတ္တာပွားများနေသူမည်ပါတယ်။ စိတ်ကောင်း၊ နှလုံးကောင်း ရှိတဲ့ မိသားစုဟာ ပျော်ရွှင်ချမ်းမြေ့မှုကို ခံစားကြရမှာ အမှန်ဖြစ်ပါတယ်။ စိတ်ကောင်း၊ နှလုံးကောင်းရှိတဲ့ အကြီးအမှုးအုပ်ချုပ်တဲ့ဌာနတွေဟာ တိုးတက်ကြီးပွား အောင်မြင်နိုင်မှာ ဧကန်ဖြစ်ပါတယ်။
ဗုဒ္ဓဘုရားရှင်က စိတ်ကောင်း၊ နှလုံးကောင်း (မေတ္တာ) ရှိသူတွေ ရနိုင်တဲ့ အကျိုး ဆယ့်တစ်မျိုးရှိတယ်လို့ ဟောကြားထားပါတယ်။ အဲဒါတွေကတော့
၁။ အေးချမ်းစွာ အိပ်ပျော်နိုင်ခြင်း
၂။ အေးချမ်းစွာ နိုးထနိုင်ခြင်း
၃။ အိပ်မက်ဆိုးများ မမက်နိုင်ခြင်း
၎။ နတ်ကောင်း နတ်မြတ်များ စောင့်ရှောက်ခြင်း
၅။ လူသားတို့က လေးစားခင်မင်ကြခြင်း
၆။ နတ်ကောင်းများက ကြည်ညိုခြင်း
၇။ လက်နက်၊ အဆိပ်၊ မီး စသည့်တို့ မထိ၊ မသင့်နိုင်ခြင်း
၈။ မျက်နှာကြည်လင် အေးချမ်းခြင်း
၉။ စိတ်ဓါတ်ကြည်လင် အေးချမ်းခြင်း
၁၀။ မတွေမဝေ ဘ၀ကို စွန့်ခွါနိုင်ခြင်း
၁၁။ တမလွန်၌ ဈာန်ရသော် ဗြဟ္မာဘုံ၊ ဈာန်မရသော် သုဂတိဘုံသို့ရောက်ရခြင်း တို့ဖြစ်ပါသည်။
မေတ္တာ တရား ၊ စိတ်ကောင်း၊ နှလုံးကောင်း ကိုပျက်စေနိုင်တဲ့ အပျက်တရား (၂)ပါး ရှိပါတယ်။ အဲဒါတွေကတော့ တွယ်တာချစ် (တဏှာပေမ+ဂေဟဿတပေမ) နှင့် မုန်းတီးခြင်း (ဒေါသ) တို့ဖြစ်ပါတယ်။ ဒီအစွန်း (၂)ပါးက လွတ်အောင် သတိနဲ့ နေထိုင်နိုင်ပါမှ မေတ္တာ မပျက်မှာ ဖြစ်ပါတယ်။ ဒီအစွန်း(၂) ပါးက လွတ်အောင် သတိနဲ့ နေထိုင်နိုင်ပါမှ မေတ္တာမပျက်မှာ ဖြစ်ပါတယ်။
မေတ္တာ တရားဟာ သတ္တ၀ါအားလုံးအပေါ် အကျိုးလိုလားပြီး လောကကို ငြိမ်းချမ်းစေတဲ့တရားဖြစ်ပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်ဟာ မိမိရဲ့လောကဖြစ်ပါတယ်။ လောကအေးချမ်းရေး အတွက် မိမိပတ်ဝန်းကျင်ရှိ မိမိနဲ့သက်ဆိုင်သူတို့ကို ငြိမ်းချမ်းအောင် ဦးစွာ ဆောင်ရွက်သင့်ပါတယ်။ ထိုသူတို့ရဲ့ အကျိုးကို လိုလားသော မေတ္တာစိတ် (စိတ်ကောင်း၊ နှလုံးကောင်း) ဖြင့် ပြုဖွယ် ၀တ္တရားကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြုဖွယ် ၀တ္တရားဆိုရာမှာ ပေးကမ်းခြင်း၊ စောင့်ရှောက်ကူညီခြင်း၊ ဆုံးမသွန်သင်ခြင်း၊ အရိုအသေပြုခြင်း၊ အဖေါ်သဟဲပြုခြင်း၊ အသိအမှတ်ပြုခြင်း၊ ခွင့်လွှတ်အနစ်နာခံခြင်း စတဲ့အရာတွေ အားလုံးပါဝင်ပါတယ်။
မိမိပတ်ဝန်းကျင် ငြိမ်းချမ်းရင် မိမိရဲ့လောကအေးချမ်းမှာပါဖြစ်ပါတယ်။ အဲဒီအခါ မိမိလည်း အေးချမ်းတဲ့ မေတ္တာရဲ့လွှမ်းခြုံမှုကို ခံစားနိုင်သူဖြစ်လာမှာပါ။ ဒါကြောင့် စိတ်ကောင်း၊ နှလုံးကောင်း နဲ့ မိမိပတ်ဝန်းကျင်ကို စောင့်ရှောက်ကူညီခြင်းဟာ မိမိကိုယ်ကို ငြိမ်းချမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
မေတ္တာသည်သာ ဆင်ခြင်တုံတရားနှင့် ပြည့်ဝသည့် တစ်ခုတည်းသော အပြုအမူဖြစ်သည်

အခုဆောင်းပါးကို
ကိုရွာသားဘလော့မှ ကူးယူဖေါ်ပြထားပါတယ်။ မေတ္တာတရား လူတိုင်းထားနိုင်ပါစေ

Friday, September 7, 2007

စိတ်နှင့် စေတသိက် အမေးအဖြေ



ဗုဒ္ဓဘာသာဝင်တိုင်း သိသင့် သိထိုက်သည့် အဘိဓမ္မာအခြခံတချို့ကို မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ (အခြေခံ) Blog မှ ခွင့်ပြုချက်ဖြင့် အပတ်စဉ် ကူးယူဖေါ်ပြပါမယ်။ အခွင့်အခါကြုံတုံး Blog ဆိုက်ကို တည်ထောင်သူ ဦးမောင်မောင် (ဟံသာဝတီ) နဲ့ မမေဓါဝီတို့ကိုလည်း ကျနော်တို့ နှစ်ယောက်မှ ကျေးဇူးတင်ရှိ ကြောင်းပြောချင်ပါတယ်။

( ရွက်ဝါ ) မေး။ … ။ဆရာကြီးနဲ့ မရေ ... စိတ်ပိုင်း(၂) မှ (၄)ထိ အကုသိုလ်စိတ်(၁၂) ပါးအကြောင်း ဟောပြထားပါတယ်။ ကျွန်တော် နားလည်ထားတာက စိတ် ဆိုသည် သိခြင်းသဘော ဖြစ်သည်။ စေတသိက် သည် စိတ်ကိုပြုပြင်သည့် အကြောင်းတရား အနေနဲ့ သိမှတ်ဖူးပါတယ်။ စိတ်ကို အခုလို ရေတွက်လို့ ရ၊ မရ ကျွန်တော်နားမလည်ပါ။ အရှင်ဇနကာ ဘိဝံသ၏ တစ်ဘ၀သံသရာ ထဲတွင် အကုသိုလ်စေတသိက်(၁၄) ပါး ရှိကြောင်း မှတ်သားရပါသည်။ ဒါကြောင့် အကုသိုလ်စိတ်(၁၂)ပါး နဲ့ အကုသိုလ်စေတသိက်(၁၄) ပါး မည်သို့ ကွာခြားသည်ကို ကြားနာလိုပါသည် ဆရာကြီးခင်ဗျား။

(မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ) ဖြေ။ … ။ စိတ်ဆိုတာ အာရုံကို သိခြင်းသဘော ဖြစ်တယ်ဆိုတာ မှန်တယ်။ စေတသိက်ဆိုတာ စိတ်ကိုမှီတွယ်ပြီး စိတ်ကို ချယ်လှယ်တတ်တဲ့ သဘောဖြစ်တယ်။ အာရုံကိုသိခြင်းသဘောရှိတဲ့ စိတ်ကို စေတသိက်တွေက ၀င်ပြီး ချယ်လှယ်ကြလို့ စိတ် အရေအတွက် အမျိုးမျိုး ကွဲပြားသွားရတယ်။ ပရမတ္ထသံခိပ်ကျမ်းမှာ လယ်တီဆရာတော်ဘုရားကြီးက စေတသိက်သဘောကို …“စိတ်၌ မှီတွယ်၊ စိတ်ကိုချယ်၊ ငါးဆယ်နှင့်ဒွိက်၊ စေတသိက်” လို့ ရေးထားတယ်။ စေတသိက် သဘောဟာ စိတ်ကိုလည်း မှီတွယ်တယ်၊ စိတ်ကိုလည်း ချယ်လှယ်တယ်၊ အရေအတွက်က ၅၂-ပါး ရှိတယ်ဆိုတာကို လင်္ကာလေး စီထားတာဖြစ်တယ်။ ဥပမာပေးရရင် စိတ်ဟာ ကြည်လင်တဲ့ရေနဲ့ တူတယ်။ စေတသိက်က ဆေးရောင်အမျိုးမျိုးနဲ့ တူတယ်။ ကြည်လင်တဲ့ရေထဲမှာ အနီရောင်ဆေးထည့်လိုက်ရင် ရေနီ လို့ ခေါ်ရတယ်၊ အပြာရောင်ဆေး ထည့်လိုက်ရင် ရေပြာ လို့ခေါ်ရတယ်။ အဲဒီတော့ ဆေးရောင်အမျိုးမျိုးကြောင့် ရေရဲ့အခေါ်အဝေါ် အမျိုးမျိုးခေါ်ဆိုရသလို စိတ်မှာ လောဘစေတသိက် ယှဉ်လိုက်ရင် လောဘစိတ် လို့ခေါ်ရတယ်။ ဒေါသစေတသိက် ယှဉ်လိုက်ရင် ဒေါသစိတ် လို့ခေါ်ရတယ်။ စေတသိက်အမျိုးမျိုး ချယ်လှယ်ခံရတာကြောင့် စိတ်တွေလည်း အမည်အမျိုးမျိုး ကွဲပြားကုန်တယ်။အကုသိုလ်စိတ်မှာ လောဘစေတသိက် အချယ်လှယ်ခံ (အခြေခံ) စိတ်က ၈-ပါး၊ ဒေါသစေတသိက် အချယ်လှယ်ခံ (အခြေခံ) စိတ်က ၂-ပါး၊ မောဟစေတသိက် အချယ်လှယ်ခံ (အခြေခံ) စိတ်က ၂-ပါး၊ စုစုပေါင်း ၁၂-ပါး ဖြစ်သွားရတယ်။ ကုသိုလ်စိတ်ဆိုရင်လည်း ကောင်းတဲ့စေတသိက်တွေဖြစ်တဲ့ အလောဘစေတသိက်၊ အဒေါသစေတသိက်၊ အမောဟစေတသိက် အစရှိတဲ့ စေတသိက်ကောင်းတွေက ချယ်လှယ်တယ်။လောဘ၊ ဒေါသ အစရှိတဲ့ စေတသိက်တွေက ချယ်လှယ်ရင် အပြစ်ရှိတဲ့ အကုသိုလ်စိတ်ဖြစ်ပြီး အလောဘ၊ အဒေါသ အစရှိတဲ့ စေတသိက်ကောင်းတွေ ချယ်လှယ်ရင် အပြစ်ကင်းတဲ့ ကုသိုလ်စိတ် ဖြစ်သွားတယ်။ ဒီလိုပဲ စိတ်အရေအတွက်က ဘုံအလိုက်လည်း ကွဲပြားမှု ရှိတာကြောင့် စိတ်ပေါင်း ၈၉-ပါးထိ ဖြစ်သွားတယ်။ ဘုံအလိုက် ခွဲခြားရေတွက်ရင် … ကာမဘုံမှာ အဖြစ်များတဲ့ စိတ်ပေါင်း ၅၄-ပါး၊ ရူပဘုံမှာ အဖြစ်များတဲ့ စိတ်ပေါင်း ၁၅-ပါး၊အရူပဘုံမှာ အဖြစ်များတဲ့ စိတ်ပေါင်း ၁၂-ပါး၊ကာမ၊ ရူပ၊ အရူပ ဆိုတဲ့ လောကသုံးပါးမှ လွန်မြောက်တဲ့စိတ် (လောကုတ္တရာစိတ်) ပေါင်း ၈-ပါး၊စုစုပေါင်း … စိတ် ၈၉-ပါး ဖြစ်လာတယ်။ အဲဒီစိတ် အားလုံးဟာ အရေအတွက် များသော်လည်း အာရုံကို သိခြင်းသဘော တခုပဲ ရှိတယ်။ စိတ်ကိုအပြစ်ရှိအောင် ချယ်လှယ်တတ်တဲ့ အကုသိုလ်စေတသိက် ၁၄-ပါး ဆိုတာက …
၁။ မောဟ (အာရုံ၌ တွေဝေခြင်း)၊
၂။ အဟိရိက (မကောင်းမှုပြုရန် မရှက်ခြင်း)၊
၃။ အနောတ္တပ္ပ (မကောင်းမှုပြုရန် မကြောက်ခြင်း)၊
၎။ ဥဒ္ဓစ္စ (အာရုံ၌ ပျံ့လွင့်ခြင်း)၊ … အဲဒါက မောဟ အုပ်စု ၄-ပါး။
၅။ လောဘ (အာရုံကို တပ်မက်မှု)၊
၆။ ဒိဋ္ဌိ (အယူ အမြင်မှားမှု)၊
၇။ မာန (ထောင်လွှားမှု)၊ … အဲဒါက လောဘ အုပ်စု ၃-ပါး။
၈။ ဒေါသ (ကြမ်းတမ်း ပြစ်မှားမှု)၊
၉။ ဣသာ (မနာလိုမှု)၊
၁၀။ မစ္ဆရိယ (၀န်တိုမှု)၊
၁၁။ ကုက္ကုစ္စ (နောင်တ တဖန် ပူပန်မှု)၊ … အဲဒါက ဒေါသ အုပ်စု ၄-ပါး။
၁၂။ ထိန (စိတ်ထိုင်းမှိုင်းမှု)၊
၁၃။ မိဒ္ဓ (စေတသိက် ထိုင်းမှိုင်းမှု)၊ … အဲဒါက တစု။
၁၄။ ၀ိစိကိစ္ဆာ (ရတနာသုံးပါး ကံ ကံ၏ အကျိုးကို တွေးတော ယုံမှားမှု) အဲဒီ ၁၄-ပါးက စိတ်ကို သက်ဆိုင်ရာ အစုလိုက် အစုလိုက် ယှဉ်တတ်ကြတယ်။ အဲဒီ ၁၄-ပါး ကြောင့် အကုသိုလ် စိတ် ၁၂-ပါး ဖြစ်သွားရတယ်။ ဒီလောက်ဆိုရင် စိတ် နဲ့ စေတသိက် ကွဲပြားလောက် ပြီလို့ ထင်ပါတယ်။ မရှင်းတာရှိရင် ထပ်မေးပါ။ စေတသိက် အကြောင်းက စေတသိက်အပိုင်းမှာ ပြောပြဦးမှာမို့ လောလောဆယ် ဒီလောက်ပဲ ရှင်းပြပေးတာဖြစ်ပါတယ်။)

Saturday, September 1, 2007

ဘုရားဖူးငါးကြီးများ

ဝါဆိုလပြည့်ကျော်(၁)ရက် နေ့မှ သီတင်းကျွတ် လပြည့်ကျော်(၁)ရက်နေ့အထိ ၀ါတွင်းသုံးလတာ ကာလတွင် ရဟန်းသံဃာများသည် ရပ်ဝေးသို့ မသွားကြရပါ၊ သွားဖို့ကိစ္စများ ရှိနေပါက ၀ါပန်ပြီး သွားလာကြရပါသည်။ ဗုဒ္ဓဘာသာဝင် များအနေဖြင့်လည်း ဒီဝါတွင်းကာလတွင် ဥပုသ်သီလ ဆောက်တည်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပါသည်။ ၀ါတွင်းကာလသည် တနှစ်တာ၏ ထူးခြား ထူးမြတ်သောကာလဖြစ်ပါသည်။ ဤသို့ ထူးခြားချက်များအနက် မကွေးတိုင်း၊ ပွင့်ဖြူမြို့ နယ်၊ ကျောင်းတော်ရာ ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီးသို့ ဘုရားဖူး၊ ဥပုသ်သီလ စောင့်ယူကြသော ငါးကြီးများသည် အံ့သြဆန်းပြားဖွယ် ဖြစ်ပါသည်။


ဤငါးကြီးများကို ၀ါဆိုလပြည့်နေ့တွင် ရဟန်းသံဃာများနှင့် လူကြီးများက မုန်းချောင်းနှင့် ဧရာဝတီမြစ် ဆုံရာဒေသတွင် သွားရောက်၍ ကြိုဆိုကြရပါသည်။ ကြိုဆိုကြသော မော်တော်ယာဉ်များ ရောက်၍ မောင်းထုလိုက်ပြီဆိုလျှင် ငါးကြီးများက သူတို့ကိုယ်လုံးကိုဖော်ပြ၍ ရောက်ရှိကြောင်း အချက်ပြပါသည်။ ငါးကြီးများရောက်ရှိကြောင်း သိရလျှင် ကြိုဆိုသော ယာဉ်များသည် ကျောင်းတော်ရာဘုရား အရှေ့ ဘက် (၅) ဖာလုံ အကွာရှိ မုန်းချောင်းတွင် ရှိသော ဘုရားဖူးငါးများ အစာကျွေးဆိပ်သို့ ပြန်လည်မောင်းနှင် ကြပါသည်။ ငါးကြီးများကလည်း မော်တော်ယာဉ် များနှင့် အတူ လိုက်ပါလာကြပါသည်။ ထို့ကြောင့် ၀ါတွင်းကာလတွင် ကျောင်းတော်ရာ စေတီတော်မြတ်ကြီးကို ဘုရားဖူးလာကြရင်းနှင့် ငါးကြီးများအား အစာကျွေးသော ပရိတ်သတ်မှာ အလွန်များပြား စည်ကားလှပါသည်။ ဘုရားပရိတ်သတ်တို့သည် ကုန်းကြောင်းအပြင် မုန်းချောင်းအတွင်း ရေကြောင်းမှ လည်း လာရောက်ကြပါသည်။


ဘုရားငါးကြီးများသည် ကောင်အရေအတွက် အားဖြင့် မည်ရွေမည်မျှဟု ရေတွက် မရပါ များပြားလှပါသည်။ ယင်းငါးကြီးများသည် ၀ါထပ်ရက်များကိုသိရှိကြပါသည်။ ၀ါတွင်းကာလ၌သာ ဘုရားဖူးလာကြပါသည်။ ၀ါမထပ်လျှင် ပထမ ၀ါဆိုလပြည့်နေ့ရောက်၍ ၀ါထပ်လျှင် ဒုတိယ၀ါဆို လပြည့်နေ့မှ ရောက်၍ သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့တွင် ပြန်ကြပါသည်။

၎င်းငါးများသည် အကိုင်လည်းခံပါသည်။ ပါးစပ်ထဲလက်သွင်း၍ အစာခွံလျှင် လက်နုတ်မှ အစာဝါးပါသည်။ ကလေး၊ လူကြီးများ ငါးစာကျွေရင်း ရေများနှင့် ခြေချော်၍ ငါးအုပ်ထဲကျသွားသော်လည်း မည်သို့ မျှအန္တရယ်မပြုပါ။ ဆူးတောင်များရုပ်ထား၍ သူတို့ကိုယ်လုံးများဖြင့် ခံထားတတ်ကြပါသည်။ အချို့ ပုဂ္ဂိုလ်များသည် ရေခါးလောက် နက်သည့် တိုင်အောင်ဆင်း၍ ငါးအုပ်ထဲ တွင် အစာကျွေးကြပါသည်။ အချို့ ငါးပေါသော အောက်ပြေအောက်ရွာဒေသနေ ပုဂ္ဂိုလ်များ နှင့် နိုင်ငံခြားသားတို့သည် ရေရှင်၌ ၀ါ- စီးဆင်းနေသော မြစ်ချောင်းတွင်း၌ နေသော ငါးများအားခေါ်၍ အစာကျွေးလို့ရသည်။ အချိန်မှန်မှန် ၀ါတွင်းကိုသိ၍ လာသည် ဆိုခြင်းကို မယုံ၍ ကိုယ်တိုင်လာရောက်ပြီးလေ့လာ ကြရာတွင် တွေ့မြင်သွားမှ ယုံကြည် သွားကြလေသည်။

ရှေးမြန်မာဘုရင်များ လက်ထက်အခါက ဘုရားဆရာတော်သည် ဘုရားကြီးများအနက် ငါးကြီးတစ်ကောင်အား ဦးခေါင်းတွင် ရွှေချလွှတ်လိုက်ရာ နှစ်ပေါင်းအတန်ကြာ ဆက်၍ ပါလာသည်ကို တွေ့မြင်ကြရပါသည်။

ယင်းငါးများသည် ရှေးအခါက ၄င်းတို့ ၀င်ချိန် ထွက်ချိန်တွင် မုန်းချောင်း အတွင်း ငါးဖမ်းပိုက်များချထားလျှင် ဘုရားဆရာတော်ထံ အိပ်မက်ပေး၏။ ထိုအခါ ဆရာတော်သည် လှေနှင့် စုန်ဆင်း၍ ပိုက်များကို ရှင်းလင်း ဖယ်ရှားပေးရပါသည်။

ယင်းငါးကြီးများသည် အမျိုးအစားအားဖြင့် ငါးထွေများဟု ခေါ်ဝေါ်ကြပါသည်။ သို့သော် မြစ်ထဲမှ ရိုးရိုးငါးထွေများနှင့် မတူပါ၊ ယခုငါးများမှာ ဦးခေါင်းရှည်၏၊ ညှီစော်မနံ၊ အခြားမျိုးကွဲ ငါးများ လုံးမပါဝင်ပေ၊ အရောင်အဆင်း ဆွတ်ဆွတ်ဖြူ၏။ ( ကြွေရောင်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော ငါးတစ်ကောင်ပင် ပါဝင်၏။) ယင်းဘုရားငါးများသည် အချိန်အခါကို သိ၍လာပြီး ဘုရားကမ်းဘက်မှာသာ အစာစားကြပါသည်။ ဘုရားငါးများကို မဖမ်း မသတ်ဝံ့ကြပါ ( သတ်မိလျှင် ဒုက္ခရောက်ကြရ၏) တံငါသည်များပင် ဘုရားငါးမိလျှင် ပြန်လွှတ်ကြပါသည်။ အလွှတ်လျှင် မွဲတေ ဒုက္ခရောက်၏ဟု အယူရှိကြပါသည်။ တကယ် ဆင်းရဲ မွဲတေ၍ အသေဆိုးနှင့် သေကြသော သူများလည်းရှိခဲ့ကြပါသည်။

ယင်းငါးကြီးများသည် မည်သည့်ဒေသကလာလို့ မည်သည့်ဒေသသို့ ပြန်သည် မည်သည့်ဒေသတွင် နေထိုင်သည်ကို မည်သူတစ်ဦးကမှ မသိရှိပေ။ ၀ါတွင်းကာလတွင် ကျောင်းတော်ရာ ဘုရား၌သာ ရှိကြပြီး ပြန်သွားသောအခါ မြန်မာတပြည်လုံး မည်သည့် နေရာမှ မပေါ် မတွေ့ ရတော့ပါ။

အချို့ သုတေသီပုဂ္ဂိုလ်များတို့သည် ရွှေစာရံဘုရား၊ ရွှေအင်းတော်ဘုရားများ၌ ၄င်းငါးကြီးများ ပေါ်သည်ကြား၍ သွားရောက်လေ့လာကြရာ ထိုငါးများသည် ငါးမြင်း၊ ငါးတန်၊ ရိုးရိုးမြစ်ငါးများသာဖြစ်ကြ၍ ငါးစုံ ရောနှောပေါ်ကြောင်း သိခဲ့ရပြီး ဤကျောင်းတော်ရာငါးများ နှင့် လုံးဝမတူကြောင်းသိခဲ့ကြရပါသည်။

မည်သည့်ကာလ မည်သည့် အချိန်မှ စ၍ ဤငါးများ လာကြသည်ဟု မည်သူတဦးတယောက် ကမျှ မပြောနိုင်သောကြောင့် ဘုရားကြွစဉ် အချိန်နှင့် တပါးတည်း ငါးများပါ ဘုရားဖူးလာကြသည်ဟု ယူဆရန် ရှိနေလေတော့သည်။

ဤကဲ့သို့ ရေရှင် ၀ါ- စီးဆင်းနေသော ရေ၌နေသော ဟိတ်တိရစ္ဆာန် ငါးသတ္တ၀ါများသည်ပင် အချိန်မှန်မှန်လာ ၍ ၀ါတွင်းကာလ ဘုရားဖူးကြခြင်းမှာ မြန်မာပြည်တွင် ဤကျောင်းတော်ရာ စန္ဒကူးနံ့သာစေတီတော်ကြီး တဆူသာ ရှိနေသောကြောင့် အလွန်ထူးခြားလွန်ကဲ ၍ တန်းခိုးတော်ကြီးမြတ်သော ဘုရားတစ်ဆူပင် ဖြစ်ပါတော့သည်။

ဘုရားဖူးငါးများ၏ ထူခြားမှုအဖြာဖြာ အံ့ဖွယ်ရာ

၁။ နှစ်စဉ်နှစ်တိုင်း ၀ါထပ်၊ မထပ်ကို သိ၍ ၀ါဆိုလပြည့်မှာသာ လာရောက်ကြ ၍ ၀ါကျွတ်မှ ပြန်ကြခြင်း။
၂။ မုန့်၊ ဖွဲ့နု၊ ပေါက်ပေါက်ဆုပ် စသော အသက်လွတ် အစားအစာများကိုသာ ကျွေးရခြင်း။
၃။ မုန်းချောင်းအတွင်း ဘုရားဘက်ကမ်းမှ သာ အစာကျွေးရခြင်း။
၎။ မြစ်၊ ချောင်းတွင်းနေသော ငါးများဖြစ်သော်လဲ လူများကိုင်တွယ်ပွေ့ဖက် ၍ရခြင်း။
၅။ လူများငါးအုပ်တွင်းကျသွားသော်လည်း လုံးဝ အန္တရာယ်မပြုခြင်း။
၆။ ကျွေသားကဲ့သို့ လုံးဝဖြူဆွတ်နေသော ငါးများပင် ပါဝင်ကြလျက် အညှီနံ့ မရှိခြင်း၊ အခြားမျိုးကွဲငါးများလုံးဝ မပါခြင်း။
၇။ မည်သည့် ခုနှစ်ကာလက မည်သည့်အရပ်ကလာသည်ဟု မည်သူမျှ မပြောနိုင်ခြင်း။
၈။ ထို့ကြောင့် ဘုရားရှင်သည် ဤအရပ် စန္ဒကူုးနံ့သာကျောင်းတော်ကို ၀ါတွင်းကာလ၌ ရဟန္တာငါးရာနှင့် ကြွရောက်၍ (၇) ရက်သီတင်းသုံး၍ သတ္တ၀ါများအားတရားဟောချွေချွတ်သည်ဟု ကျမ်းဂန်မှာ ပါရှိသောကြောင့် ၀ါတွင်းကာလခြင်းတူနေသဖြင့် ဘုရားရှင်လက်ထက်ကတဲက လာနေကြသည်ဟု ယူဆရန်ရှိပေတော့သည်။
၉။ သို့အတွက် ဤကျောင်းတော်ရားဘုရား၏ တန်ခိုးတော်နှင့် ဘုရားငါးများ၏ ထူးဆန်းမှုတို့ ကား အံ့သြဖွယ်ရာများသာဖြစ်ပါတော့သည်။

မှတ်ချက် ။ ။ AFP သတင်း Giant 'pilgrim fish' disappear from river by Myanmar pagoda ခေါင်းစဉ်တွင် ရေးသားထားသည့် ဘုရားဖူးငါးများ ပေါ်မလာတော့ဘူးဆိုသည်မှာ မှားယွင်းကြောင်း ဒေသခံဖြစ်သူ ကိုရွာသားမှထံမှ ကြားသိရပါသည်။ ၀မ်းမြောက်ဖွယ်ပါ

ယခုဆောင်းပါးကို အစ်ကို villager Blog မှ ဗုဒ္ဓဘာသာဝင်များ စိတ်ကြည်နူးစေရန် ကူးယူဖေါ်ပြထားချင်း ဖြစ်ပါသည်။